Pages

Labels

Tuesday, July 31, 2012

ဧ၀တို့၏ ဒဿနများ

ဘုံဘုံ တော်တော် ပိန်သွားသည်။ အမြဲတမ်း ၀၀ဖြိုးဖြိုး ထောင်ထောင် မောင်းမောင်း သူငယ်ချင်း မလေးကို အခုလို သွယ်လျပိန်ကျ သွားတာ မြင်ရတော့ စိတ်ထဲ တစ်ခုခု လိုနေသလို ခံစားမိသည်။


“ပိန်သွားလိုက်တာ မိဘုံရယ်”


“ကောင်းတာပေါ့၊ ပိန်တော့ ပေါ့ပေါ့ပါးပါး ရှိတယ်”


ဖျတ်ခနဲ တုံ့ပြန်တတ်တဲ့ ဉာဉ်လေး ကတော့ မပျောက်မပျက် ရှိနေဆဲ ပါလားမိဘုံ။ စိတ်ထဲမှာ မေးချင်သည့် စကားတွေ အများကြီး ရှိသည်။ မေးလို့ မထွက်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဖြစ်နေမလား စိုးရိမ်ကာ သူ့မျက်လုံးမှ တစ်ဆင့် ရင်ထဲထိ မြင်သာမလား မှန်းကြည့်မိသည်။


မိဘုံက လူလည်မ။ ကြည့်နေမှန်း သိနေကာ မျက်လုံးချင်း ဆုံခွင့်ကို မပေးဘဲ ရေထသောက် လိုက်၊ အဲယားကွန်း ထဖွင့်လိုက်၊ သူ့ စလင်းဘက် ဖွင့်ကာ ဘာတွေ ထုတ်ကြည့်မှန်း မသိ ထုတ်ကြည့်လိုက်နှင့် ရှောင်လွှဲနေသည်။


မိဘုံရယ် နင် ဘယ်လောက်ထိ နေနိုင်မှာ မို့လဲ။ သက်ပြင်းဖွဖွ ချလိုက်ရင်း အခန်းထဲ ခပ်တိုးတိုး ဖွင့်ထားသော ဇော်ဝင်းထွဋ် သီချင်းကို အသံနည်းနည်း မြှင့်လိုက်သည်။ “အဆိုးများ ထဲက အကောင်းလေး တစ်ခုတော့ ရှိနိုင်တယ်။ အမြဲတမ်း ကြီးတော့ ဆိုးမနေ ပါဘူးကွယ် ဘေး ပယောဂကြောင့် နောက်ဆုတ်ရမယ့် အဖြစ်မျိုးလား ကိုယ်မယုံ ပါဘူး ချစ်သူရယ် ခါးခါးသီးသီး ပြောရက်လိုက်တဲ့ သူ့စကားများ” မြတ်စွာဘုရား။ လန့်ဖျပ်သွားသော ရင်ခုန်သံကို ပြန်ထိန်းရင်း မိဘုံကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူထလိုက် သည်မှာ သည်မျှထိ ကြမ်းပုံ မရပါ။ ထလိုက်သည့် အရှိန်ကြောင့် လှုပ်ခါ ယမ်းသွားသော ကုလားထိုင်က စားပွဲကိုထိ၊ စားပွဲ၏ လှုပ်ခါမှုက စားပွဲ ပေါ်တင်ထားသော ရေတကောင်းနှင့် ရေဖန်ခွက်ကို ချလွင် ချလွမ်တွေ မြည်စေကာ ပိုမိုကြမ်းတမ်း သလို ဖြစ်သွားသည် ထင်ပါရဲ့။ သူ သီချင်းကို ဘာလို့များ ထပိတ်လိုက်တာ ပါလိမ့်။


“နင် ဘာဖြစ်တာလဲ မိဘုံ”


“ငါ မခံစား နိုင်ဘူး မိခက်၊ ခုချိန်မှာ ဒီလို သီချင်းတွေ ငါ မကြားချင်ဘူး”


“ဟင် နင်ပဲ ဇော်ဝင်းထွဋ် ကြိုက်လှ ချေရဲ့ဆို”


“လူတွေက ကိုယ်မဟုတ်တာ လုပ်ပြီးရင် ဘေး ပယောဂတွေ ဘာတွေ သိပ်ပြောတာပဲ၊ တကယ်တော့ ကိုယ့်လုပ်ရပ် မဟုတ်မှန်း သိသိကြီးနဲ့ လုပ်ကြတာ၊ ယုတ်မာကြတာ၊ စုတ်ပဲ့ကြတာ”


ပြောရင်းနှင့် အသံတွေ သိသိသာသာ တုန်ခါလာကာ ရှိုက်ငင်တကြီး ငိုချလိုက် တာများ ၀မ်းနည်းပက်လက် ရှိလွန်း လှချေရဲ့။ သူငယ်ချင်း ဆိုတာ အသည်း နှလုံးချင်း ဆက်နေသလား။ သူ့ကိုကြည့်ကာ ကိုယ်တိုင်ပါ မျက်ရည်တွေ တွေတွေကျလို့ လာတော့သည်။


“ငါ သူ့ကို ကွာရှင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ မိခက်”


အိုး၊ ဗလုံးဗထွေး ရှိုက်ငင်တကြီး ပြောသံ ဖြစ်သော်ငြား လုံးဝနားကြား မလွဲလိုက်ပါ။ ချက်ချင်းကို မျက်လုံးထဲ ပြေးမြင် လိုက်တာက သားလေးနှင့် မီးငယ်လေး၏ ချစ်စဖွယ် ပုံရိပ်လေးများ ဖြစ်သည်။ မိဘုံရယ် နင်လုပ်ချင်တိုင်း လုပ်လို့ ဖြစ်မတဲ့လား။


“မိဘုံ၊ နင် စိတ်လျှော့မှ ရမယ်နော်၊ မီးငယ်လေး သူ့အဖေကို ဘယ်လောက် ချစ်တယ်ဆိုတာ နင်အသိဆုံး”


“ငါသိတယ်၊ မီးငယ်လေးက ငါ့ထက် သူ့အဖေကို ပိုခင်တွယ်တယ်၊ သားကြီးက သူ့အဖေကို ငါ့ထက်ပို အားကိုးတယ်”


ပြောနေရင်း မှာပင် ခုန ကရှိုက်ငင် တကြီး ငိုကြွေးခဲ့ သူမှာ သူ မဟုတ်သလို မိဘုံ ဣနြေ္ဒ ဆယ်နိုင်ခဲ့ပြီ။ မျက်နှာပေါ်မှ မျက်ရည်အကြွင်း အကျန်များကို တစ်ရှူးဖြင့် ကုန်စင်အောင် သုတ်ရင်း နဂိုနေ မျက်နှာထား ရောက်အောင် ဖန်တီး ယူခဲ့လေပြီ။ ဒါမှ မိဘုံ ၏ ပုံရိပ်စစ်စစ် ဖြစ်လေ၏။ ရယ်စရာ ရှိလျှင် အူလှိုက် သည်းလှိုက်ရယ်၊ ရင်ထဲရှိတာ မှန်သမျှ ဟန်မဆောင် တတ်ဘဲ လှစ်ဟပြသူ၊ သူ့ အပေါ် တစိုးတစိ စော်ကား မော်ကြွားပြီဟု ယူဆလျှင်တော့ သဲကြီးမဲကြီး တုံ့ပြန် တိုက်ခိုက်တတ်သူ။ ဒီသူငယ်ချင်းမဟာ ခုဘာတွေ လုပ်ခဲ့၊ ဘာတွေ ဆုံးဖြတ်ခဲ့ ပြီးပါလိမ့်။


“ဘုံ၊ နင် တကယ် ဆုံးဖြတ် လိုက်တာလား၊ စဉ်းစားပါဦးဟယ်”


“နင် ဘာကို စိုးရိမ် နေတာလဲ မိခက်”


“ဟင်း ဟင်း” ဘုံ နာကျင်ခံခက် ဟန်ဖြင့် ရယ်လေသည်။ နားမလည်ပါ။ ရယ်စရာ မပါသော စကား တစ်ခွန်းကို မိဘုံဘာကြောင့် ရယ်နေပါလိမ့်။ ပြီးတော့ ခပ်တိုးတိုး ဆိုလေတာက “နင် တကယ် စိုးရိမ်သင့်တာ ငါ့ကို”တဲ့လေ။ ဘာလဲ။ ဘာတွေ ပြောနေတာလဲ။


“ဟုတ်တယ်၊ ငါ တကယ် ပြောနေတာ၊ နင် စိုးရိမ်ရမှာ ငါ့ကို၊ မီးငယ်လေးရော၊ သားကြီးရော သူ့အဖေ နောက်ကို ငါထည့်လိုက်မှာ၊ ငါက ငါက တစ်ယောက်တည်း ကျန်ခဲ့မှာ”


ကြားလိုက်ရသော စကား တစ်ခွန်းသည် စူးအောင့် နာကျင်စေကာ လူကို အံ့သြမှုကြောင့် ပက်လက်လန် မတတ် ဖြစ်စေ၏။ ဘယ်လို လုပ်လိုက်တာလဲ မိဘုံ၊ နင် ဘယ်လို စိတ်ထားမျိုးနှင့် သည်ဆုံးဖြတ်ချက် ချလိုက်တာလဲ။ မဒ္ဒီ ဒေ၀ီဟာ သူ့ သား၊ သမီးလေးတွေ ဖြစ်သည့် ဇာလီနဲ့ ကဏှာဇိန်ကို ပုဏ္ဏားဆီ လှူလိုက်တော့ သွေးမျက်ရည် ကျသတဲ့။ သွေးမျက်ရည်တဲ့။ နင် သည်အချိန်မှာ သည်စကားလုံး အပေါ် ပိုပြီးခံစား တတ်မှာပါဘုံ။ မိခင် တစ်ဦး၏ ရင်ကွဲ ဝေဒနာသည် မဒ္ဒီဒေ၀ီ တစ်ယောက်တည်းမှာ ရှိတာမှ မဟုတ်တာနော်။ ငါသိပါတယ် ဘုံရယ်။ နင့်ဆုံးဖြတ် ချက်က တစ်ဆိတ်လွန်လွန်း မနေဘူးလား။


“ငါ စဉ်းစားပြီးမှ ဆုံးဖြတ် လိုက်တာပါ။ သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခု အတွက် ငါလိုက်လျော ပေးလိုက်တယ်၊ ဒီအတွက် သားနဲ့ သမီးကိုလည်း သူ တာဝန်ယူ သင့်တယ်။ ငါက မှီခိုလေ၊ ဘာဝင်ငွေမှ မရှိဘဲ ကလေးတွေကို ဘယ်လို သွားစောင့်ရှောက် မလဲ၊ ဒါပေမဲ့ အချိန် တစ်ခုပါ ခက်ရယ်၊ ငါ သူ့ဆီမှာ ကလေးတွေကို ခဏလေး အပ်ထားခဲ့တာပါ၊ ငါ စင်ကာပူ ထွက်မယ်၊ ဟိုမှာ အခြေအနေ ကောင်းတာနဲ့ သားနဲ့ သမီးကို ခေါ်မယ်၊ ငါ့ ဘ၀အတွက် အရေးကြီးဆုံး ရတနာ လေးတွေအတွက် ငါ အစွမ်းကုန် ကြိုးစားမယ်၊ ခဏတော့ လှိမ့်ပိမ့် ခံရမှာပေါ့”


ဘယ်လောက်ပဲ မာန်တင်းသည် ပြောပြော အဖျားခတ် စကားသံ ကတော့ တုန်ခါ နေလေသည်။


“နင် ယောက်ျား မယူနဲ့နော် မိခက်၊ ယောက်ျားတွေ ဘာဆိုတာ ငါ သိသွားပြီ၊ နင့်ကို မသိစေ ချင်ဘူး”


ပြန်ခေါင်းညိတ်ပြ လိုက်မိသည် ထင်၏။ မသိချင်ပါ။ သိရအောင်လည်း အထူးတလည် တစ်ခါမှ မကြိုးစား ဖြစ်ခဲ့။ တစ်ယူသန် အစွန်းရောက် မဟုတ်သော်လည်း ကြောက်တတ်သည့် အထဲတော့ ကိုယ်ပါတာ သေချာသည်။ သည်ချိန်မှာ ဟိုးအရင် ကာလများ ဆီက မီးဖွားခန်းထဲ ၀င်ခါနီး အချိန်ထိ မောင်ရေ၊ မောင်ရေဟု တစာစာ အော်ကာ ပတ်ဝန်းကျင် မျက်စိနောက်အောင် လုပ်တတ်သူ မိဘုံလေးကို သတိရ မိပါသေးတော့။ သူတို့ ထိုအချိန်က တကယ်ချစ်ခဲ့ မြတ်နိုးခဲ့ ကြတာပဲဆိုတာ သေချာ ခဲ့ပါသည်။ ယောက်ျားတန်မဲ့ ရုပ်ရည်ချောမော လှပလွန်းသူ တစ်ယောက်ကို မိဘုံ၏ ချစ်သူအဖြစ် သူတို့ သိခဲ့ချိန် မှာ သူငယ်ချင်းတွေ အားလုံးက မိဘုံတစ်ယောက် ကံထူး လှချေရဲ့ပေါ့။ သူတို့နှစ်ယောက် နှစ်ကိုယ်တူ ဘ၀ ထူထောင်ချိန်၏ အိမ်ထောင်ဦး ကာလများမှာလည်း သဲရေ၊ မောင်ရေဆိုသည့် အဖြစ်ကို နားရှက်ရှက်နှင့် နားထောင်ကြကာ သူတို့ အိမ်ခန်းကျဉ်းလေးထဲ သူငယ်ချင်းတွေပါ အတူရော ပျော်ခဲ့ကြဖူးသည်။ ဒါတွေသည် အခုတော့ ပယောဂ နှောက်လေပြီလား။


မိဘုံ အမျိုးသား၏ ရုပ်ရည်ချောမော ခံ့ညားမှုဟာ သူတို့ အိမ်ထောင် ပြိုကွဲမှု၏ ပယောဂ နံပါတ်တစ်လား၊ အိမ်ထောင်သည်ပါ ဆိုခြင်းကို ပြောထားရက်၊ သိထားရက်နှင့် ရုပ်ရည် တစ်ခုကိုသာ ကြည့်ပြီး လှုပ်ခတ်လာသော မိန်းမရိုင်း လေးဟာ ပယောဂ နံပါတ်နှစ် လေလား။


“နင် ဒီသတင်းတွေ ကြားထားတာ ကြာပြီပဲ မိဘုံ၊ ခုမှ ဘာလို့ ရုတ်တရက်ကြီး ပြတ်သား သွားရတာလဲ”


“မနေ့က သားကြီး ဖျားနေတယ်၊ သူက နိုက်ဂျူတီ ရှိတယ်၊ ခွင့်ယူ လိုက်ပါဆိုတော့ သူကလည်း အေးအေးဆိုပြီး အိမ်မှာပဲ ရှိနေတယ်။ အဲဒါ ဟိုတစ်ယောက်က တိုက်အောက်ထိ ကားနဲ့ လိုက်လာတယ်လေ။ သူ့ကို ဆင်းခဲ့ဖို့ ဖုန်းဆက်ခေါ်တယ်။ ငါလည်း ဒေါသတွေ အရမ်းထွက်ပြီး လှေကားကနေ ဆင်းချသွားတာ လှေကား ထစ်တွေတောင် ဘယ်လို ကျော်မိမှန်း မသိဘူး။ ကားနားလည်းရောက်ရော ဘာမှ မမြင်တော့ဘူး။ ဆင်းခဲ့ဆိုပြီး ဆွဲထုတ် ပါးပိတ်ချ ပစ်လိုက်တော့ ရိုက်ပြီးတဲ့ အခါမှာ သွားပြီဆိုတာ ငါသိလိုက်ပြီ၊ ငါတို့ သားအမိ သုံးယောက်ရဲ့ ဘ၀ကို ဟိုမိန်းမက ပါးတစ်ဖက် အနာခံပြီး လဲသွားပြီ ဆိုတာလေ”


မိဘုံနှင့်သူ စကားတွေ အများကြီး ဆက်ပြောဖြစ်ကြ သေးသည်။ စကားတွေက တောင်ရောက် မြောက်ရောက်။ မဆိုင်သူတောင် လက်ရှိ အခြေ အနေကို စိတ်နှစ်၍ မရတာ။ မိဘုံတစ်ယောက် သူ့ခံစားမှု များကို ဘယ်လို ခက်ခဲစွာ ဖြတ်ကျော် နေပါလိမ့်။ သူ့ စင်ကာပူ ခရီးက အမြန်ဆုံး လွယ်ကူချောမွေ့ အဆင်ပြေမယ် ဆိုသည် တော့ သိနေသည်။ စင်ကာပူမှာ မိဘုံ အမျိုးတွေ အများကြီး။ ပြန်ခါနီး မှာတော့ မိဘုံက စကား တစ်ခွန်းကို သေချာ ပြောသွားခဲ့သည်။ “အချစ်ဆိုတာ လုံးဝယုံကြည် စရာ မရှိဘူး မိခက်”တဲ့။ မိဘုံ စကားကို ယုံကြည် ပေးလိုက်ရန် ခက်ခက်ဝေမှာ အခက်အခဲ မရှိခဲ့ပါ။


၂။


“အစ်မ၊ ညီမနဲ့သူ မနက်ဖြန် လက်မှတ် ထိုးကြမယ်”


ထမင်းဘူးထဲကို စားအံ့ဆဲဆဲ ထမင်းလုတ်ဇွန်း အသာ ပြန်ချမိသည်။ ပင်ကို မျက်နှာကျလေးမှာကိုက အပြုံးရိပ် ပါနေသော သူမ မျက်နှာလေးသည် အခုတော့ ပိုလို့တောင် ပြုံးနေပါပေါ့လား။ ဟုတ်ပါ့မလား။ သူလေးပျော်နေတာ အမှန်တကယ် ခံစားမှု ဟုတ်ပါ့မလား။


“ညီမ ဘယ်လိုမှ မခံစားရ ဘူးလားဟင်”


“သြော်- အစ်မကလည်း၊ သူနဲ့ညီမနဲ့ ဇာတ်လမ်းက ကြာပဲ ကြာလှပြီ ကောဟာ”


ဟုတ်တာပေါ့။ ဇနီးမောင်နှံ ဆိုသော်ငြား သီးသန့်စီ ခွဲနေ ဖြစ်ခဲ့သည်မှာ နှစ်ကာလ ကြာမြင့် လာချိန်တွင် နှစ်ဦးသား မသက်ဆိုင် တော့ပါ ဆိုသည်ကို အတည်ပြုမှု တစ်ခုလုပ်ရန် လိုအပ်သည်ပေါ့။ ရုံးတော်ကို နှစ်ကြိမ်မြောက် သွားရမည့် ခရီးသည် ပျော်စရာ မဟုတ် ဆိုသည်ကို တော့ ကာယံရှင် သူမ ကြိုတင် တွက်ဆပြီး ဖြစ်မှာပါ။


“အစ်မရယ်၊ အရင်က ဗေဒင်တွေ လက္ခဏာ တွေကို ညီမ မယုံတတ်ဘူး။ ကိုယ့်အိမ်ထောင်ရေး ဒီလိုဖြစ်သွား တော့မှ ကိုယ့်မှာ ဒီလိုကံ ပါလာတယ် ဆိုတာ ယုံသွားတယ်”။ ဒီညီမလေး တစ်ခါက ပြောဖူးတဲ့ စကားလေးတွေ။ သူပြောနေစဉ် အချိန်ထဲက မဟုတ် လိုက်တာလို့ ခါးသီး သွားမိပေမယ့် စောဒက မတက်ဖြစ်ခဲ့။ အကျိုး အကြောင်းမဲ့ ငြင်းခုံမှု တွေနဲ့ ညီမလေးနဲ့ သူ့ကြားဘာလို့ အမုန်းပွား မလဲ။ ကံဆိုတာ ပြုလုပ်ခြင်း ပါပဲ ညီမလေးရယ်၊ လူမနိုင် ကံပုံချ နေကြတာပါ လို့ဆိုရင် ညီမလေး ကြိုက်မည် မထင်ပါ။ ကံ တရားကြောင့်လို့ လွှဲချရင်း နဲ့ပဲ သူ့မှာ စိတ်ဖြေရာ ရပါစေတော့။


ဖြူစင် ငယ်ရွယ်သေးသည့် အချိန်မှာ ကတည်းက ချစ်သူ ဖြစ်ခဲ့ကြသော ညီမလေးနှင့် သူ့ချစ်သူသည် လူကြီးများ မျှော်လင့် ထားသည်ထက် စောစီးစွာ အိမ်ထောင် ပြုဖြစ်ခဲ့သည် ကလွဲပြီး သူတို့ တာဝန် သူတို့ ထမ်းခဲ့ကြ သည်ဟု ဆိုသည်မို့ သူတို့မှာ ဘာအပြစ်မှ ရှိမည် မထင်ပါ။ တာဝန်သိတတ် စိတ်ပူတတ်သည့် သီတာဆွေ လေးက သူ့အမျိုးသား ထက်ပိုပြီး ခက်ခဲ ပင်ပန်းစွာ ရုန်းကန် ခဲ့ရသည် ဆိုသော်လည်း သည်အချိန် ကာလတွေမှာ သူတို့ နှစ်ဦး၏ ပျော်ရွှင်စရာ အကောင်းဆုံး အချိန် ကာလများဟု ညီမလေး ပြောပြဖူး လေသည်။ မျက်လုံးထဲမှာ မြင်ယောင် ခံစား၍ ရပါသည်။ သေးသွယ်ပျောင်းနွဲ့ သလောက် စိတ်ဓာတ် ကြံ့ခိုင်သော ညီမလေးက အချစ် တွေ အားလုံး ပုံထားသော သူ့ အမျိုးသား လေးကို အစစ အရာရာ ဦးဆောင်လို့ နှစ်ဦး တစ်ဘ၀ ပုံရိပ်များ ကြည်နူးစရာ ဖြစ်ခဲ့ကြ လိမ့်မည်။ ဒါတွေဟာ တစ်သက်တာ ခိုင်မြဲ လိုက်ပါတော့လားကွယ်။


“သူ စစချင်း မူမမှန် တော့တာ ညီမသိတယ်၊ သိလို့လည်း တားတယ်။ အရမ်း ထူးဆန်းတယ် အစ်မရဲ့။ ညီမက ဒီကိစ္စကို စိတ်ပူစရာ ကိစ္စလို့ မထင်မိဘူး။ မထင်တတ် တာလည်း ဖြစ်မှာပါ၊ ငယ်လည်း ငယ်သေးတာကိုး။ သူ့ကိုလည်း စိတ်မဆိုးဘူး။ သတင်းတွေ ကြားနေတယ်၊ ဆင်ခြင်ပါ ဒီလောက်ပဲ ပြောဖြစ်၊ တားဖြစ်တာ။ တဖြည်းဖြည်းနဲ့ သူက ပိုပို ဆိုးလာတာ၊ ဟိုဘက်ကို စိတ်ကယိုင် နေတော့ ညီမကို သူက အနှောင့်အယှက် တစ်ခုလို့ မြင်လာတယ်။ နောက်ပိုင်း သူ့ စိတ်ထွက်ပေါက် အဖြစ် ညီမကို ကိုယ်ထိလက်ရောက် နှိပ်စက်တဲ့ သဘောတွေ ဖြစ်လာတယ်။ တစ်ခါများ သူပေါက် ထည့်လိုက်တဲ့ ပန်းအိုးက ညီမကို မထိလို့ပေါ့ အစ်မရယ်၊ ထိများထိရင် အသေပဲ၊ အဲတော့မှ တဖြည်းဖြည်း လန့်လာတာ၊ သူဘာဖြစ် သွားတာလဲ ဆိုတာကို အခုအချိန် မှာ အေးအေးဆေးဆေး ပြန် တွေးကြည့်မိတယ်။ ကြည့်ရ တာ ညီမတို့ ရုန်းကန်ရတာကို သူ လန့်သွားတာလား မသိဘူး။ လန့်ရအောင်လည်း ညီမပဲ အစစ အနာ ခံခဲ့တာပါ အစ်မရယ်၊ သူ့ကို မင်းသားလေးလို ကြော့ကြော့လေး ထားတာပါ”


ဒါတွေသည် ညီမလေး စိတ်လို လက်ရရှိလျှင် ပြောပြတတ်သည့် စကားလေးတွေ။ သူ့စကား များကို အကြွင်းမဲ့ ယုံကြည်နေမိသည်။ သေးသွယ် ပျောင်းနွဲ့သလောက် စိတ်ဓာတ် မာကျောသည့် ကောင်မလေး ဆိုသည်ကို လုပ်ငန်းခွင် တစ်ခုတည်း အတူ လုပ်သူမို့ သတိထား ဖြစ်ခဲ့သည်မှာ ကြာပြီ။ လုပ်ငန်းတာဝန် တစ်ခုကို ပေးလိုက်ပြီဆို မပြီးမချင်း ဇွဲခတ်လုပ် တတ်သည်များ သူ့မှာ အချိန် နာရီမရှိ၊ စားချိန်သောက်ချိန် မရှိ။ လူလေးက သေးသလောက် လူထက် နှစ်ပြန်မက ကြီးသည့် စကားလုံး များနှင့် အတွေး အခေါ်တွေ မြင့်မားတတ်သည့် ကလေးမလေးက သူများကို မှီခိုမည့်သူ မဟုတ်ဆိုတာ သေချာသည်ထက် ပိုသေချာလို့ နေပါသည်။


“အစ်မရေ၊ ညီမစိတ်က အရမ်း အံ့သြဖို့ ကောင်းတယ်၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးတွေ အကုန်လုံးက ဒီကောင် သိပ်လွန်နေပြီ။ နင် ငြိမ်ခံမနေ နဲ့တော့လို့ ပြောတုန်းကတော့ ကိုယ့်ဘက်က သည်းခံနိုင် စွမ်းအား ရှိသေးတယ် ဆိုပြီး အေးအေးပဲ၊ လစ်မစ်လည်း ကုန်ရော ကိုယ့်အထုပ် ကိုယ်ဆွဲပြီး အိမ်ပေါ်က ဆင်းလာလိုက်တာ တစ်ချက် လှည့်မကြည့်တော့ ဘူးနော်အစ်မ။ ကြည့်ချင်စိတ်ကို မရှိတော့တာ”


ဖြစ်နိုင်ပါသည်။ သူလေး၏ ယခုလက်ရှိ ခံစားမှုသည် လက်တွဲခဲ့ ဖူးသူနှင့် ပတ်သက်လျှင် ရေခဲတမျှ အေးစက်ပြတ်သား နေပြီ ဆိုတာကို အနီးကပ် နေသူမို့ သိနေခဲ့သည်။ သူ့ဘ၀ ဖြစ်စဉ်ကို ပြန်လည် ပြောပြသည့် အခါတိုင်း ပုံပြင်တစ်ပုဒ် ပြောပြ နေသလို အသံ အတက်အကျ အနိမ့် အမြင့်နှင့် ပုံပြောကောင်းသူ တစ်ယောက် အဖြစ်သာ မြင်မိသည်။ ပုံပြင် ဆုံးသည်နှင့် ရွှင်လန်းသော မျက်နှာပေး အပြုံးမျက်နှာ သွက်လက်သော လှုပ်ရှားမှု တို့က လက်ရှိဘ၀ သည်သာ သူ့အာရုံ ၀င်စားရာ၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့သည့် စိတ်ဓာတ် ပြတ်သားသည့် မိန်းကလေး တစ်ဦး၏ ဟန်ပန်အပြည့်။


အံ့သြစရာ ကောင်းသည့် အချက်ကတော့ သူတို့ ခွဲခွာနေခဲ့ ကြချိန် ကတည်းက စပြီး အခု အချိန်ထိ သီတာဆွေ့ အမျိုးသားသည် ဘယ်အမျိုး သမီးကိုမှ တရားဝင် လက်ထပ်ခြင်းမျိုး မပြုခဲ့ ပါတဲ့လေ။ ဒါဟာ အတော့်ကို အံ့သြစရာ မကောင်းပေ ဘူးလား။ သီတာဆွေလေး ကတော့ သည်အဖြစ် အပေါ် ခပ်အေးအေးသာ မှတ်ချက် ပေးလေသည်။ “ယောက်ျားတွေက အပိုင်ရမယ့် ပစ္စည်းဆို ဘာမှ မလိုချင် တတ်ဘူး။ အပိုင်ရတဲ့ ပစ္စည်းကို တန်ဖိုး မထားတတ် ကြဘူး။ ခိုးစားမှ ပိုချိုတယ် ထင်တတ်ကြတာ၊ ညီမပြောတာ ယုံစမ်းပါ အစ်မရယ်”တဲ့။ ခင်မင်ရသည့် ညီမလေး၏ စကားအပေါ် ယုံကြည် ပေးလိုက်ဖို့ ခက်ခက်ဝေ အခက်အခဲ မရှိပါလေ။


၃။


ခက်ခက်ဝေက အပေါင်းအသင်း အပေါ် ခင်မင် သံယောဇဉ် ကြီးသူ ဖြစ်သည်။ တစ်ခုခု ဆိုလျှင် သူတို့ ခံစားရ သကဲ့သို့ ကိုယ်ခံစား ရကာ ခံစားရန် မပြီးနိုင်တော့။ အခုလည်း လတ်တလော ကိုယ့်ရင်ထဲ ဖြစ်ပျက် နေသမျှ အိမ်ပြန်ရောက်လျှင် ပြန် လည်ရင်ဖွင့်စရာဟူ၍ ကြီးကြီး တစ်ဦးသာ ရှိလေသည်။ ကြီးကြီးကတော့ ခက်ခက်ဝေ ပြောသမျှ စိတ်မကောင်းဟန် မျက်နှာပေးနှင့် နားထောင်ပေးကာ သူများအပူ ကိုယ့်အပူ လုပ်လို့ကွယ် ဆိုသော သူ့ လက်သုံး စကားနှင့်သာ နှစ်သိမ့်တတ် လေ၏။ အိမ်မှာက ကြီးကြီးသား ဖြစ်သူ မောင်ဇော်တစ်ယောက် သူ့မင်္ဂလာ ကိစ္စ အဖေ ဖြစ်သူထံ သွားရောက် အသိပေး နေသမို့ ကြီးကြီးနှင့် ခက်ခက်ဝေ နှစ်ဦးတည်း ရှိနေကာ တူအရီးတွေ ပိုလို့ တိုးတိုးဖော် ဖြစ်နေသည်။


မှန်တင်ခုံ ရှေ့မှာရပ်ကာ အတွေးများရင်း ခေါင်းဖြီးနေချိန် နားထဲကို စကားပြောသံ လိုလို ကြားလိုက်ရ သမို့ အံ့သြသွား မိသည်။ စောစောစီးစီး ကြီးကြီး ဘယ်သူနှင့် စကားပြော နေပါလိမ့်ဟု တွေးလိုက်ချိန် ယောက်ျားသံ တစ်သံကို အကြား မောင်ဇော်ပြန်ရောက် နေပြီဟု သိလိုက်ရကာ အခန်း အပြင်ဘက် ခပ်သွက်သွက် ထွက်လာမိသည်။ သူ သွားစဉ်က “နေလိုက်ဦးမယ်” ဟု ပြောသွားသည် မဟုတ်လား။ မောင်ဇော်ကတော့ သူ့ပုံစံ အတိုင်း မျက်ခုံး တစ်ချက်ပင့် နှုတ်ဆက်ကာ အီကြာကွေးနှင့် လက်ဖက်ရည်ကို အားပါးတရ တို့စားလို့ရယ်။ ကိုယ့်အံ့သြ မှုကို ကြီးကြီးကိုပဲ အဖော်စပ် မေးဖြစ်တော့သည်။


“ကြီးကြီး၊ သူသွားတုန်းက နေဦးမယ်လို့ ပြောသွားတာ မဟုတ်လား”


အံ့သြဟန်ဖြင့် အမေးကို ကြီးကြီးက ခေါင်းလေးတစ်ချက် ညိတ်ပြကာ မေးကြည့် ဆိုသည့်ပုံဖြင့် သားဖြစ်သူကို မေးငေါ့ပြလေသည်။


“မောင်ဇော် အဆင်မပြေ ဘူးလား။ ဘာနဲ့ ပြန်လာတာလဲ၊ ရထားနဲ့လား”


“ကားနဲ့၊ အဆင်က ပြေပါတယ်၊ ဘာမပြေစရာရှိလဲ မခက်ရာ လူတွေပဲ အိုသေတော့မယ်”


ကြီးကြီးကတော့ သူ့သားစကား ခပ်ကြမ်းကြမ်း ပြောသည်ကို မကြိုက်ဟန်ဖြင့် “ဟဲ့” ဟု တစ်ချက်ဟန့် လေသည်။ မောင်ဇော်က ပြောချင်ရာ ပြောလိုက်ရသည့် ပမာ အမေဘက်ကို တစ်ချက် လှည့်မကြည့်။ ခက်ခက်ဝေမှာ စကားကို တိုနန့်နန့်ဖြင့် မေးသလောက်ပဲ ဖြေနေသည့် မောင်ဇော်ကိုပဲ အားမရ ဖြစ်ကာ ဆက်မေးရ ပြန်သည်။


“အေးလေ၊ ဒါဆိုဘာလို့ ချက်ချင်း ပြန်လာသေးလဲ။ နင်လက်ထပ်မယ့် ကိစ္စသဘော မတူဘူးတွေ ဘာတွေ လုပ်နေလို့လား”


“ဟား ဟား မခက်၊ ဘိုးတော်က ဒီလောက် စိတ်မ၀င်စား တော့ဘူးဗျ၊ ကျွန်တော်လုပ်ရင် မမှားဘူး ဆိုတာလည်း ယုံပြီးသား။ သားအဖ ချင်းက အေးဆေးပါ။ ဟို အမျိုးသမီး ကလည်း ကျွန်တော့်ကို ဂရုစိုက် ပါတယ်။ ပျာနေတာပဲ၊ ဘာစားမလဲ၊ ဘာချက်ကျွေးရ မလဲဆိုတာ ချည်းပဲ။ တစ်ခုပဲ၊ အဲဒီ တစ်ခုက ကျွန်တော့်ကို အဲဒီအိမ်မှာ တစ်စက္ကန့် တစ်မိနစ်တောင် ဆက်မနေ ချင်တော့အောင် ဖြစ်သွားတာ”


ခက်ခက်ဝေမှာ ပြောရင်း မျက်နှာကြော မာလာသော တစ်ဝမ်းကွဲ မောင်ဖြစ်သူကို ကြည့်ကာ ရင်ထဲမကောင်း ဖြစ်သွားသည်။ တကယ်ဆို သားအဖ ချင်းက အနေဝေး ကြတာ ကြာခဲ့ပြီ။ တွေ့တုန်းကြုံခိုက် ပြေပြေ လည်လည်လေး ဖြစ်စေချင်သည်။ ကြီးကြီးလည်း သူ့သားအပေါ် ဒီအတိုင်း ရှိစေချင် မှာပင်။ အခုတောင် မင်္ဂလာ ကိစ္စ အကြောင်းပြကာ ပြန်ဆုံဖြစ်ကြ သည်မို့ နောင်များ ဘယ်တော့မှ ပြန်ဆုံကြဦး မလဲဆိုတာ မသိ။ ကြီးကြီး၏ မနက်ခင်း ဘုရား ရှိခိုးချိန် လေးတွေမှာ သားအဖတွေ ပြေပြေလည်လည် ရှိစေရန် မေတ္တာပို့ ဆုတောင်းလေးသည် မပြည့်ရှာ ဖြစ်ခဲ့ပြီ ထင်၏။ ခက်ခက်ဝေမှာ စကားသံ ဆက်မလာ ပြန်သည့် မောင်ဖြစ်သူကို “ဘာလို့လဲဟယ်” ဟုသာ ခပ်တိုးတိုး စကားထောက် ဖြစ်သည်။


“သူတို့ အိမ်နားက ကလေး တစ်ယောက်ကို သူတို့က ချစ်လို့ဆိုပြီး ခေါ်ခေါ် ထားတယ်ဗျာ။ ကလေးက ချစ်စရာလေး၊ တစ်နေ့ကျတော့ ကလေးက အိပ်ခန်းထဲက အယ်လ်ဘမ် တစ်ခုကို ယူချ လာတာဗျာ၊ ကျွန်တော်လည်း အဖေတို့ အိမ်မှာ မရှိတဲ့ အချိန်ဆိုတော့ ပျင်းပျင်းနဲ့ ကြည့်လိုက်မိတာ၊ ဘာဓာတ်ပုံတွေ ထင်လဲ။ အဖေနဲ့ ဟို မိန်းမနဲ့၊ ငယ်ငယ်လေးဗျာ။ တော်တော့်ကို ငယ်သေးတယ်၊ သူတို့အတွဲ နေရာမျိုးစုံ၊ ပို့စ်မျိုးစုံနဲ့ ရိုက်ထားတဲ့ ပုံတွေ အယ်လ်ဘမ်ထဲမှာ အပြည့်ပဲ။ ဓာတ်ပုံထဲမှာ အဖေက ကျွန်တော့်လောက်တောင် မရှိသေးဘူး။ ဓာတ်ပုံနောက်က ဒိတ်ကို ကြည့်လိုက်တော့ သူတို့ ဒီဓာတ်ပုံတွေ ရိုက်တဲ့ အချိန်မှာ အမေက ကျွန်တော့် ကိုယ်ဝန်ကို မော်လမြိုင်မှာ ပြန်မွေးနေတဲ့ အချိန် ဖြစ်မယ်ဗျ၊ ကျွန်တော် အိမ်က အယ်လ်ဘမ်ထဲမှာ လည်း ဒီနေရာတွေ တွေ့ဖူး နေတာပဲ၊ အမေ...အမေတို့ နေခဲ့တဲ့ ပြည်က ၀န်ထမ်းအဆောင် လေးမှာလေ၊ အဲ့ဒီနေရာ လေးလည်း ပါတယ်သိလား”


ခက်ခက်ဝေမှာ ဟုတ်လား ဟူသည့်ပုံဖြင့် ကြီးကြီးကို ကယောင်ကတမ်း ကြည့်ဖြစ်သည်။ ကြီးကြီးကတော့ မရယ်မပြုံး မျက်နှာလေးဖြင့် ခေါင်းညိတ်ပြ လေ၏။


“သူတို့က အစီအစဉ် တကျ ဖောက်ပြန် ကြတာပဲဗျ၊ ရင်နာလိုက်တာ မခက်ရာ၊ ခံစားမှုက ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ အမေ့ အတွက်လည်း အရမ်းရင်နာ သွားတယ်။ သူတို့တောင် ငယ်ငယ်လေး တွေဆိုတော့ အမေလည်း ငယ်ငယ်လေးပဲ ရှိဦးမှာလေ မခက်ရယ်၊ ပြီးတော့ ကျွန်တော့်ကို ကိုယ်ဝန် ဆောင်နေတဲ့ အချိန်ဗျ။ ဟို မိန်းမကြီး ကိုလည်း မကြည့်ချင် တော့ဘူး။ အဖေနဲ့လည်း ဆက်မနေ ချင်တော့ဘူး။ ဒါနဲ့ပဲ ပြန်ချလာတာ”


မောင်ဇော်က သူ့ဒေါသကို အီကြာကွေးပေါ် ပုံချ လိုက်ပုံဖြင့် လက်ကျန်အီကြာ ကွေးကို ပန်းကန်ပေါ် ပစ်ချလေသည်။ သုံးယောက်သာ ရှိသည့် လက်ဖက်ရည်ဝိုင်း လေးမှာ ရုတ်တရက် တိတ်ဆိတ်ကာ ဘယ်သူ့ ဘယ်သူ မှ အသံထွက်မလာတော့။ အချိန်တွေ ကြာခဲ့ပြီပဲ မောင်ဇော်ရယ်ဟု ကိုယ်မနှစ်သိမ့် ရက်ပါ။ ကိုယ်တိုင် ခံစားဖူးသော ဝေဒနာ မဟုတ်သော်လည်း သူမတို့ အမျိုးတွေ ကြားမှာတော့ ကြီးကြီး၏ အိမ်ထောင် ပြိုကွဲမှုသည် ဆွေမျိုးတွေကြား ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်ခဲ့ကြရ သည်ပါပဲ။ ခက်ခက်ဝေ အမေ ကိုယ်တိုင်က အစ်မဖြစ်သူရဲ့ အိမ်ထောင် ပြိုကွဲမှု အတွက် မခံချင်ဒေါသများနှင့် အစ်မကို တခြား အမျိုးသားနှင့် အိမ်ထောင်သစ် ထူထောင်ရန် နားချခဲ့သေး ဆိုသည်ကို သူမ ငယ်သေးသော်လည်း မှတ်မိ နေခဲ့ပါသည်။ ကြီးကြီးကတော့ ခဲမှန်ဖူးသော စာသူငယ်လို မောင်ဇော်လေးကို တင်းတင်းပိုက်ရင်း ဟင့်အင်းဆိုတာသာ မပြောင်းမလဲ ဖြေတတ်ခဲ့ တာလည်း မှတ်မိနေပြန်၏။


“နင့်နေရာမှာ ငါသာဆို သူ့ ထက် ဆယ်ဆသာတဲ့သူကို ရအောင်ယူပြမယ်”ဟူသော တစ်နှစ်သာကွာသည့် ညီမ ဖြစ်သူ ခက်ခက်ဝေအမေက မခံချိမခံသာ အပြောအား အနေအေးသော ကြီးကြီးက မတုန်မလှုပ်ပင် နားထောင်နေ တတ်ခဲ့သည့်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ကြီးကြီးကို လေး စားအားကျဖွယ် အမျိုးသမီး အဖြစ် အမြဲလို မြင်ခဲ့မိမြဲ၊ သူမ၏ တက္ကသိုလ် သက်တမ်း တစ်လျှောက်မှသည် ယခု လုပ်ငန်းခွင်ဝင်ချိန်ထိ ရန်ကုန် ရှိ ကြီးကြီး တိုက်ခန်းလေး မှာပဲ နေဖြစ် ခဲ့သည်မို့ ခက်ခက်ဝေ အတွက် ကြီးကြီးသည် ဒုတိယ မိခင်ဆိုလည်း မမှားပါ။


“သား တွေ့ခဲ့တဲ့ ပုံတွေဆိုတာ ဟုတ်မှာ၊ အဲဒီတုန်းက မင်းအဖေက နှစ်ဆယ့်တစ် နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူ့ခေတ်နဲ့ သူတော့ အရာရှိ ဖြစ်နေပြီ ပေါ့ကွယ်။ မြင့်မြင့်မေက အမေတို့ နေတဲ့ အရာရှိ ရိပ်သာ ဘေးခန်းက အရာရှိ တစ်ယောက်ရဲ့ တူမလေ။ မင်းအဖေက အမေ့ကို သဲသဲလှုပ် ချစ်တာတွေ့ပြီး ဒီလို ယောက်ျားမျိုး ရရင် သေပျော် ပါပြီလို့ သူကိုယ်တိုင် ပါးစပ်က ဖွင့်ပြောခဲ့တာ။ ရဲတယ်။ ရဲတာတော့ တော်တော်ရဲတယ်၊ အေးလေ ရဲလို့ပဲ သူများ အိမ်ထောင်ကို ကျူးရဲတာပေါ့။ အဲဒီထဲက သူက မင်းအဖေကို ကြိုက်လိုက်တာ ဆိုတာ ပြောင်းတဲ့ မြို့တိုင်းကို တောက်လျှောက်လိုက်ပြီး နှောင့်ယှက်တော့ တာပဲ၊ ကဲပါ- ဒါတွေ ခေါင်းထဲက ထုတ်လိုက်တော့၊ မီးကို ပြန်မွှေးရင် မွှေးတဲ့သူပဲ ပူတာပေါ့ကွယ်။ စားကြ စားကြ၊ ခက်ခက် တူမကြီး၊ ညည်းရုံး ထမင်းဘူး အမီ ချက်ရဦးမှာ မလား။ အချိန် မဆွဲနဲ့ စားစား”


မောင်ဇော်က လိမ္မာသည်။ အမေက ဆက်မပြော စေချင်ပုံ စကားဖြတ်လေ တော့ သူ့စိတ်သူ ထိန်းကာ တခြား စကားများကို အာရုံပြောင်း ပြောနေ၏။ ကြီးကြီးကလည်း တဖြည်းဖြည်း နီးလာပြီ ဖြစ်သော သူ့သား မင်္ဂလာပွဲ အတွက် လိုအပ်သည့် ကိစ္စများကို ပြောပြ နေပြန်သည်။ သူမမှာသာ တစ်စက်ကလေး စားချင်သောက်ချင် စိတ်မရှိဘဲ စိတ်အတွင်း အူတူတူ။ မောင်ဇော်က ငူငိုင်နေသော သူမကို လှမ်းစလေသည်။


“မခက်၊ မခက်ကော အစီအစဉ် မရှိသေး ဘူးလား။ နောက်ကားက ကျော်တက်ရတာ ရှက်ဖို့တောင် ကောင်းနေပြီဗျာ”


ကြည့်စမ်း၊ ဒါ အစ်မကို သာသာနဲ့ နာနာနှက် လေတာ။ စိတ်ထဲက ဆတ်ခနဲ ဖြစ်ပေါ်သော ခံစားမှုက စကားလုံး အဖြစ် ရုတ်ခြည်းပြောင်းလေ သည်။


“နင်တို့ ယောက်ျားတွေက ကောင်းမှ မကောင်းတာ မောင်ဇော်ရဲ့”


သူမ စကား အဆုံးမှာ ကြီးကြီးက နူးညံသည့် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။ သည်လိုလက်လွတ် စပယ် စကားမျိုးကို ကြီးကြီး မကြိုက်တာ သိသော်ငြား ထိန်းမနေ ချင်တော့။ တကယ်ဆို ဒီလို ခံစားမှုမျိုးကို ခက်ခက်ဝေ အမှန် တကယ်ကို ခံစား နေမိတော့တာ။ ကြည့်လေ ချစ်သော သူငယ်ချင်း မိဘုံ။ ဘယ်မှာများ ယောကျာ်းကောင်းကျိုး ခံစားခဲ့ရ လို့လဲ။ မိဘုံက သေချာပြော သွားသည်။ ယောက်ျားတွေ ဘာဆိုတာ သူသိသွား ပြီတဲ့။ အချစ်ဆိုတာ အယုံအကြည် ရှိစရာ လုံးဝ မကောင်းတဲ့။ နောက် ရုံးက ညီမလေး သီတာဆွေ။ ပျော့ပျောင်း မလိုနှင့် စိတ်ဓာတ်လေး ကြံ့ခိုင်မာကျော လို့သာ တော်တော့သည်။ ကံကောင်းတာ တစ်ချက်က သူ့မှာဘုံ့လို ရင်သွေးများ မရှိ။


သူမ ဘ၀လေးကို အပူအပင် အနှောင့်အယှက် ကင်းစွာ ဆက်လက်ချီတက် နိုင်သည် ဆိုသည့်တိုင် စာအုပ် တစ်အုပ်သာ ဆိုလျှင်ဖြင့် သူ့ဘ၀ စာမျက်နှာကို တစ်ကပဲ ပြန်စချင်မှာ သေချာတာပေါ့။ ညီမလေး အပြောကတော့ ယောက်ျားတွေက အပိုင်ရတဲ့ ပစ္စည်းဆို ဘာမှ မလိုချင် သူတဲ့။ တန်ဖိုးမထား တတ်သူတဲ့။ ခိုးစားသော သစ်သီးကို ပိုချိုတတ် သူများတဲ့။ ကြီးကြီး ကကော၊ ကြီးကြီးက ဘယ်လို မြင်ထားသည်လဲ။ ခက်ခက်ဝေ လူလည်ကျကာ ကိုယ်သိချင် တာကို တစ်ဖက်လှည့်ဖြင့် စကား အစ်လိုက်သည်။


“ဟုတ်တယ်မလား ကြီးကြီး၊ ယောက်ျားတွေ မကောင်းဘူးနော်”


ကြီးကြီး လှစ်ခနဲ တစ်ချက်ပြုံး လေသည်။ ကြီးကြီး အပြုံးကို ဘယ်လို အမည်တပ် ရမည်လဲ။ ခက်ခက်ဝေတို့ ကျောင်းသူဘ၀ စာသင်ခန်း ထဲမှာ စာဖြေတာ မှားလျှင် ဆရာတွေ ပြုံးနေကျ အပြုံးမျိုးနှင့် အနီးစပ်ဆုံး တင်စားရမည် ထင်ပါရဲ့။ ပြီးမှ ကြီးကြီး နှုတ်ဖျားက ဖြည်းညင်းစွာ ထွက်ကျလာသည့် စကား တစ်ခွန်းက မြားတစ်စင်း ပမာ။


“သမီးရယ်၊ ပြောကြကြေးဆို ယောက်ျားတွေ မကောင်းအောင် လှုံ့ဆော်နေ တာကကော ဘယ်သူတွေလဲ”


မြတ်စွာဘုရား၊ ကြီးကြီး ဘယ်လိုကြောင့်များ သည်လို တွေးမိ ခဲ့ပါလိမ့်။ ခက်ခက်ဝေ တုံဏိ ဘာဝေဖြင့် ငိုက်ကျသွားချိန်မှာပဲ ကြီးကြီးက စားပွဲမှ ထသွားလေပြီ။ မောင်ဇော်ကတော့ အစ်မဖြစ်သူ ခံလိုက်ရပြီ ဆိုကာ သဘောတွေ ကျလို့ရယ်။ ခက်ခက်ဝေ အတွေးမှာတော့ သည်တစ်ခါ ဘုံနှင့်တွေ့လျှင်၊ ပြီးတော့ ရုံးမှာ ညီမလေးနှင့် တွေ့လျှင် ကြီးကြီးပြောသော ဒိုင်ယာလော့ခ်ကို ပြန်ပြောပြရင်း “အစွယ်လိုသူ မိဖုရား နှင့် အသွား စေခိုင်းသူ မင်းဧကရာဇ်” ဘယ်သူပို အပြစ်ကြီး သလဲ ဆွေးနွေးကြည့်ဖို့ ကြိုတင်ပြင်ဆင် နေမိသည်။ ဘုံနှင့် ညီမလေးတို့၏ ဒဿန များကို လွယ်လွယ်ကူကူ ယုံကြည် ပေးနိုင်ခဲ့သော ခက်ခက်ဝေမှာ ကြီးကြီး၏ ဒဿန ကိုတော့ အလွယ်တကူ ယုံကြည် ပေးလိုက်ရန် စနိုးစနောင့် ဖြစ်နေသည်။ ဤသည်ပင် မိန်းမသား တစ်ဦး၏ အတ္တလေလား။ ခက်ခက်ဝေ မဆန်းစစ် ချင်တော့ပါ။


မီမိုး


(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

1 comments:

  1. yahoo! best soccer predictions and odds - xn--o80b910a26eepc81il5g.online
    yahoo! best soccer predictions 1xbet and odds. 메리트 카지노 쿠폰 best soccer predictions and odds. best soccer predictions and odds. best soccer predictions and odds. 바카라사이트 best soccer predictions and odds.

    ReplyDelete