Pages

Labels

Monday, October 1, 2012

ခင်ရွှေသက်၏စစ်တမ်း

ရာသီဥတုလေး သာသာယာယာ ရှိနေသည့်အတွက် ဝရန်တာဘက်ထွက်ခဲ့ကာ ပတ်ဝန်းကျင်အလှကို ရှုစားမိသည်။ ဝရန်တာမှာ မတ်တတ်ရပ်ကာ ကော်ဖီလေးမော့သောက်လိုက် လေနုအေးလေးခံလိုက်နှင့် ငြိမ်းချမ်းနေသောအသက်၏မြင်ကွင်းထဲကို ခုန်ပေါက်မြူးထူးနေသော သမီးလေး၏ ပုံရိပ် က ဝင်လာခဲ့သည်။ နှင်းဆီနှင့် ခုန်ပေါက်ဆော့ ကစားနေသော သမီး၏ပုံစံမှာ မြင်ရသူကိုပင် အပျော်တွေကူးစေ၏။ နှင်းဆီဆို၍လူဟု မထင်ပါနှင့်ဦး၊ သမီး၏ အချစ်ဆုံးခွေး တစ်ကောင်သာ ဖြစ်လေသည်။ သူ့အချစ်ဆုံး သူငယ်ချင်းလေးဖြစ်သော နှင်းဆီဆိုသည့် ကလေးမ နယ်ပြောင်းသွားချိန်မှစလို့ ဒီခွေးကို ကင်ပွန်းတပ်ဂုဏ်ပြုကာအဖော်လုပ်ပုံက နှင်းဆီတဲ့လေ၊ ဖြူမမှာ လောလောလတ်လတ်ကြီး နာမည်ပြောင်းခံလိုက်ရသမို့ နှင်းဆီဟုခေါ်ခါစ သူ့ကိုခေါ်သည်ဟုပင် မထင်၊နောက်တော့မှ သူလည်း ကျင့်သားရကာ သမီးက နှင်းဆီရေဆိုသည်နှင့် အမြီးကိုခါနေအောင် ပြေးလာတော့တာ ဖြစ် သည်။ ”ဟား ဟ..ဟား ဟ”သမီးရယ်သံက ဝရန်တာမှ အတိုင်းသား၊ သမီးအသံမှာ သူ့အဖေတင်စားသလိုဆိုလျှင်တော့ အက်ကွဲ Rock ပေါ့၊ ဇော်ဝင်းထွဋ်လေလား၊သျှီလေလားလို့ ပြောရမည့်ပုံ၊ အသက်အတွက်တော့ သမီးအသံကို အားမရ၊ သူ့အဖေကတော့ ”ဆန်းတာပေါ့” ဆိုကာ ရှာဖွေ ကြိုက်နေတော့သည်။ ဆော့နေရင်း ထွက်လာသောချွေးများကို ဘယ်ပြန်ညာပြန် သုတ်နေသောသမီးကိုကြည့်ကာ အသက် စချင်လာသည့်မို့ ဝရန် တာမှ ကိုယ်တစ်ပိုင်းထွက်ရင်း အော်ခေါ်မိတော့သည်။
”ကြယ်စင်လက်လက်စင်”
”ဟေး..ကြယ်စင်လက်လက်စင်”
ဒီလိုခေါ်လျှင် သမီးက နည်းနည်းမှ မကြိုက်တတ်ပေ၊ သူ့နာမည် ‘ကြယ်စင်ဝင်းလက်’ကို ဆော့လွန်းကဲလွန်းသမို့ ကြယ်စင်လက်လက်စင်ဟု ပြောင်း ခေါ်ပြီဆိုနှုတ်ခမ်းတစူစူ၊ အသက် နှစ်ခါလောက် ထပ်အော်ပေးလိုက်ချိန်မှာတော့ ဆံပင်တွေ ဝဲခါနေအောင် ဝရန်တာကိုမော့ကြည့် လာတော့သည်။ အသက်က စပ်ဖြဲဖြဲပြန်ကြည့်ပြလိုက်တော့ မျက်နှာဝိုင်းလေးတစ်ခုလုံး ပြဲနေအောင်ပြုံးကာ ‘ရှကီးသက်’ဟု ပြန်အော်လေတော့၏။ ကြည့်စမ်း၊ အသက်မှာသူဆက်မအော်ဖြစ်အောင် ရှူးဟုတိုးတိုးပုံ လုပ်ပြကာ အံကြိတ်ပြလိုက်တော့မှ ဇက်ကလေးပုပြကာ ပြန်ဆော့နေတော့သည်။ အထဲမှကြား နေရသော သူ့အဖေကတော့ ”ကောင်းတယ်၊သူများကို မဟုတ်တဲ့နာမည် ခေါ်ချင်ဦး”ဟု ဝမ်းသာအားရ သူ့သမီးဘက်က၊ အသက် စိတ်မဆိုးဖြစ်ဘဲ အသံထွက် အော်ရယ်မိတော့သည်။ သားအဖ နှစ်ဦးပေါင်းကာ အသက်ကို နာမည်ဖျက်ကြပုံက ‘ရှကီးသက်’ တဲ့လေ။ ဘောလုံးသီချင်းဖြစ်သည့် ရှကီးရားရဲ့ ဝါကာ ဝါကာ သီချင်းခွေ ဝယ်လာပြီး သားအဖတွေ ကြည့်မဝရှုမဝဖြစ်နေကြသည်အထိ အသက်မှာ ရှကီးရားကို မျက်စိမယဉ်သေး၊ နောက်တော့ သမီးက ပြုံးစိစိဖြင့်အတင်းလက်ဆွဲခေါ်ကာ လာကြည့်လာကြည့် လုပ်လွန်း၍သာ အသက်ကြည့်ဖူးသွားခြင်း ဖြစ်သည်။ အသက်ကြည့် ချင်အောင် ဆွဲဆောင်ပုံကလည်းကြည့်ဦးလေ။ ဒီအခွေထဲမှာ မေမေလည်းပါသည်ဆိုပဲ။ နောက်တော့ ရှကီးရားဘေးမှာ ခုန်ပေါက်ကနေသော ကပ္ပလီ မမည်းမည်းကြီးကို မေမေဟုဆိုကာ သားအဖတွေ စိတ်တူကိုယ်တူနာမည် ပေးလိုက်ပုံက ရှကီးသက်ဆိုပဲ။ အသက်စိတ်ဆိုးမှန်းသိတော့ သူ့အဖေက ပိုစချင်သည်။ သမီးကလည်း ရှကီးသက်ဆိုတာ ပါးစပ်ဖျားကမချ။ အထူးသဖြင့် သူ့ကို ကြယ်စင်လက်လက်စင်လို့ ခေါ်လျှင် အသက်ကို ရှကီးသက်ဟု ချက်ချင်း တုံ့ပြန်တတ်လေသည်။ သမီးမှာ ကိုယ်လက်မခံနိုင်လျှင် ချက်ချင်းတုံ့ပြန်တတ်သည့်ဥဉ်ကို အသက် သိပ်သဘောကျသည်။ အသက်ငယ် ငယ်ကနှင့် သိပ်တူလှပေါ့။ မှတ်မှတ်ရရ အသက်ငယ်ဘဝ အခုသမီးအရွယ်တုန်းက ဖြစ်ရပ်လေးဆို မှတ်မှတ်ရရရှိလွန်းလှ၏။ အသက်တို့ အတန်းထဲမှာ ထက်ထက်မြင့်ဆိုသော ဗိုလ်ကျအနိုင်ကျင့်တတ်သည့် သူငယ်ချင်းမတစ်ဦးရှိလေသည်။ နာမည်အတိုင်း အရပ်ကထွားထွား လူက လန်ဘားဆိုတော့လည်း မိန်းကလေးများသာမက ယောက်ျားလေးများပင် သူအနိုင်ကျင့်ဗိုလ်ကျတာကို ခံရတတ်၏။ အသက်ကတော့ သူ့အမူအကျင့် ကို မကြိုက်ကာ သူနှင့် ခပ်ကင်းကင်းမို့ပြဿနာတော့ မရှိခဲ့ပေ။ တစ်နေ့မှာတော့ ထမင်းစားချိန်မှာ ထမင်းဘူးလေးဖွင့်ကာ အသက် ထမင်းစားနေချိန် သူရှေ့တည့်တည့်ကို လာရပ်လေသည်။ပြီးတော့ ပြောလိုက်ပုံက ‘ဝက်ပုပ်ဘာတွေစားနေလဲ’တဲ့လေ။ တကယ်ဆို အသက်က သူနာမည်ဆိုးတတ်ရ အောင် ဝနေသည်လည်းမဟုတ်၊ တစ်ခါမှလည်း ထိုနာမ်စားမျိုး အခေါ်မခံခဲ့ဖူးသမို့ စိတ်ထဲထောင်းခနဲဖြစ်ကာ ချက်ချင်းလိုပင် ”ထမင်းစားနေတာ မမြင်ဘူးလား မျောက်မလန်ဘားရဲ့” ဟုပယ်ပယ်နယ်နယ်ကို ပြန်ခွပ်ထည့်လိုက်တော့သည်။ သူ့မျက်နှာမည်းခနဲဖြစ်ကာ အံ့အားကြီးသင့်နေသလို ဘေးနားက ထောမနာပြုကြတဲ့ ရယ်သံတွေလည်း ကြားလိုက်ရသမို့ အသက် ကျေနပ်အားရလိုက်သည်မှာ မပြောပါနှင့်တော့၊ ထိုအချိန်တည်းက ထက်ထက်မြင့်ဟာ သူများကိုသာနိုင်စားချင်နိုင်စားမည်။ အသက်ကိုတော့ ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင် ဆိုထဲကပင်၊ အခု အသက်ရဲ့ သမီးဟာလည်းအသက်ရဲ့ ဗီဇသွေး အပြည့်နှင့်ဟု ဆိုရမည်ပေါ့။ ‘
‘မရွှေသက် ဒီမှာ လာကြည့်စမ်း”
”ဘာလဲ”
”ဘာလဲ နောက်မှထား လူအရင်လာ” အသက်နှင့် အိမ်ဦးနတ်ကတော့ ဒီလိုပင် ဦးသူဟောက်စတမ်းပင်၊ သူ့အသံကတစ်ခုခုကို စိတ်ဝင်တစားရှိနေသံမို့ အသက်နာခံစွာပင် အိမ်ထဲပြန်ဝင်လာမိတော့သည်။ သူ့အနားမှာတော့ သမီးကျောပိုးအိတ်နှင့် ကျောင်းစာအုပ်တွေက ပြန့်ကျဲလို့ရယ်၊ဒါ ဘာမှတော့ မဆန်းပါ။ သမီးပညာရေးကို အသက်ထက် သူကပိုပြီး စိတ်ဝင်စားလေသည်။ စာသင်ချိန်ဆိုလည်း သားအဖနှစ်ဦး ငြင်းခုံသံက ကျွက်ကျွက် ညံလို့ရယ်။
”လာကြည့် မရွှေသက် ဒီမှာ ကြည့်စမ်း”
လူကို အတင်းဆွဲထိုင်ခိုင်းကာ အသက်လက်ထဲကို စာအုပ်လေးတစ်အုပ်ထည့်ပေးသည်မို့ ကြည့်ဖြစ်သည်။ မြင်လိုက်တာနှင့် သမီး ကျောင်းစာအုပ် မဟုတ်မှန်း အသက် သိပါသည်။ ကျောင်းသုံးစာအုပ်မဟုတ်သော စာအုပ်လှလှလေးဟာ သမီးတို့ကျောင်းပေါက်ဝမှာ ရောင်းနေသောပစ္စည်းများ ထဲက ကလေးတွေ အော်တိုစာအုပ်အဖြစ် သုံးကြဝယ်ကြသော စာအုပ်လေး။
”အထဲကို လှန်ကြည့်လိုက်”
သူ့အသံက ခပ်လောလောမို့ ဘာအရေးကြီးနေလဲ မျက်စောင်းခဲကာ အထဲကိုလှန် ကြည့်ဖြစ်သည်။ မျဉ်းကြောင်းမပါသော စာအုပ်လေးမှာ ရေးထား သော လက်ရေးလေးတွေက အတန်းလိုက်လေးတွေ ယိုင်ထိုးနေတာမို့ ပြုံးချင်ချင်ဖြစ်ရင်း စာပါအကြောင်း အရာတွေကို ဖတ်မိချိန် အသက် ဟယ်ခနဲ ဖြစ်သွားရတော့၏။ စာပိုဒ်မစခင်မှာကပ်ခွာ စတစ်ကာအရုပ်တွေကိုကပ်ကာ အဲ့ဒီစတစ်ကာအရုပ်တွေကို ဇာတ်ကြောင်းဖော် ရေးဖွဲ့ထားသော အရေး အသားများ၊ အလိုလို.. ခင်ရွှေသက် သမီးအရွယ်က ဒါမျိုးမရေးတတ်ခဲ့ပါလား။ ကလေးအတွေး ကလေးအရေးမို့ လိုအပ်တာတွေ အများကြီးရှိ သော်လည်း ဖတ်ရတာအတော့်ကို အဆင်ပြေလှသည်။
”မင်း အံ့သြသွားပြီမလား။ ငတိမလေးက တကယ်ရေးတတ်တယ်နော်”
”ဟုတ်ပဟယ်၊ တော်လိုက်တဲ့ ငါတို့ငတိ”
အသက်တို့ နှစ်ဦးလုံးအသံက ကြည်နူးပီတိတွေနှင့် အာလုပ်သံကြီးတွေ ဖြစ်နေတော့သည်။ သူ့အဖေကတော့ သူ့သမီး ဒီအရွယ်လေးနှင့် ရေးတတ် တာကို ဂုဏ်ယူဝမ်းသာခြင်း ဖြစ်နိုင်ပါသည်။ အသက်ကတော့ အသက်ခြေရာနင်းမည့် သမီးလေလားဆိုသည့် ပီတိဇောကပိုများတာ ကိုယ့်ဟာကိုယ် အသိဆုံး၊ ခုပုံအတိုင်းဆိုရင်ဖြင့် ခြေရာက နင်းရုံမက ကျော်လို့တောင်သွားဦးမည့်ပုံ၊ အသက်ငယ်စဉ်က ဒါမျိုးတွေ ရေးမှမရေးတတ်ခဲ့သည်ဟာပဲ၊ အသက်ဆယ်တန်းအထိ စာစီစာကုံးကို သူများရေးထားတာ ကျက်ဖြေခဲ့တာပါဟု ဆိုချိန် ခင်ရာမင်ရာတွေက ဘယ်လိုစာရေးဆရာမလဲဆိုသည့်ပုံနှင့် ကြည့်ကြသည်။ ဘယ်တတ်နိုင်မည်လဲ၊ ဒါဟာ ဖြစ်ရပ်မှန် တစ်ခုပဲဖြစ်သည်။ တစ်ခုတော့ရှိသည်။ အသက်က ငယ်ငယ်ကရေးအားသာ မကောင်း ခဲ့တာ၊ တွေးအားကတော့ ကောင်းမှကောင်း၊ အိပ်ရာထဲရောက်ပြီ။ ခြင်ထောင်ထဲဝင်ပြီဆိုသည်နှင့် ဒီနေ့အဖို့ ဇာတ်လမ်းပမာ စလေပြီ။ အသက် ဇာတ်လမ်းထဲမှ ဇာတ်ရုပ်များမှာ သူ့ နေရာနှင့်သူ အံဝင်တကျ၊ လွမ်းစရာဇာတ်များ္ဖဆင်မိပြီဆိုပါက ဇာတ်ကောင်တွေအတိုင်း လိုက်ငိုရသည်မှာ ခေါင်း အုံးကြီးတောင် ရွှဲပါသည်ဟု ဆိုလျှင် ဘယ်သူယုံမည်တဲ့လဲ၊ တစ်ခါတစ်ရံများဆိုလျှင် ငိုရလွန်း၍ နှာခေါင်းတွေပိတ်ကာ အိမ်သာထဲ အပေါ့သွားချင် ယောင်ဆောင်ပြီး နှာညှစ်ယူရသေး၏။ တော်သေးသည်မှာ ကိုယ်ကလည်း ကိုယ့်ဟာကိုယ် မရူးမှန်းသိနေ၍၊ ဘေးက မိသားစုကလည်း အသက် စိတ် ကူးယဉ်နေတာကို မသိခဲ့ကြ၍သာ၊ နို့မို့များဆို စိတ္တဇဆေးရုံတောင် ရောက်သွားနိုင်လေသည်။ တက္ကသိုလ်ရောက်တော့လည်း ဒီပုံစံ ဒီအချိုးပင်၊ ပရယ်တီကယ်လုပ်ရမည့်နေ့ဆို နေ့စဉ်နဲ့အမျှ ပျားတုပ်တော့သည်။ ဆရာမတွေက ဒီနေ့လုပ်ရမည့် အကြောင်းအရာတွေကို စရှင်းပြီဆို ကိုယ့်ကို တွေး ခွင့်ပေးလိုက်သည့်ပမာ ဟိုတွေး ဒီတွေး၊ ဆရာမများမှ ကဲ စလုပ်ဟုဆိုသည်နှင့် အသက်မှာ ဘာကဘယ်လို စကိုင်ရမှန်းကို မသိတော့၊ နောက်ထပ် မိသားစုကြားမှာ အသက်ကို သြချစရာဖြစ်ကြသေးတာရှိ၏။ ရန်ကုန် ထောက်ကြံ့အကွာအဝေးကို ကြာလွန်းဝေးလွန်း၍ဟုဆိုကာ မိသားစုဝင်များ တညည်းညည်း တညူညူ ရှိနေကြချိန် အသက်က ထိုခရီးကို တစ်တွေးစာပဲရှိတယ်ဟု ဆိုခဲ့ဖူးသည်။ ကားစထွက်ကတည်းက အသက် တွေးလိုက် သည်မှာ ရောက်ပြီဆိုသည်နှင့် အတွေးအဆုံးသတ်က ကွက်တိပဲမို့ တစ်တွေး စာခရီးဟုဆိုတာ အသက်အလွန်မှ မဟုတ်ခဲ့သည်ပဲ။
”ခြေသံကြားတယ်ကွ၊ တက်လာပြီ၊ ပြန်သိမ်းထားလိုက်မယ်၊ သူ့အရှိန်နဲ့သူ ဆက်ရေးပစေ”
သူ့ဟာသူပြော သူ့ဟာသူသိမ်းကာ သမီးအနားရောက်လာချိန် မှာတော့ သူ့အဖေကဟန်မပျက် သမီးကို ထွေးပွေ့ပြီးသားဖြစ်နေလေပြီ။ ထုံးစံအတိုင်း သမီးကိုတွေ့သည်နှင့် သူ့နှာခေါင်းထိပ်ဖြင့် ဖိကပ်ကာ မွှေးကြူနေကြမို့ အသက် အမေ့ကို သတိပင်ရသေးတော့၊ အသက်တို့ အမေရှိစဉ်ကဆို သမီး အဖေ သမီးကိုဒီလိုနမ်းလျှင် လုံးလုံးမကြိုက်၊ သမက်ကြားအောင်မပြောဘဲ ကွယ်ရာမှာအသက်ကို ကျိတ်ပြောတတ်သည်က ”နှုတ်သီးကြီးနဲ့ နမ်းတာ မကြိုက်ပါဘူးအေကလေးကို” ဟု ရေရွတ်တတ်လေသည်။ အသက်က ထိုစကားကို သူ့နားရောက်အောင် ပြန်ဖောက်တော့ သမီးတို့အဖေက သဘော ကျမဆုံး၊ ”မင်းတို့ မိသားစုက စကားအဆန်းတွေ သိပ်ပြောတတ်တာပဲ” ဟု တသောသော ပြောတတ်လေသည်။
”ဗိုက်ဆာတယ်မေ့ ထမင်းစားကြမယ်လေ၊ ဘာချက်လဲ”
”ကြက်သားလေ သမီးရဲ့ စားမလား ခူးလိုက်မယ်”
”အင် ကြက်သားကြီး၊ မစားချင်ဘူး၊ ထမင်းသုပ် သွားဝယ်စားမယ်”
”သဘောပဲလေ”
”မေ ကျေနပ်လို့လား”
”သဘောပဲလို့ ပြောတယ်လေ”
”မေ ကျေနပ်လားဆို”
”သဘောပဲ”
”အင် ကျေနပ်တယ်ပြောလေ”
”သဘောပဲ”
”မင်းတို့ဟာက မပြီးတော့ဘူး၊ ဖေကြီး ကျေနပ်တယ် သမီး၊ သွား သွား ဝယ်စား၊ ရော့
ပိုက်ဆံ၊ သွား”
ကိစ္စက ထိုတော့မှ ပြတ်လေသည်။ ဒီလိုပုံစံသည် အသက်တို့ သားအမိကြားမှာ မရိုးနိုင်သော ပြဿနာဖြစ်၏။ သမီးက သူ တစ်ခုခု လုပ်ချင်တိုင်း အသက် သဘောမတူလည်း သဘောတူပါတယ် ပြောယူရအောင် ရစ်တတ်လွန်းသည်။ အသက်ကလည်း အသေသာခံမည်၊ မပြောရေးချ မပြောဆို သည့်အထဲက၊ နောက်ဆုံးကြားလူက ဝင်ရှင်းမှပဲ ပြဿနာပြေလည် သွားတတ်လေသည်။သမီး ထမင်းသုပ်ဝယ်ရန် အပြေးထွက်သွားချိန်မှာတော့ ခင်ပွန်းမှ အမေတူသမီးဟု မေးငေါ့ရေရွတ်ကျန်လေ၏။ ဟုတ်ပ၊ သမီးသည် အသက်နှင့် ဘာကြောင့်များ ဒီလောက်တူညီနေရပါလိမ့်၊ ရုပ်ရည်က အဖေ့ရုပ်သွင် ဖြစ်နေသော်လည်း စိတ်ဓာတ်ကတော့ အဖေ့ဘက်မယိမ်းဘဲ အသက်နှင့်သာ လုံးလုံးကြီး လာတူနေတော့သည်။ စကားပြောလျှင် လည်း ဘေးလူ ရုတ်တရက်နားမလည်အောင် မြန်တတ်တာတွေ၊ အသက်အရွယ်နှင့်မမျှအောင် ဟိုဟာတတ်ချင် ဒီဟာတတ်ချင်နှင့် သိချင်တတ် ချင် တာ များလွန်းနေတာတွေ တူမှတူရယ်ပါ၊ အတူဆုံးကတော့ အမေ့ကို ခင်တွယ်လွန်းသည့် အပိုင်းများပဲဖြစ်သည်။ အသက်ဟာ အမေကို ခင်တွယ် လွန်းသူဖြစ်ပြီး သမီးဟာလည်း အသက်ကို ခင်တွယ်လွန်းအားကြီးလေသည်။ တကယ်ဆို အသက်တို့ မိဘနှစ်ပါးမှာ သူ့အဖေက သမီးကို ပိုအလို လိုက် အကြိုက်ဆောင်သူဖြစ်၏။ သို့သော်ငြား သမီးကတော့ တစ်ခုခုဆို အသက်ကိုသာ ပိုမိုတွယ်တာ ငဲ့ညှာတတ်လေသည်။ အသက်တို့ မောင်နှမ တွေ ကြားမှာလည်း ဟိုးငယ်စဉ် ပိစိကွေးဘဝထဲက အမေမဆုံးခင်အချိန်ထိ အသက်နှင့်အမေ၏ တွယ်တာမှုဟာ ပြောမဆုံးပေါင် တောသုံးထောင်၊ အသက် တစ်တန်းအရွယ် ကဖြစ်ရပ်လေးဆို မောင်နှမများ တသသပြောမဆုံး၊ ထိုစဉ်က အသက်ကျောင်းသွားလျှင် ထမင်းဘူးယူမသွား၊ တစ်ခါ တည်း ယူသွားလျှင်ရသော်ငြား အသက်က အိမ်နှင့်ကျောင်း နီးသည်ကို အကြောင်းပြကာ နေ့စဉ်လို အိမ်ပြန်စားသည်။ တကယ်တမ်း အိမ်ကို ထမင်း ပြန်စားရသည့်ရည်ရွယ်ချက်မှာ အမေ့ကို သီချင်းဆိုပြီး နေ့လယ်နေ့ခင်း တစ်ရေး သိပ်ရန်ဖြစ်သည်။ အသက်သီချင်းဆိုပြီး ကျောလေးပုတ်သိပ်လို့ အမေအိပ်ပျော်သွားသည့် မြင်ကွင်းကို အသက်အလွန်ကျေနပ်သည်။ အမေ အိပ်ပျော်ပြီဆို ခြေခံမကြားအောင် ခုတင်ပေါ်မှ ဖွဖွဆင်းကာ ကျောင်းကို ပြန်သွားတတ်မြဲ၊ အခုလိုအသက် အရွယ်ရလာချိန်မှာတော့ ကိုယ်သိပ်လို့ အမေအိပ်ပျော်သွားတယ်ဆိုတဲ့ အသက်ရဲ့ ကျေနပ်ပီတိစိတ်ထက် အမေက ကိုယ်ကျေနပ်ဖို့ အိပ်ပျော်ယောင်ဆောင် ပေးရတာဆိုတာကိုတော့ တွေးတတ်ခဲ့ပါပြီ၊ ဘာပဲဖြစ်ဖြစ် ဒီလိုအပြုအမူလေးတွေဟာ အသက်နဲ့ အမေ့ကြား မှာ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်သော ပုံရိပ်များဖြစ်ခဲ့ရ သည်။ ဒီလိုခံစားမှုမျိုးကို သမီးလေးအလှည့်မှာ အံ့သြစဖွယ် အသက် ပြန်လည်ကြုံတွေ့ နေရပြန်၏။ အမေ့ကို ကျောင်းတက်နေရင်းနဲ့ သတိရကာ မျက်ဝဲလာသည်ဟု သမီး ပြောလာခဲ့စဉ်က၊ အသက်က သူ့ကို အနီးကပ် ပြုစုစောင့်ရှောက် နေချိန်များဆို မျက်လုံးထောင့်မှာ မျက်ရည်ကြည်များဝဲအောင် သမီးခံယူနေသည် ကို သတိထားမိစဉ်က၊ အသက် ရုံးပြန်နောက်ကျတတ်သည့် နေ့များမှာ ပုတီးလေးတစ်ကုံးနှင့် ယောက်ယက်ခတ် ပုတီးစိပ်ကာ စိတ်ပူတတ်သော သမီးအကြောင်းကို ကြားခဲ့စဉ်က..အိုး ဖြစ်စဉ်တွေ များမှများ ရယ်ပါ။ တစ်ခုပဲရှိသည်။ အသက်က ကလေးဘဝတည်းက သိပ်မပျော်တတ်ခဲ့၊ အရွယ်နှင့်မလိုက်အောင် သိတတ်မှုတွေ၊ ဟိုလူ့အတွက်ပူ၊ ဒီလူ့ အတွက်ပူ၊ ဘာတွေ ဖြစ်မလဲတွေး၊ ဖြစ်လာမှာတွေကို တွေးကြောက်နှင့် အသက်ငယ်စဉ်က ထုံပေပေလေးသာဖြစ်သည်။ အခု သမီးလေးကတော့ ထာဝစဉ်ရွှင်လန်းခုန်ပေါက်လျက် သူမလေးအတွက် မြင်သမျှကြုံသမျှသည် ပျော်ရွှင်ကျေနပ်စရာ ဖြစ်လို့နေတော့သည်။ သမီးပျော်တတ်ပုံများ ရပ်နေ လျှင်တောင် ခုန်ဆွခုန်ဆွ လုပ်နေတတ်သည်မို့ သူမလေးရဲ့ စိတ်အစဉ် ဘယ်လောက် ပျော်ရွှင်မြူးထူးနေသည်ဆိုတာကို သရုပ်ပြနေသလိုပင်၊ တကယ်တော့ ကလေးငယ်တစ်ယောက် ပျော်ရွှင်မြူးထူးနေတဲ့ မြင်ကွင်းဟာ ဘယ်လောက်များ ကျေနပ်နှစ်သက်စရာ ကောင်းလိုက်သလဲ၊ ထိုက လေးဟာ အသက်ရဲ့ရင်သွေးလေးဖြစ် နေတာကိုက အသက်တို့မိဘနှစ်ပါးရဲ့ အောင်မြင်မှုပေပေါ့။ တကယ်ဆိုလျှင် သမီးလေး ဖေဖေရော အသက် ရော ငယ်စဉ်ဘဝမှာ ပျော်ရွှင် ကျေနပ်စရာ များများစားစား ရခဲ့ဖူးသူများ မဟုတ်ပေ။ သူ ကိုယ်ဝန်ရှိစကတည်းက ဖခင်ဆုံးပါးသွားပြီး မိခင်မုဆိုးမ ကြီး၏ ရှာဖွေရုန်းကန်မှုတွေနှင့် ကြီးပြင်းခဲ့ရသော သမီး လေးဖေဖေမှာ သူ့ဘဝလေးနှင့်သူ လိမ္မာသိတတ်စွာ ကြီးပြင်းခဲ့ရတာဖြစ်သည်။ အသက်ကရောတဲ့..၊ အသက်လည်း အဖေစုံအမေစုံဆိုသော်ငြား ဆုတောင်းမှားခဲ့ကြပုံရသော မိဘနှစ်ပါးကြားမှာ စိတ်ဒဏ်ရာများနှင့် မလူးသာ မလိမ့်သာ ကြီးပြင်းလာရတာပင်၊ ဖူးစာပါ၍ တွေ့ဆုံခဲ့ကြသော် အသက်တို့နှစ်ယောက်မှာ နှစ်ဦးဘဝရောက်မှသာ တစ်ဦး၏ ပျော်ရွှင်မှုအတွက် တစ်ဦး က မောင်နှမလို၊ သူငယ်ချင်းလို၊ လက်တွဲဖော်လို အလိုက်တသိ ဖြည့်ဆည်းပေးကြရင်း မိသားစုပျော်ရွှင်မှုအစစ်အမှန်ကို ကြုံတွေ့ခံစားဖူးကြတာ ဖြစ် သည်။ စကားနည်းသော သမီးလေး ဖေဖေမှာ အခုတော့လည်း စကားတွေ ဖောင်ဖွဲ့ပြောတတ်သော အရယ်အမော တသောသောနဲ့ ဘဝကို ကျေနပ် စွာ ပျော်ရွှင်နေတတ်သောသူတစ်ဦးဖြစ်ခဲ့ပြီ၊ အသက်လည်း သူနှင့်ထပ်တူထပ်မျှ ပြောင်းလဲမှုတွေနဲ့ လက်ရှိမိသားစုဘဝကို အင်မတန် ခင်တွယ်ကျေ နပ်နေတတ်ခဲ့ပြီရော။
”ငယ်ဘဝရဲ့ အစိတ်အပိုင်း တော်တော်များများမှာ စိတ်ဒဏ်ရာများနဲ့ ရုန်းကန်လှုပ်ရှားကြီးပြင်းခဲ့ရသူတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ သူတို့ ကြီးပြင်း လာတဲ့အခါ စာရေးဆရာများ ဖြစ်လာတတ်ကြတယ်”
ဒီစာသားလေးကို အသက် ဖတ်ဖူးခဲ့သည်မှာ စိတ်ပိုင်းဆိုင်ရာ တက်ကျမ်းစာအုပ်တစ်အုပ်မှာ ဖြစ်သည်။ ဖတ်ပြီးပြီးချင်း ဟယ်ဟု ရေရွတ်ကာ ပြုံးမိ သလို စိတ်ထဲလည်း မကောင်းသလိုဖြစ်သွားမိတာ အမှန်ပင်၊ တကယ်တမ်း ဒီကောက်ချက်သည် သေချာစစ်တမ်းလုပ်ပြီးမှ ထွက်လာတာ ဖြစ်နိုင် သလို၊ တစ်ဦးတစ်ယောက်၏ ထင်မြင်မှုလည်းဖြစ်နိုင်သည်။ ထားပါတော့၊ သို့သော် သို့သော် ငြားပေါ့လေ၊ ခင်ရွှေသက်ဆိုသည့် စာရေးဆရာမ၏ သမီး ကြယ်စင်ဝင်းလက်တို့ ခေတ်မှာတော့  ”ငယ်ဘဝကိုပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းခဲ့ရသော
“ကလေးများရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ကြီးပြင်းလာတဲ့အခါမှာ စာကောင်းပေမွန်များ ရေးသားတတ်သော စာရေးဆရာ အကျော်အမော်များ ဖြစ်လာတတ်ကြတယ်” ဆိုသည့် စစ်တမ်းတစ်ခုလောက်တော့ ထုတ်ဖော်ချင်မိ၏။ စစ်တမ်းပိုင်ရှင်ကတော့ ပုံ – စာရေးဆရာမ ခင်ရွှေသက်ပဲ ဖြစ်လိမ့် မည် ထင်ပါရဲ့။

မီမိုး
Yatimagazine

Wednesday, September 26, 2012

သူငယ်ချင်း


”တကယ်ဆိုရင် အချစ်ပဲလို တယ် ဘာကြောင့် သတ္တိမရှိလဲ ကွယ်” အဘိုးပါးစပ်ဖျားကသီချင်းညည်း သံကိုကြားလိုက်ရတော့ ကျွန်တော် တော်တော်ရယ်ချင်သွား တယ်။ ဘိုးက အဲ့လိုပဲ၊ သူ့ပါးစပ်ဖျားမှာ သီချင်း သံစဉ်တစ်ခုခု စွဲနေ ပြီဆို ပါးစပ်ဖျားက မချတမ်းတ ညည်းညည်း လုပ်နေတတ် တော့ တာ။ တစ်လော ကလေးတင် ပဲခူးက တူမတွေဆီသွား လည်ရင်း ဇာတ်ပွဲ ကြည့်လာခဲ့ပြီး ”မောင်တင်မောင် ဆန်းမင်းဝင်းxxx တင်မောင်xx တင်မောင်xx ဆန်းမင်းဝင်း xx”ဆိုပြီး ခေါင်းလေး တထိုးထိုး မေးလေး တထိုးထိုး လုပ်နေခဲ့သေးတာ၊ ဘိုးဒီလိုလုပ်ပြီဆို နဂိုမျက်နှာ ပြင်အသားပြည့်ပြည့်ကို အနား ကွပ်ထားတဲ့ မေးနှစ်ထပ်က အသား ဆိုင်တွေက တလှုပ်လှုပ်နဲ့ရှိ နေတတ် တယ်။ ဘိုးကတော့ အဲ့ဒါ ငွေအိတ် တဲ့လေ၊ ချမ်းသာတဲ့သူတွေမှ ရှိ တာတဲ့၊ သူဝတာကျ ထည့်မပြော ဘူး။ ခုလည်း မလတ်ဖုန်းမှာ ring tone
လုပ်ထားတဲ့ ချမ်းချမ်း သီချင်း ကို နားထောင်ပြီး ပါးစပ်ထဲ စွဲ နေတာဖြစ်မှာ ဘိုးက သူ့ပက်လက် ကုလားထိုင် ထိုင်မကောင်းလို့ လျော့ ရဲရဲဖြစ်နေ တာကို ပြင်ရင်း သီချင်း ညည်းနေတာကို အမေက ဖြတ်သွား ဖြတ်လာ ကြားသွားပြီး ကျွန်တော့်ကို ကြည့်လုပ်ဦးဆိုတဲ့ ပုံနဲ့ မေးငေါ့ပြ သွားတယ်။ ကျွန်တော်ကတော့ အမေ့မျက်နှာပေးကို အဘိုးမြင် သွားမှာ အားနာတာနဲ့ ချက်ချင်း မျက်နှာလွှဲလိုက်မိတယ်။ အမေ က…အဲ အမေ တင် မဟုတ်ပါဘူး။ တစ်အိမ်လုံးက ဘိုး ကိုဆို အဲ့လို နုဖတ်သလပ်နေတဲ့ သီချင်းတွေ ဆိုရင် မကြိုက်ဘူး။ ဘိုး အဝတ် အစား နုနုစိုစိုလေးတွေ ဝတ်ရင်လည်း မကြိုက်ဘူး။ ပြီးတော့ အင်း ပြီးတော့ သူတို့ မကြိုက်တာတွေ ရှိ သေးတယ်။ အများကြီးပဲ။ ကျွန်တော် ကတော့ ဘိုးကိုချစ်တော့ နားလည်ပါတယ်။ ”ဟေ့ကောင် မင်းမရဘူး လား” ”ဘာလဲ ဘိုး” ”ဒီသီချင်းကို မင်းရလားလို့ မေးနေတာ”
”အာ ဘိုးကလည်း မိန်းမ သီချင်းတွေ သား ဘယ်လိုလုပ်ရ မှာလဲ” ဘိုး ဘာမှ ဆက်မပြော တော့ဘူး။ သူ့ဟာသူရတဲ့ အပိုဒ် လေးပဲ ထပ်ထပ်ကျော့ညည်းနေ တယ်။ ဘိုးက အဲ့လို ငြိမ်းချမ်းတဲ့သူပါ။ ဘယ်သူ့ကိုမှ ဇွတ်တောင်းဆို တာ မရှိဘူး။ အမိန့်ပေးတာ သူ့ စိတ်နဲ့ မတည့်လို့ ဂျီကျတာ ဒါမျိုး တွေမရှိဘူး။ ကျွန်တော်ကတော့ ဘိုးကိုချစ်တယ်။ သဘောကျတယ်။ ”မြေးရေ ညနေကြရင် ဝက် ခေါင်းသုပ် သွားစားရအောင်”
ဘိုးဆီက ဒီအသံကြားတော့ ကျွန်တော့်စိတ်ထဲ ထိတ်ကနဲ ဖြစ် သွားတယ်။ အဲ့ဒါ ရင်ခုန်တာလား။ ရင်ခုန်တယ်ဆိုတာ ဒါမျိုးလား။ ဒီ စကားပြောလာတဲ့ ဘိုးစိတ်ထဲမှာ ဘယ့်နှယ့်နေလဲ၊ ကျွန်တော်ဘိုးကို ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
(၂)
တကယ်တော့ ကျွန်တော်နဲ့ ဘိုးက နှစ်ကိုယ့်တစ်စိတ်လို့ ပြောရလောက်အောင် အကျင့်စရိုက်တော် တော်များများ တူကြတယ်။ ဘိုးရဲ့ ငယ်ပေါင်းကြီးဖော်မိတ်ဆွေတွေ က လည်း ကျွန်တော့်ကိုမြင်ရင် ‘မင်းမြေးက မင်းရုပ်ပဲ’လို့ အမြဲတမ်း ပြောတတ်ကြတယ်။ ကျွန်တော်က အဲဒီ့တစ်ခုတော့ သိပ်ဘဝင်မကျ ဘူး။ ဘိုးရဲ့ငယ်ဓာတ်ပုံလည်း ကျွန် တော်က တစ်ခါမှ မမြင်ဖူးတော့ ယုံ ကြည်ချက်တွေ လျော့လျော့သွား တယ်။ ဘိုးရဲ့အခုပုံနဲ့ ကျွန်တော့်ပုံ က ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရပါဘူးဗျာ။ သိပ်အစာ မကြေတာ နဲ့ပဲ ဘိုးရဲ့ငယ်ဓာတ်ပုံတွေပြပါလား လို့ တောင်းကြည့်ပြန်တော့လည်း ‘ငါ့ပုံတွေက အိမ်မီးလောင်တုန်းက ပါသွားပြီကွ’ လို့ကျွန်တော် ဘာပြောချင်မှန်း သိတဲ့ပုံနဲ့ ပြုံးပြုံးကြီး ဖြေတတ်တယ်လေ။ ပြီးတော့ လည်း ကျွန်တော် မခံချင်အောင်’ငါ မင်း အရွယ်တုန်းက မင်းထက်ပိုကြည့် ကောင်း တယ်’လို့လည်း ပြော တတ် သေးတယ်။ ထားပါတော့။ ဓာတ်ပုံ သက်သေမရှိတော့လည်း ကျွန် တော့်မှာ အောင့်သက်သက်နဲ့ ခံ နေရတာပေါ့ဗျာ။ ‘ဘာမှာမလဲ’ ကောင်မလေးအသံက သြ တောတောလေး၊ တကယ်ဆို မိန်းက လေးတစ်ယောက်ရဲ့အသံ က ချိုချို အီအီလေး ဖြစ်နေရမှာနော်။ မင်းသမီးသက်မွန်မြင့်လို အသံမျိုးနဲ့ဆို ဒီကောင်မလေးပုံနဲ့ ကွက်တိပဲ။ သူ့ အသံကနဂိုသြဆိုတော့လည်း ပြင်ပြောလည်း ရတော့မယ်မထင်ပါ ဘူး။”ဟေ့ကောင် ဘာစားမှာ လဲလို့” ဘိုးကတံတောင်နဲ့ တွက်ပြီး မေးမှပဲ ကျွန်တော်အသက်ဝင် တော့တယ်။ ကောင်မလေးနဲ့တွေ့ ရင် ကျွန်တော်ဒီလိုပဲ အူကြောင် ကြောင်ဖြစ် ဖြစ်သွားတာ ရှက်စရာ ကောင်းလိုက် တာနော်။ ကောင်မလေး ကလည်း ဒါကိုသိတဲ့ပုံနဲ့ ပါးစပ် တင်းတင်းစေ့ပြီး ပြုံးနေတယ်။ သူ ပြုံးရင် မရှိမဲ့ရှိမဲ့ ပါးချိုင့်က ပေါ် ပေါ်လာတတ်တာ သင်း သိထားတာ နေမှာ သူ့ပါးချိုင့်ကလည်း အဆန်း၊ ဒီလို နှုတ်ခမ်းတင်းတင်းစေ့ပြီး ပိတ် ထားမှ ပါးချိုင့်က ပေါ်တာဆိုတော့ မှန်ရှေ့မှာ အတော်လေ့ကျင့်ယူ ထားတာနေမှာပေါ့။ ”ဘိုး အတွက် ဝက်ခေါင်း သုပ်…သူ့အတွက် ဆီချက်ပဲ လုပ် လိုက် သမီးရေ” ဘိုးက ကျွန်တော့်ကို စိတ်မ ရှည်တော့တဲ့ပုံနဲ့ သူ့ဟာသူပဲ မှာ လိုက်တော့တယ်။ ကောင်မလေးက တော့ လှစ်ခနဲ ပြန်လှည့် ပြေးထွက် သွားတယ်။ သေချာတယ်။ အစား အသောက်တွေ လာချရင် မေမေ ရိုစီပဲ လာချမှာ။ မေမေရိုစီဆိုတာ ကောင်မလေးရဲ့ အဘွားလေ။ အဘိုးက အခု အသက်ခုနစ်ဆယ် ဆိုတော့ အဘိုးနဲ့တော့ ငါးနှစ် လောက်ကွာတယ်။ ဘိုးနဲ့ မေမေ ရိုစီက အဘိုးကြီး အဘွားကြီးတွေ ဆိုပေမယ့် ကြည့်ကောင်းနေဆဲ ဒီဇိုင်းတွေလို့ ပြောရမယ်။ ဘိုးက ချောတော့ မချောတော့ပါဘူး။ နု လည်းမနုပျိုဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ် ကိုယ် လန်းဆန်းကြည့်ကောင်း အောင်နေတတ်တော့ ကြည့် ကောင်းတယ်ပေါ့။ မေမေရိုစီ ကတော့ အသက်နဲ့ မမျှအောင်နုတာ။ ကောင်မလေးက ငါ့အဘွားလို့ ပြော ပြတုန်းကဆို အဘွားလို့ ခေါ်ရမှာ တွန့်နေ တယ်။ ကောင်မလေးက သူ့ အဘွားကို ငယ်ငယ်လေးတည်းက မေမေရိုစီလို့ ခေါ်တာဆိုတော့ ကိုယ်လည်း ရောကြိတ်ပြီး မေမေ ရိုစီလိုက်တာပေါ့ ဟား ဟား၊ ဟော.. .မေမေရိုစီ ပန်းကန်တွေ ကိုယ်တိုင် လာချပေးနေပြီ။ ကျွန်တော် အသာလေး ထရှောင် ပေးလိုက်တယ်။ ရှောင်တယ် ဆို တာကလည်း ဘာရယ်မဟုတ်ပါဘူး။ ဘိုးနဲ့မေမေရိုစီ စကားအေးအေး ဆေးဆေးပြောရအောင်ပါ။ ကျွန်တော့်စိတ်ထဲ ကျွန်တော်ရှိနေရင် ဘိုးမလွတ်မလပ်များဖြစ်နေ မလားလို့။ ဒါဘိုးက ဖွင့်ပြောတာ မဟုတ်ဘူးနော်။ ကျွန်တော်က စိတ်ထဲ အလိုလိုထင်နေတာ၊ ဘိုးနဲ့ ကျွန်တော်က ပါးစပ်က သိပ်ဖွင့် ပြောစရာမလိုဘူးဗျ။ ကိုယ့်စိတ်ထဲ ထင်နေတာဆိုရင် သူ့စိတ်နဲ့ ကွက် တိပဲ၊ အပြင်မှာ ကောင်မလေးက သူ့ကြောင်လေး ပေါင်ပေါ်တင်ပြီး တတွတ်တွတ်နဲ့ ဘာတွေ ပြောနေ မှန်းမသိဘူး။ ကျွန်တော်လည်း သူနဲ့ မလှမ်းမကမ်းက အုတ်ခုံလေးမှာ ထိုင်ပြီး ယူလာတဲ့စာအုပ်လေး ထုတ်ဖတ်နေမိ တယ်။ စာထဲ စိတ်လည်းမရောက်ပါဘူး။ ဒါပေမဲ့ သိပ်စိတ်ပါဝင်စား နေသလို ပုံစံမျိုး လုပ်ထားတယ်။ အထာပေါ့။ ”ဟေ့ကောင် လာစားလေ” ”ဘိုး စားနှင့်ပါ၊ အေးဆေး ပေါ့” ရယ်ရတယ်။ ဘိုးကလည်း တာဝန်ကျေခေါ်တယ်။ ကျွန်တော် ကလည်း တာဝန်ကျေပြန်ပြော တယ်။ဘိုးက အေးအေးဆေးဆေးပဲ မေမေ ရိုစီနဲ့ စကားဆက်ပြောနေတယ်။ကျွန်တော့်စိတ်ထဲ ဘာရယ် မဟုတ် ဘူး။ ဘိုးနဲ့ ကျွန်တော် မေမေ ရိုစီနဲ့ ကောင်မလေးကို စတွေ့တဲ့ပုံကို သတိရသွားမိတယ်။ အဲဒီ့နေ့က ကျွန်တော်တို့ ညနေခင်း အေးအေး ဆေးဆေး စကားတပြောပြောနဲ့ လမ်းလျှောက်ထွက်လာကြတာ။ ကျွန်တော်တို့ လမ်းထိပ်ကိုရောက် ခါနီး အရင်တုန်းက အိမ်ရောင်းမည်လို့ ကပ်ထားတဲ့ အိမ်လေးက လူသံသူသံကြားလို့ ဘိုးရော ကျွန် တော်ရော ပြိုင်တူလှည့်ကြည့်မိခဲ့ ကြပါလေရော၊၊ ကျွန်တော့်အရွယ် ကောင်မလေးတစ်ယောက်နဲ့ ဟော့ ရှော့ အန်တီကြီးတစ်ယောက် သေတ္တာကြီးတစ်လုံးကို မ နေကြတဲ့ မြင်ကွင်းကို တွေ့လိုက် ရတယ်။ သူ တို့သာ အားနဲ့ မနေကြတာ သေတ္တာကြီးက မရွေ့ဘဲ အန်တီကြီးပဲ ဖင် ထိုင်ကျသွားတယ်လေ။ သူတို့ အချင်းချင်းလည်း ရယ်ကြတယ်။ သူတို့ကို ကြည့်မိနေတဲ့ ကျွန်တော် တို့လည်း ရယ်မိကြတယ်။ အဲဒီ့နေ့ မှာပဲ ကျွန်တော့်စိတ်ထဲ အခုမှ စမြင် ဖူး တဲ့ကောင်မလေးကို ဟိုးတုန်း တည်းက ရင်းနှီးမြင်ဖူးသလို ခံစားမှု ကြီးဖြစ် သွားတယ်။ ဘိုးလည်း ဖင် ထိုင်ကျသွားတဲ့ ဟော့ရှော့ အန်တီ ကြီးကို ကျွန်တော့်လိုပဲ ခံစားမိသွား တယ် ထင်ပါရဲ့။ ကျွန်တော်နဲ့ ဘိုးနဲ့ကြားမှာ သူတို့နဲ့ ပတ် သက်ပြီး ပြော စရာစကားလေးတွေ ဖြစ်ဖြစ် လာတယ်။ ကျွန်တော်က ဟိုကောင်မ လေးကို ဂိမ်းဆိုင်မှာတွေ့ခဲ့တယ်လို့ ပြောရင် ဘိုးကဘယ်ကောင်မလေး လဲလို့မမေး ဘဲ အလိုလိုပေါက်တယ်။ ဘိုးက ဟိုတစ်ယောက်က ဆံပင် အရောင်ဆိုးထားတာကွလို့ ပြော ရင် ကျွန်တော်ကကောင်မလေး အဘွားကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်တယ်။ နားလည်မှု ပေါ့ဗျာ။ နားလည်မှုပေါ့။ သိတယ် မဟုတ်လား။ ဒီလိုနဲ့ပဲ ကောင်မ လေးတို့က ရပ်ကွက်ထဲမှာ ဝက် ခေါင်းသုပ်လို၊ လက်ဖက်သုပ်လို ဆီ ချက်လို အစားအသောက်မျိုးလေး တွေ ရောင်းလာတော့ ကျွန်တော်တို့ မြေးအဘိုးအတွက် ပွဲတော်တည်စရာ သူတို့နဲ့ ရင်းနှီး ခင်မင်စရာ လမ်းစ ပွင့်သွားတာပေါ့။ တစ်ခုဆန်းတာက ရင်းနှီး ခင်မင်တယ်သာ ပြောတယ်။ ကျွန်တော်နဲ့ ကောင်မလေး ကြားမှာ တော့မြုံစိမြုံစိပါပဲ။ ဘာမှန်းကို မသိ ဘူး။ ဒီနေ့စကားပြော ဖြစ်ပေမယ့် မနက်ဖြန်တွေ့ရင် ပြောဖြစ်ချင်မှ ပြောဖြစ်တာ။ သူခေါ်နိုး ကိုယ် ခေါ် နိုးနဲ့ မသိသလို နေနေကြတာမျိုးက ခဏခဏ၊ ဘိုးနဲ့ မေမေရိုစီကတော့ တော်တော့်ကို သူငယ် ချင်းဖြစ်နေ ကြပြီ၊ ဘိုးကလည်း သီချင်းဆို ခေတ်ဟောင်း၊ ခေတ်လယ်၊ ခေတ် နှောင်း အကုန်ကြိုက်ပြီးရင် နှစ် ယောက်လုံးက စာပေဘက်မှာလည်း နှံ့နှံ့စပ်စပ်၊ သူက မြသန်းတင့် ဆို တာနဲ့ တစ်ယောက်က ဓားတောင် ကိုကျော်ပြီး မီးပင်လယ်တောင် ဖြတ်ပြီးနေပြီ။ အေးရော။ ဒီတော့ သူတို့အချင်းချင်းလောက်ပေါင်းလို့ သင်းလို့ ကောင်းတာ ရှိဦးမလား။ ကျွန်တော်ကတော့ ဘိုးပြုံးနေ ပျော် နေရင် ကျေနပ်ပါတယ်။ သူစိတ် ချမ်းသာနေတယ်လေ။ ဒါကောင်းတဲ့ လက္ခဏာတစ်ခုပဲ။ အိမ်မှာက ဘိုး အတွက် ကျွန်တော်မှမရှိရင် အဖော် မရှိဘူး။ အဖေနဲ့အမေကလည်း သူ့အလုပ်နဲ့သူ အားတာ မဟုတ်ဘူး။ ပြီးတော့ အမေနဲ့ဘိုးက သားအဖ သာဆိုတယ်။ သိပ်အစေးကပ်တာ မဟုတ်ဘူး။ သားမက်ဖြစ်တဲ့ အဖေ ကလည်း ဘိုးကို ဆို ခပ်ရှောင်ရှောင်ပဲ နေတတ်တာ ကိုကြီးတို့ မလတ်တို့ ကလည်းဘိုးနဲ့ လုံးလုံးထွေးထွေး ရှိလှတာမဟုတ်။ ကျွန်တော်ကလည်း ဆယ်တန်းအောင်ခါစဆိုတော့ ဟို သင်တန်းတက်၊ ဒီသင်တန်းတက်နဲ့ အိမ်ပြန်ရောက်ရင်တော့ ဘိုးနား ကပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မရှိရင်တော့ ဘိုးမှာ အဖော်မဲ့နေတာ ပေါ့လေ။ အခု ဘိုးမှာ မေမေရိုစီ ရှိ လာတာ ဝမ်းသာတယ်။ သူ့အတွက် အဖော်တစ်ယောက်ရတာပေါ့။
(၃)
ဘိုးက မေမေရိုစီနဲ့ ဘော်ဒါ ဖြစ်ပြီးကတည်းက ကျွန်တော့်ကို တောင် အဖော်သိပ်မလုပ်တော့ ဘူး။ လမ်းလျှောက်ချိန်ကိုလည်း မနက်ခင်းကိုပြောင်းလိုက်တယ်။ မနက်ခင်းစာဆိုလည်း မေမေရိုစီ့ လက်ရာတွေပဲ စားစားလာတယ် ထင်တယ်။ အိမ်သားတွေနဲ့ သိပ် မစားဖြစ်တော့ဘူး။ တစ်ခါလည်း ဘိုးနဲ့ဘွား မင်္ဂလာဦးတုန်းက ရိုက် ထားတဲ့ ဓာတ်ပုံကို အမေတို့ မသိ အောင် ဖွက်ယူသွားတယ်။ ကျွန်တော်က ဘာလုပ်ဖို့လဲ မေး တော့ မေမေရိုစီကို ပြဖို့တဲ့လေ။ သေချာတယ်။ မေမေရိုစီ တစ် ယောက်တော့ ဘိုးရဲ့ နောက် ကြောင်းပြန်လွမ်းမောဖွယ်အတိတ် ဇာတ်လမ်းကို နားညည်းအောင် နား ထောင်လိုက်ရရှာမှာပဲ။ ဘိုးက ဘွား အကြောင်းများ စကား မစပ် လိုက်နဲ့ အနားကလူ နားရွက်ပြတ်ကျ လောက်အောင် ပြောတာနော်။ သူ တို့ ဘယ်လိုစတွေ့တာ တွေ့တုန်း က ဘွားက ဘယ်လို၊ ဘိုးက စတော့ ကက်ကက် လန်အောင် ရန်တွေ့တာ ဘွားထဘီကို ညီအောင် မဝတ် တတ်တာကအစ၊ သူတို့ အိမ်ထောင် ကျခါစမှာ ဘိုးကို အိပ်ရာစောထ မှာစိုးလို့ လုံချည်နဲ့ ပုဆိုးနဲ့ကို တွယ် ချိတ်နဲ့ ခိုးတွယ်ပြီး ကလေး ဆန် တတ်တာတွေအဆုံး ပြောပြပါ လိမ့်မယ် တစ်လှေကြီး။ နောက်ပြီး ဘိုးပါးစပ်က seven october ဆိုတဲ့ စကားကလည်း ခဏ ခဏ ပြောတတ်သေး၊ သူတို့လက်ထပ်တဲ့ ရက်ဟာ ဘိုးပါးစပ်ဖျားမှာ နှစ်တွေ ဒီလောက် ကြာနေတာတောင် ပြော ဖို့ တော် တော်ချိုမြိန်တယ် ထင်ပါရဲ့။ ဘွားဆုံးတာ ဆယ်နှစ်ကျော်သွား ပေမယ့် တစ်နှစ်မပျက် ဘွားအတွက် အလှူအတန်း လုပ်ပေးဖို့လည်း သတိရတတ်တဲ့သူဟာ ကျွန်တော့် ဘိုးပါပဲ။ ဘိုး ဓာတ်ပုံပြန်ယူလာတဲ့ အချိန်မှာ ကျွန်တော်ကလည်း မေးဖြစ်အောင်မေးလိုက်သေး တယ်။ မေမေရိုစီ ဘာပြောလဲလို့ လေ။ ဘိုးက သိပ်ကျေနပ်နေတဲ့ ဟန်နဲ့ ”သူကမင်းတို့ အဘွား ကို တော်တော်ကြည့်ကောင်းတဲ့ အမျိုး သမီးပဲတဲ့။ ငါပြောပြတဲ့အကြောင်း တွေကို နားထောင်နေတာများ ငြိမ်လို့။ အောင်မာပြီးတော့ ဘာ ပြောတယ် မှတ်လဲ။ တော်တော် လွမ်းမောစရာကောင်းတဲ့ ဇာတ် လမ်းလေးပဲတဲ့။ ရှင်သူ့ကို ခိုးပြေးတဲ့ နေ့တုန်းက ရှင့်အမျိုးသမီး ဘူတာရုံ မှာ ယောက်ယက်ခတ်နေမယ့်ပုံလေး ကို ကျွန်မ မြင်ယောင်ပြီး သနားလိုက် တာတဲ့။ ပြီးတော့ ငါတို့ မော်ချီးမှာ နေတုန်းက အိမ်ကို ရုံးက အစောင့် ကြီး တံခါးလာခေါက်တာ။ မင်း အဘွား သူပုန်မှတ်ပြီး ဖင်ဘူး တောင်းထောင် ဘုရားစာတွေ အော်ဆိုနေတာ ပြောပြလိုက်တော့ ရယ်တာများ မျက်ရည်တောင် ထွက် တယ်” ကျွန်တော် ဒီစကားတွေကို ကြားတော့ ဘိုးကို ကျွန်တော် နား မလည်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်အထက်တန်းကျောင်း တုန်းက တောက်လျှောက် ကြောင် ခဲ့တဲ့ မိန်းကလေးကို ရပ်ကွက် ထဲမှာ တော်တော် များများက သိကြတယ် ဗျ။ သူကလည်း နှစ်အိမ်ကျော်မှာနေ တာကိုး။ အဲ့ကောင်မလေးကို ကျွန် တော်ဘာလို့ ကြိုက်ခဲ့လဲဆိုတာ စဉ်း စားလို့ကို မရဘူး။ ကျွန်တော်က ငယ်ငယ်တုန်းက သွားခေါခေါ ကောင်မလေးတွေဆို သိပ်ကြိုက် တာ။ ကျွန်တော်ကြိုက်မိတဲ့ ကောင် မလေးက သွားကခေါတဲ့အပြင် ထပ်ထပ်တွေတောင် ဖြစ်နေသေး တယ်။ ငယ်ကြိုက်နဲ့တော့ ကွက်တိ ပေါ့ဗျာ။ ခုချိန်မှာတော့ မျက်လုံးက ကြည့်တတ်လာပြီ။ အသည်းနှလုံးက အမှန်အကန်ခံစားတတ်လာပြီ ပြော ရမလား။ တကယ်လှမှ လှတယ်လို့ မြင်တတ်လာပြီ။ ဥပမာ- ကောင်မ လေးလို ပုံစံမျိုးပေါ့။ အခု ကောင် မလေးက ကျွန်တော့်အရင် ခေါခေါ လေး အကြောင်းများ သိသွားမှာ အလွန်ဆိုး။ တစ်ယောက်ယောက် က ပြောပြလို့ပဲဖြစ်ဖြစ် အကြောင်း အပေါင်းတိုက်ဆိုင်လို့များ သိသွား ရင် ကျွန်တော်တော့ တော်တော် လေးကိုရှက်မိမှာပဲ။ ဒါက ကျွန်တော် တို့ လူငယ်တွေ အပိုင်းပေါ့နော်။ ဘိုးကတော့ သူ့မိန်းကလေး မိတ် ဆွေရှေ့မှာ အရင်က အကြောင်းတွေ အေးအေးဆေး ဆေးပြောပြနိုင်တာ တစ်မျိုးပဲ။ အေးပေါ့နော် လူကြီးနဲ့ လူငယ် မတူဘူးထင်ပါရဲ့။
(၄)
ကျွန်တော် အိပ်ရာကလန့်နိုး တဲ့အချိန်မှာ ရန်ပွဲက တော်တော် အရှိန်ရနေပြီ။ အမေကလည်း ငိုလို့ ယိုလို့၊ ဘိုးကလည်း တော်တော် ပေါက်ကွဲနေတယ်။ ကျွန်တော့်မှာ အိပ်ချင်မူးတူးနဲ့ ဒါနေ့လား ည လား အတော်စဉ်းစား ယူရသေးတယ်။ သူတို့ ဘာတွေဖြစ်နေကြတာလဲ။ အမေနဲ့ဘိုးက သိပ်အဆင်မပြေဘူး ဆိုပေမယ့် ဒါမျိုးတော့ တစ်ခါမှ ဖြစ်ဖူးကြတာ မဟုတ်ဘူး။ အသံ တွေနားစွင့်ကြည့်တော့ ”ငါက နင်တို့အတွက်ပဲ တစ်သက်လုံးစဉ်း စားခဲ့တာ။ နင်ငါ့ကို မစော်ကားနဲ့” လို့ ဘိုးက ကျုံးအော် တယ်။ အမေ ကလည်း ”တစ်သက်လုံးစဉ်းစား လာခဲ့ပြီးမှ အခုမှ ဘာလို့ အရှက် ခွဲနေရတာလဲ။ အဲဒီ့အဘွားကြီး ဆိုင်မှာ အဖေ ညနေတိုင်း သွား သွား ထိုင်ပြီး လေပန်းနေ တာ တစ်ရပ်ကွက်လုံးက ဟားနေကြပြီ” လို့ ပြန်အော်နေတယ်။ ဟာ ဘိုးဘိုး ကို မေမေရိုစီနဲ့ စွပ်စွဲနေကြတာ ပဲ။ ကျွန်တော် တော်တော် အံ့သြသွား တယ်။ ဘာလဲ ဘိုးနဲ့ မေမေရိုစီက အမေတို့ စွပ်စွဲရလောက်အောင် အဆင့်မြင့်တိုးတက်နေတာလား။ ပြဿနာက အမေ့ဒေါသ ကျွန်တော့် ဘက် လှည့်လာမှာ စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အမေက ကျွန် တော်တို့ကို မကျေနပ်ဘူးဆို နင်တို့ မြေးအဘိုးတွေက ဆိုတဲ့စကားနဲ့ ပတ်ပတ်ရမ်းတတ်လွန်းလို့။ ဘိုးတို့ ရန်ဖြစ်နေ ကြတာ ဘယ်သူမှလည်း ဝင်မတား ကြပါလား။ အဖေအဖေ ဘာလုပ်နေလဲ။ ကိုကြီးနဲ့ မလတ် ရော။ ကျွန်တော် ကုတင်ပေါ် ငုတ်တုတ်ထိုင်နေချိန်မှာပဲ အခန်းထဲကို ကိုကြီးပြန်ဝင်လာတယ်။ ကျွန် တော့်ကို တွေ့တော့ ပြုံးစိစိနဲ့ ပခုံး တွန့်ပြတယ်။ ကျွန်တော်ကတော့ သူဘာပြောမလဲ မျှော်လင့်ချက်နဲ့ ကြည့်ဖြစ်တယ်။ ကိုကြီးက ဘာမှ မပြောဘူး။ စကားဝိုင်းနားရောက် သွားတာ အတော်ပင်ပန်းသွားတဲ့ ပုံနဲ့ ဝုန်းခနဲပက်လက်လှန်ချပြီး အိပ် တော့တာပဲ။ ကျွန်တော်မနေနိုင် တော့ဘူး။ သူ့ကို အတင်းနှိုး ပြီး မေး ရတော့တာပေါ့။ သူက မပြောချင် ပြောချင်နဲ့ မေမေရိုစီနဲ့ ဘိုးတွဲသွားတွဲလာ ပြောသွားပြောလာ လုပ် နေတာကို အမေက မကြိုက်ကြာင်း၊ ပတ်ဝန်းကျင် ကလည်း ပြောနေတာ ရှက်ဖို့ကောင်းကြောင်း၊ ကျွန်တော်ခုနက ကြားထား သလောက်ပဲ သူက ပြန်ပြောပြ နေတယ်။ ပြီးတော့”မင်းလည်း ကြား ထဲက ဝင်ရှုပ်မနေနဲ့” တဲ့လေ။ အဆစ် အဟောက်ခံလိုက်ရသေးတယ်။ ကျွန်တော် တော်တော် စိတ်ရှုပ်သွားတယ်။ ဘာပြောရမှန်းလည်း မသိ တော့ စောင်ခေါင်းမြီး ခြုံပြီး ပြန်အိပ်နေ လိုက်တော့တယ်။ အိပ်လို့ ကတော့ ဘယ်ပျော်ပါ့မလဲ။ ဘိုး အတွက် စိတ်မကောင်းဘူး။ ဘိုး တော်တော်နဲ့ အိပ်မပျော်နိုင်ဘူးဆိုတာ ကျွန်တော်သိနေတယ်။ စိတ်မကောင်းပါဘူး ဘိုးရယ်။ နောက်နေ့ကျတော့ ကျွန် တော် ဘိုးအခန်းကိုသွားပြီး အလျင် စလို မေးမိတာရှိတယ်။ ဘိုးနဲ့ မေမေရိုစီက အမေတို့ စွပ်စွဲသလို တကယ်ပဲ ဇာတ်လမ်းရှိနေလားဆို တာကိုပေါ့။ မေးပြီးမှ ကျွန်တော် ဘိုးကို သနားလိုက်တာလေ။ ဘိုး ချက်ချင်းမဖြေဘူး။ ကျွန်တော့်ကို ငေးကြည့်နေတာ အကြာကြီးပဲ။ ဘိုးက တုံးတိုက်တိုက်ကျားကိုက် ကိုက်သမား။ ဒီလို စကားတစ်ခွန်း ဖြေဖို့ တွေဝေနှောင့်နှေးတယ်ဆို တာ ရှိမှမရှိခဲ့တာ။ ကျွန်တော် လည်း ဘာမှန်းမသိ အနေရအထိုင် ရခက်ပြီး ကန်တော့နော်ဘိုး။ ကန် တော့ ကန်တော့လို့ ပြောလိုက်မိတော့ ဘိုးက ရပါတယ်ဆိုတဲ့ပုံနဲ့ ခပ်ယဲ့ယဲ့ ပြုံးတယ်။ အဲဒီ့နေ့ကစပြီး ဘိုးနဲ့ ကျွန် တော် ညနေဘက်လမ်းအတူမ လျှောက်ဖြစ်တော့ဘူး။ မေမေ ရိုစီ တို့ဆိုင်မှာလည်း အတူမထိုင်ဖြစ် တော့ဘူး။ အတူမထိုင်ဖြစ်တော့ဘူး ဆိုတာက ကျွန်တော်ကတော့ သွားတယ်လေ။ ပုံမှန်ပဲ။ ဘိုးပဲ မလိုက်တော့တာ။ အမေကျေနပ် အောင် အနေအထိုင်ဆင်ခြင်ပေး တဲ့ သဘောပေါ့။ ပထမပိုင်းရက် တွေကတော့ မေမေရိုစီက ဘိုးမပါ ဘူးလားဆိုတာလောက်ပဲ။ မရိပ်မိ သေးဘူး။ နောက်တော့ ပါမလာ ဖန်များတာရယ် သူ့ဟာသူလည်း တစ်နေရာရာက ဘယ်ကဘယ်လို ကြားလာတယ်မသိပါဘူး။ ဘိုးမပါ ဘူးလား ဆိုတဲ့စကားကို မမေး တော့ဘူး။ ရုပ်ရှင်တွေထဲကလို အမေကများ ကျွန်မအဖေနဲ့ ရှင့်ကို သဘောမတူပါဘူးတွေ ဘာတွေ သွားလုပ်သေးလား မသိပါဘူးဗျာ။ ကောင်မလေးနဲ့ ကျွန်တော်နဲ့က တော့ အရင်ကထက် ပိုခင်လာ တယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ကျွန်တော်က ကွန်ပျုတာသင်တန်း အတူတက်ဖြစ်ခဲ့ တာဆိုတော့ တစ် ရပ်ကွက်တည်းသားချင်းစည်းလုံးတဲ့ သဘောပေါ့။ ဒါပေမဲ့ဆန်းတာက ကောင်မလေးက သူ့အဘွားနဲ့ ကျွန် တော့်အဘိုးအကြောင်းကို ယောင် လို့တောင်မှ စကားမဟဘူးဗျ။ ကျွန် တော်ကတော့ ဘိုးနဲ့ မေမေ ရိုစီဟာ ရိုးရိုးလား ဆန်းဆန်းလားဆိုတာ သိပ်သိချင်တာပဲ၊ ဒါပေမဲ့ ဘယ်သူ့ မေးရမှန်းမသိတော့ သိချင်လျက်နဲ့ ငြိမ်နေလိုက်ရတာပဲလေ။ နည်းနည်း ကြာလာတော့လည်း မေးဖို့ကို မေ့ ချင်ချင် ဖြစ်လာတယ်။ ဘိုးက အခုနောက်ပိုင်း ဓမ္မာရုံဘက် ခြေဦးလှည့်နေတယ်။ ရွယ်တူအဘိုးကြီးတွေနဲ့ ဘုရား အကြောင်းတရားအကြောင်း၊ ရပ် အကြောင်း ရွာအကြောင်း ပြောကြ ဆိုကြပေါ့။ ဒါပေမဲ့ ဘိုးပါးစပ်က အရင်လို သီချင်းညည်း သံလေး တွေမကြားရတော့ဘူး။ ကျွန်တော် နဲ့ရယ်စရာမောစရာ တောင်တောင် အီအီလေးတွေ မပြောတော့ဘူး။ အိမ်မှာလည်းဘိုးက သီးသီးခြား ခြားကြီး တိတ် ဆိတ်နေတော့ တယ်။ ဒါဟာ ဘိုးရဲ့အသည်းကွဲ ဇာတ်လမ်းလား၊ ကျွန်တော်စိတ်မ ကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင် ခဲ့ပါဘူး။
(၅)
ဘိုး တော်တော်နေမကောင်း ဖြစ်နေတယ်။ ပထမတော့ ရိုးရိုးဖျား တာနာတာလောက်ပဲ ထင်ထား တာ။ နောက်ပိုင်း ဟိုဟာစစ် ဒီဟာ စစ်နဲ့ ဆေးတွေစစ်ရင်း၊ စစ်ရင်း ဘိုးရောဂါက တော်တော်စုံလာ တယ်။ ဘိုးနဲ့ ရန်ဖြစ်တုန်းက ဖြစ် ထားပြီးမှ ဘိုးမှာ ရောဂါတွေရှိမှန်း လည်းသိရော အမေက အခန်းထဲမှာ သွားသွားငိုတော့တာပဲ၊ အိမ်မှာ လည်း လူတွေ မျက်နှာမကောင်း ကြတော့ဘူး။ ကျွန်တော်ဆို ဘိုးကို လက်လွှတ်ရတော့မယ်လို့ သိတဲ့ အချိန်စိတ်ထဲမှာ ဘယ်လိုဖြစ်သွား မှန်း မသိဘူး။ ဘိုးအတွက် ကျွန် တော်ဘာလုပ်ပေးနိုင်မလဲဆိုတာ နေ့ရောညရော တွေးနေမိတယ်။ အဖြေတစ်ခုရတဲ့ အချိန်မှာတော့ ကျွန်တော် မေမေရိုစီကိုသွားတွေ့ ခဲ့ပါတယ်။ ကျွန်တော်ပြောပြနေတဲ့ ဘိုးရဲ့ နောက်ဆုံးအချိန်ကို နား ထောင်ပြီးတဲ့အချိန်မှာ မေမေရိုစီ မျက်ရည်ကျတယ်။ ပြီးတော့ သူလာ တွေ့ပါဦးမယ်လို့ပြောတယ်။ တကယ် တမ်း မေမေရိုစီအဲ့လို ပြော တဲ့ အချိန်မှာ ကျွန်တော် ထိတ်ခနဲ ဖြစ်သွားတာ အမှန်ပဲ၊ ဘာလို့လဲ ဆိုတော့ မေမေရိုစီ လာတွေ့ရင် အိမ်ကလူတွေနဲ့ အထူးသဖြင့် မေမေနဲ့ အဆင်ပြေပါ့မလား၊ ဘာ တွေဖြစ်လာမလဲ ကျွန်တော် မသိ နိုင်ဘူးလေ ဒါပေမဲ့ ကျွန်တော် ဘိုး အတွက် စွန့်ကြည့်လိုက်တဲ့ သဘော နဲ့ ဟုတ်ကဲ့လို့ စကားပြန် ပြောဖြစ် ခဲ့တယ်။ ဒါပေမဲ့အံ့သြစရာကောင်းတာ က မေမေရိုစီက အဆင်ပြေအောင် အားလုံးဖန်တီးသွားတယ်၊ သူ ဘယ် လိုလုပ်ပြီး ဆေးရုံချိန်တွေ စုံစမ်း လိုက်လဲမသိ ဘူး။ ဆေးရုံမှာ တက် နေတဲ့ ဘိုးနားမှာ အိမ်သားတွေ မရှိတဲ့အချိန်၊ နာ့စ်တစ်ယောက် တည်းရှိမယ့်အချိန် အဲ့လိုအချိန် တွေမှာပဲ ဘိုးကိုသွားတွေ့ တယ်။ တော်တော် အံ့သြစရာ ကောင်း ပါတယ်ဗျာ၊ ကျွန်တော် သွားနေကျ အချိန်မဟုတ်ဘဲ ဆေးရုံကိုရောက် သွားတဲ့တစ်နေ့ ဘိုးနဲ့မေမေရိုစီကို ဘယ်လိုမြင်ကွင်းမျိုးနဲ့ တွေ့လိုက် ရတယ်ထင်လဲ။ မေမေရိုစီက ဘိုးလက်သည်း တွေကို ညှပ်ပေးနေတယ်။ ပါးစပ်က လည်း သီချင်းလေး တစ်ပုဒ်တိုးတိုး ညည်းလို့ နေတယ်လေ။ ဘိုးက အားလျော့ပျော့ခွေ နေပေမယ့် ကြည်လင်ချမ်းမြေ့နေတဲ့ဟန်နဲ့ ငြိမ် နေတယ်။ သူတို့နှစ် ယောက်ကို ကျွန်တော်အပေါက်ဝကနေ မြင်နေ ရပြီး အနှောင့်အယှက် မပေးရက် တော့ဘူး။ ဒါ ကဗျာတစ်ပုဒ်လား။ ဒါရိုးစင်းတဲ့ ပန်းချီကားတစ်ချပ်လား။ အဲဒီ့နေ့က ကျွန်တော် ဘိုးအခန်း ထဲမဝင် ဖြစ်တော့ဘူး။ အသာလေး လှည့်ပြန်လာရင်း အပြန်လမ်းမှာ မျက်ရည်တွေဝဲ နေမိတယ်ဗျာ။ အဲဒီ့ရက်တွေနောက်ပိုင်းမှာ တော့ အမေကိုယ်တိုင်က မေမေရို စီကို လိုလားပုံပြလာတယ်။ သက် တမ်းကုန်ခါနီး သူ့အဖေအနားမှာ ဒီမိန်းမဘာကြောင့် ရှိနေလဲဆိုတာ သူကိုယ်တိုင် မတွေးတတ်တော့လို့ အရှုံးပေးလိုက်ပြီထင်ပါရဲ့။ ဘိုးရဲ့ ရောဂါကလည်း သည်းသည်း လာ တယ်။ ကျွန်တော်တို့အိမ်ကလူတွေ မှာလည်း အလုပ်တွေက တိုက် ဆိုင်စွာပဲ ရှုပ်ရှုပ်လာတယ်။ မလတ်ခိုးရာလိုက်သွားလို့ အမေ တို့က ရင်ဘတ်စည်တီး ဖြစ်ကြ၊ ရှာ ကြ၊ ဖွေကြ၊ ကိုကြီးက နိုင်ငံခြား ထွက်ခါနီးအချိန်မို့ စီစဉ်စရာရှိ တာတွေ စီစဉ်လှုပ်ရှားကြ အဖေ က နယ်ပြောင်းမိန့်ကျလာလို့ အဖေ့ အတွက် အဆင်ပြေအောင် စဉ်းစားပေးကြရ။ အမေဝယ်ထား တဲ့ တိုက်ခန်းက အိမ်ငှားတွေ ဆင်းမပေးလို့ အမှုရင်ဆိုင်ကြနဲ့ အိုး များလိုက်တဲ့ ဗာဟီရတွေဗျာ။ ဘိုး တက်တဲ့ဆေးရုံကို ကျွန်တော်ပဲ ည ဘက်မှာ အပြေးအလွှားလာ လာ ကြည့်ပြီး လိုအပ်တာတွေ လူကြီး လုပ်စီစဉ်ပေးနေရတယ်။ လူနာရှင် လို ဘိုးဘေးနားမှာ မညည်းတမ်း အချိန်ပြည့် ရှိရှိလာတတ် တာ က တော့ မေမေရိုစီပဲပေါ့။ မေမေရိုစီ့ ပါးစပ်ဖျားက သီချင်းသံလေးတွေ အစား ဘုရားစာရွတ်သံလေးတွေ ပြောင်း လဲလာတာကတော့ ထူးခြား မှုပါပဲ။ ကျွန်တော်ဆေးရုံရောက်တိုင်း မေမေရိုစီကို အမြဲပြောဖြစ်တဲ့ စကားလုံးကတော့ ကျေးဇူးတင်ပါ တယ်ဆိုတဲ့စကားပါ။ အဲဒီ့အခါ တိုင်း ‘ရပါတယ်သားရယ်’ လို့ အမြဲ ပြန်ပြောတတ်တာကလည်း မေမေ ရိုစီရဲ့ စကားသံပါ။
(၆)
ဘိုး မနေ့က ဆုံးသွားပါပြီ။ နေ့ချင်းပြီး သဂြိုလ်လိုက်ကြတယ်။ ကျွန်တော်တို့ရပ်ကွက်က စည်းရုံး တော့ လူတိုင်းလိုလို လိုက်ပို့ကြ တယ်။ ကောင်မလေးလည်း လိုက် ပို့တယ်။ ဒါပေမဲ့ မေမေရိုစီတော့ မပါဘူး။ ကျွန်တော် ဘိုးကို သဂြိုလ် ပြီး အပြန်မှာ ကောင်မလေးနဲ့အတူ သူတို့အိမ်ကိုလိုက်ပြီး မေမေရိုစီကို လိုက်တွေ့ ဖြစ်တယ်။ တွေ့ ချင်လို့ပါ။ ခုချိန်မှာ ဘာလို့မှန်း မသိဘူး။ မေမေရိုစီ့ကို အရမ်းတွေ့ချင်နေ တယ်။ ကျွန်တော်သူတို့အိမ်ကို ရောက်သွားတော့ မေမေရိုစီ သနပ် ခါး ဖွေးဖွေးလိမ်းလို့ သူဝတ်နေကျ နုဆင်လေးတွေဝတ်ပြီး ပန်းပင် ရေ လောင်းနေတယ်။ ကျွန်တော် အရမ်း အံ့သြသွားတာပဲ။ ကျွန်တော် ထင် နေတာက မေမေရိုစီ ဟာ ခုချိန်မှာ ဘိုးအတွက် ဝမ်းနည်းကြေကွဲ နေ မယ်။ ကျွန်တော်က တတ်နိုင် သမျှ နှစ်သိမ့်ပေးရမယ်။ ဒီလို ထင်နေ တာ မေမေရိုစီက ကျွန်တော်တို့ ဝင် လာတာမြင်တော့ ပြန်လာ ခဲ့ပြီလား လို့မေးရင်း အိမ်မှာ ဘာချက်ထား တယ် ဘာချက်ထားတယ် ဆိုတာ တွေ သူ့မြေးကို ပြောပြလို့ ကျွန်တော့် ကိုတောင် တစ်ခါတည်း စားသွား ပါလားလို့ ဖိတ်နေသေးတယ်။ ကောင်မလေး အိမ်ထဲဝင်သွားတဲ့ အချိန်မှာတော့ ကျွန်တော် မနေ နိုင်တော့ဘူး။ မေမေရိုစီကို မေးခွန်း တစ်ခုမေးလိုက်မိတယ်။ ကျွန်တော့် မေးခွန်းက ကလေးဆန်သွားမလား။ အရမ်းကသုတ် ကရက်နိုင်သွားမ လား မတွေးအားပါဘူးဗျာ။ သိချင် တာနဲ့ မေးချလိုက်တာ။
”မေမေရိုစီ…ဘိုးအတွက် မခံစားရဘူးလားဟင်” မေမေရိုစီက ပန်းပွင့်လေး တစ်ပွင့်ကို သာသာလေးကိုင်ကြည့် ရင်းက ကျွန်တော့်ဘက်ကိုလှည့် လာတယ်။ ပြီးတော့မှ ခပ်လေး လေးအေးအေးနဲ့ ပြန်ဖြေတယ်။ ”ခံစားရတာပေါ့သားရယ်.. ဒါပေမဲ့ မေမေရိုစီက ကိုယ့်သူငယ် ချင်းအတွက် အကောင်းဆုံး လုပ် ပေးပြီးပြီလေ။ တာဝန်ကျေပြီလို့ ထင်တော့ ဖြေသာပါတယ်။” မေမေရိုစီရဲ့ တိုးတိုးလေးဖြေ လိုက်တဲ့အသံက ကျွန်တော့်နားထဲ မှာ အကျယ်ကြီးကြားလိုက်ရသလို ပဲ။ သူငယ်ချင်း သူငယ်ချင်းတဲ့။ လှပရိုးရှင်းပြီး ချစ်စရာကောင်းလှ တဲ့ အသုံးအနှုန်းတစ်ခု၊ ကျွန်တော် ငိုင်တိုင်တိုင်နဲ့ ပြန်ထွက်လာမိတဲ့ အချိန်မှာ မေမေရိုစီကို နှုတ်ဆက် မိ လား နှုတ်မဆက်မိလားတောင် သတိမထားမိတော့ပါဘူးဗျာ။ ကျွန် တော်တစ်လမ်းလုံး တွေးလာမိတာ က အထီးကျန်ဆန်နေတဲ့ အသက် ကြီးကြီး အဘိုးကြီး တစ်ယောက်မှာ သူနဲ့ ရွယ်တူ အမျိုးသမီးသူငယ် ချင်းရှိနေနိုင်တာ ကျွန်တော်တို့ ဘာလို့ နားမလည်ပေးနိုင်ခဲ့ကြလဲ ဆိုတာပါပဲ။

မီမိုး
ရတီမဂ္ဂဇင်း

Sunday, September 16, 2012

ချစ်သူရဲ့ပွဲ


လောကကြီးမှာ ကိုယ့်ချစ်သူ မိန်းကလေး ၏ လက်ထပ် ဖိတ်စာကို မြင်ရ၍ အလွန် ဝမ်းသာ ကြည်နူး ရသော ယောက်ျားသား တစ်ဦးရှိသည် ဟုဆိုလျှင် ယုံကြည်ကြ မည်လော။ အမှန်တကယ် ရှိခဲ့ပါသည်။ လက်ထပ် သွားသူမှာ ကျွန်တော့် ချစ်သူဖြစ်ကာ ဝမ်းသာ ကြည်နူးနေမိ သူမှာ ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်လေသည်။
ဟိုးရှေ့ရှေ့က လာနေသူမှာ ကျွန်တော့်ချစ်သူ သုဝေဝေလွင် ဖြစ်သည်။ သို့သော် ကျွန်တော် နှုတ်ဆက်ခွင့် မရ၊ နှုတ်ဆက်လို့ မရတော့၊ သူမနှင့် ကျွန်တော် အပြီး အပိုင် ပြတ်စဲခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော တစ်ပတ် ကပင် ကျွန်တော့် နှုတ်ဖျားမှ သူမကို လမ်းခွဲ ခွင့်ပြုပါရန် အတိအလင်းပြောခဲ့ပြီး ဖြစ်သည်။ ထိုနေ့က လမ်းခွဲ ခံရသူ သူမက ကျောက်ရုပ်လေး တစ်ရုပ်လို မလှုပ်မယှက်၊ လမ်းခွဲသူ ကျွန်တော်က ယောက်ျားတန်မယ့် မျက်ရည်ကျ ဖြစ်သည်။ ကျွန်တော်နှင့် သူမကြား တူမျှသော ချစ်ခြင်း များ ရှိခဲ့ပါလျက်၊ ချစ်သူ ကို ချစ်ပါလျက်နှင့် အစိမ်းဖြတ် ဖြတ်လိုက်ရသော ကျွန်တော့် အဖြစ်က အတော် စိတ်မချမ်းမသာ ဖြစ်စရာ ကောင်းလှသည်။ အသည်းနှလုံးက ချစ်တတ် သလောက် တွေးခေါ် ဆင်ခြင် အားတွေ ကောင်းလှသည့် ဦးနှောက်က အမိန့်တွေမှာ ပြတ်သားလှသည်။ ထို့ကြောင့်ပင် ကျွန်တော် သုဝေဝေလွင် ကို လက်လွှတ် ခဲ့ရသည်။
သုဝေဝေလွင် ဘေးနားမှ ဖြတ်သွားလေပြီ။ တစ်ရက်ခြား တစ်ခါ ခေါင်းလျှော်တတ်သော သူမအကျင့် အတိုင်း ရှမ်ပူနံ့လေးက သင်းလျက်၊ သူမ၏ စလင်းဘက်မှ ချူကလေး က လမ်းလျှောက်တိုင်း ကိုင်ထားသော စတီးချိုင့်လေး ကို ထိကာ အသံထွက် နေတာလည်း မပြောင်းမလဲ၊ လက်ထဲ မှာ ကိုင်ဆောင် လာတတ်သော တစ် ရှူးလေးနှင့် မကြာခဏ ဆိုသလို နှုတ်ခမ်းဖျားကို တို့ထိ သုတ်တတ်တာလေး ကလည်း အရင်အတိုင်း၊ သို့သော် ရွှန်းမြစွာ ကြည့်တတ်သော မျက်ဝန်းညို တစ်စုံကတော့ အရင်လို သူ့ထံရောက် မလာခဲ့တော့ပေ။ မြင်ပါလျက်နှင့် မမြင်ယောင် ပြုခဲ့တာလား၊ မြင်ကို မမြင်ခဲ့တာလား ဆိုတာ ခွဲခြားမရနိုင်ဘဲ သူမ ဘေးမှ ဖြတ်ကျော် သွားခဲ့ပြီ။ သုဝေဝေလွင် …လို့ အကျယ်ကြီး အော်ခေါ်ပစ်ချင် စိတ်ကို ထိန်းသိမ်းရတာ ပင်ပန်းလိုက်ပါဘိ။ အတ္တကြီးတယ် ဟုပဲပြောပြော ကျွန်တော် သုဝေဝေလွင် ကို အမှန် တကယ် တန်ဖိုးထား ချစ်ခဲ့ပါသည် ဆိုတာကို သုဝေဝေလွင် သိစေချင်သည် မှာ အမှန်ပါ။

ကုမ္ပဏီ ယူနီဖောင်းလေးကို သေသပ် ကျနစွာ ဝတ်ဆင်ထားသော မိန်းမချောလေး တစ်ဦးကို ရုံးဆင်းရုံးလာ လုပ်ရင်း ဖြတ်သွားဖြတ်လာ အဖြစ် ကျွန်တော် မကြာခဏ ဆုံရင်း သတိပြု မိလာသည်။ အမှန်တော့ ကျွန်တော့် အရည်အချင်း၊ ကျွန်တော့် ရုပ်ရည်၊ ကျွန်တော့် အကျင့်စာရိတ္တသည် မိန်းမ ချောလေးများကို ဆုံစည်း ပတ်သက်ဖို့ အတော့်ကို အခွင့်အရေး ပေးလေသည်။ သို့အတွက်လည်း မိန်းကလေး လှလှမြင်သည်နှင့် သမင်လည်ပြန်၊ စောင့်ကြည့် ပြုံးပြန်စသည့် အနေအထားမျိုးကို သိပ်တော့ အထူးတလည် လုပ်နေစရာ မလိုလှ။ သို့သော် သုဝေဝေလွင် ဟု နောင် သိကျွမ်းရမည့် မိန်းမချောလေး အလှည့်မှာတော့ ရေစက် ဆိုတာကို ကျွန်တော် စတင် ခံစားမိလေ သည်။ နေ့တိုင်း ခိုစာကျွေးတတ်သော မိန်းမလှလေးဟာ ဝဲပျံနေတဲ့ ခိုတွေကြားထဲမှာ အကြင်နာ နတ်သမီးလေးပမာ ခံစားရသည်။ တည်ကြည် ငြိမ်းချမ်းတဲ့ မျက်နှာပေးလေးကို ကျပြန်တော့ မြင်လိုက်ရသည့် အခါတိုင်း စမ်းချောင်း ဘေးထိုင်နေ ရသလို အေးမြသွားသည် ဟု သဘောကျပြန်၏။ ရာသီဥတု ပူခြင်း အေးခြင်း၊ လူတွေ ရှုပ်ခြင်း မရှုပ်ခြင်း ဒါတွေ သူမလေးနှင့် ဘာမှ မဆိုင်သလို အေးငြိမ့် သက်သာစွာ လှုပ်ရှား သွားလာတတ် ပုံလေးတွေကို အကျိုးပေး ကောင်းလှတယ် ဟု တွေးဖြစ်နေတတ်သည်။ ဒီလို အတွေးအမြင်တွေ များလာချိန်မှာတော့ ကျွန်တော် သူမလေး ကို ပေးမိသော အမှတ်များ တော်တော် များနေပြီ ဆိုတာကို အံ့သြတကြီး သိလိုက်ရင်း သူမကို ချစ်နေမိပြီ ဆိုတာကိုပါ ကိုယ့်ကိုယ်ကိုယ် သတိထား မိသွား တော့သည်။ ကျွန်တော့် အချစ်တွေကို သုဝေဝေလွင် သတိထားမိဖို့က အ ချိန် တော်တော် ကြာလေသည်။ ကျွန်တော့် နာမည်၊ ကျွန်တော့် အလုပ်အကိုင်၊ ကျွန်တော့် အချစ် ဒါတွေအားလုံး သူမ လေးသိအောင် အချိန်ယူခဲ့ ရသည်။ သူမ အချစ်ကို ရဖို့ ကျပြန်တော့လည်း ခုနက အချိန်ထက်ပင် ပိုပေးခဲ့ ရသေးသည်။ သို့သော် နည်းနည်းမှ ကျွန်တော် မညည်းမိ။ ကျွန်တော်က ချစ်ခဲ့သူကိုး။ သုဝေဝေလွင် ထံမှ ချစ်အဖြေ ရခဲ့သည့် နေ့ကဆိုလျှင် ကျွန်တော့် တစ်ကိုယ်လုံး လမ်းလျှောက်စရာ မလိုအောင် လေထဲ လွင့်မျောနေ သလို ခံစားရသည်။ တစ်ညလုံးလည်း အိပ်မပျော်ခဲ့။ အိပ်မပျော်တိုင်း သူမထံ ဖုန်းထထခေါ်နေ ခဲ့သည်မို့လည်း သူမလေးက တောင်းပန်ယူရသည် အထိပင်။ ထိုညက သူမ ဆက်ပြီး အိပ်ပျော်လား အိပ်မပျော်လား တော့ မသိ။ ကျွန်တော် ကတော့ တစ် ညလုံးမျက်လုံး တွေကြောင်ကာ နောက်နေ့မိုးလင်းမှ အိပ်ပျော်ပြီး မပျက်စဖူး ရုံးပျက် သွားခဲ့တာဟာ မှတ်မှတ်ရရ ရှိလွန်းလှသည်။
ကျွန်တော် သုဝေဝေလွင်နှင့် ချစ်သူဖြစ်ပြီး တစ်ပတ် အကြာမှာတော့ အမေ့ကို ချစ်သူ ရှိနေပြီဟု ခပ်ကြွားကြွား ပြောဖြစ်သည်။ အမေက ကြားကြားချင်း မှာတော့ ပြုံးစိစိ ဖြစ်သွားပြီး ဘယ်ကလဲဟု မေးလေသည်။ ပြီးတော့ မှ ဘယ်က ဖြစ်ဖြစ် ငါ့သားရွေးတဲ့ မိန်းကလေးကို အမေ ယုံကြည်ပြီးသား ပါဟု ကျွန်တော့်ကို စိတ်ချစွာ ဆိုပြန် ၏။ တကယ်လည်း အမေက ယုံကြည် စိတ်ချပေးကာ နောက်နောင် များမှာ ကျွန်တော့်ကို ဘာဆိုဘာမှ ထပ်မမေး တော့။ တစ်ချက် တစ်ချက်သာ ငါ့သား လက်ထပ်ရင် ဘယ်လို ဘယ်ဝါဆိုတာ လေးတွေသာ နောက်သလို ပြောင်သလို ပြောခဲ့သည်မှ အပပေါ့။ အမေ ယုံကြည်မည် ဆိုလျှင်လည်း ယုံကြည်စရာ။ ကျွန်တော့် ဘဝမှာ အမေ စိတ်ဆင်းရဲ ဖို့မပြောနှင့် မျက်နှာညိုအောင်ပင် တစ်ခါမျှ မလုပ်စဖူး။ ငယ်စဉ်ကလေး ဘဝကတည်းက အမေ စီမံသလို တစ်ချက် မတိမ်းမစောင်း ကြီးပြင်းခဲ့ကာ ဝန်းကျင်မှာ အမေဟာ သားသမီး ကံကောင်းလှချည့်လို့ ကျွန်တော့်ကြောင့် အမြဲ မျက်နှာပွင့်ခဲ့သူ ဖြစ်သည်။ အမှန်တော့ အမေက အိမ်ထောင်ရေး ကံလည်း ကောင်း သူဖြစ်ခဲ့ သည်။ အဖေ့ ရာထူးဂုဏ်ရှိန်၊ အဖေ့ ကိုယ်ကျင့် တရားတို့မှာ သေသည်အထိ မွှေးပျံ့နေခဲ့တာ ဖြစ်လေသည်။ ကျွန်တော် ယခုအရွယ်ထိပင် အဖေ့ အကြောင်း များသည် သူ့လုပ်ငန်းခွင် သူ့မိတ်ဆွေ များကြား ပြောလို့ မကုန်နိုင်သေး။ အမေသည်လည်း အဖေ့ဌာန ဆိုင်ရာ ပွဲလမ်းသဘင်များမှာ ယခုအချိန် အထိ ဂုဏ်သရေ ရှိ လူကြီးလူကောင်း တစ်ဦး၏ ဇနီးမယား အဖြစ် ပွဲတက်နေရဆဲ ဖြစ်လေသည်။ ကျွန်တော်နှင့် အမေကြားမှာ အတိုက်အခံ ဆိုလို့ ဘဝမှာ တစ်ကြိမ် တစ်ခါမျှ မကြုံဖူးခဲ့။ အမေ ဖြစ်စေချင်တာနှင့် ကျွန်တော် ဖြစ်နေသော အကြောင်းအရာ များဟာ အမြဲလို ထပ်တူကျနေ ခဲ့လေသည်။ အချစ်ရေးမှာလည်း ကျွန်တော် ရွေးခဲ့သော ချစ်သူကို အမေ သဘောကျ လိမ့်မည် ဆိုတာ ကျွန်တော် ယုံကြည်ပြီး သား။ သုဝေဝေလွင် ဘက်ကလည်း ဘာအခက်အခဲမှ ရှိပုံမရပါ။ သူ့ဘက် ကလည်း ကျွန်တော့် ဘက်လိုပင် စိတ်ချ ယုံကြည်ထားပုံပင်။ ကျွန်တော်တို့ရဲ့ သာယာကြည်နူးစရာ ချစ်သူဘဝလေး ဟာ အနှောင့်အယှက် ကင်းကင်းနဲ့ ချီတက်လာခဲ့တာ ချစ်သူ သက်တမ်း တစ်နှစ်ပြည့် တဲ့ အချိန်မှာ မျှော်လင့်မထားသော ရှုထောင့်မှ ဆိုရွားလှသည့် ထိုးနှက်ချက် တစ်ခု ပေါ်လာတော့သည်။ ဒီသတင်းဆိုးကို သယ်ဆောင် လာခဲ့တဲ့ သူကတော့ ကျွန်တော့် အဒေါ် အန်တီမာ ပဲဖြစ်လေသည်။ ”တူလေး မင်း စီစီမောင့် သမီးနဲ့ ကြိုက်နေကြတာ လား” ဆိုတဲ့ အန်တီမာရဲ့ မေးခွန်းကို ကြားကြားချင်းတော့ ကျွန်တော် ရုတ်တရက် ဆွံ့အသွားခဲ့သည်။ ကျွန်တော့် ချစ်သူ သုဝေဝေလွင်ရဲ့ အမေနာမည် ဒေါ်စီစီမောင် ဆိုတာကိုတော့ ကျွန်တော် အရင်ကတည်းက ကြိုသိထားပြီးသား။ အမှန် အတိုင်း ပြောရလျှင် ကျွန်တော်ကလည်း ကျွန်တော့် ယောက္ခမလောင်း၏ အမည်ကို ဒေါ်စီစီမောင် ဆိုတာက လွဲ၍ လူပင်မြင်ဖူးသေးတာ မဟုတ်ပေ။ အန်တီမာနှင့် ဒေါ်စီ စီမောင် ဘယ်လို ပတ်သက် သိကျွမ်းသွားလဲ ဆိုသည်ကို ကျွန်တော် တွေးမရ။ ပြီးတော့ အန်တီမာက ကျွန်တော့်ကို ထိုမေးခွန်း မေးနေသည့် အချိန်မှာ လည်း မျက်နှာပြင် ရာသီဥတုက မကောင်းလှပေ။ ဘာများလဲဟု အကြောင်းရင်း မသိခင်ပင် စိတ်ထဲထင့် နေမိခဲ့သည်။ အန်တီမာက ကျွန်တော် ၏ ဟုတ်တယ် ဆိုသော ဝန်ခံစကား ကိုကြား ပြီးချိန်မှာ ကျွတ်ခနဲ စုတ်သပ်ကာ ထိုင်လိုက်ထလိုက် သုံးကြိမ် လောက် ယောက်ယက် ခတ်ပြီးချိန် ကျွန်တော်နှင့် ပြောလို့ပြီးမှာ မဟုတ်ပါဘူး ဆိုသည့် ပုံဖြင့် အိမ်ရှေ့ခန်း ကို ပြန်ထွက်သွားတော့သည်။
အန်တီမာ ပြန်ထွက်သွား လေတော့ ကျွန်တော့် စိတ်တွေ ဝိုးတိုးဝါးတား ဖြစ်ကျန်ခဲ့လေသည်။ ဒီတိုင်း ထိုင်နေရတာ ထက်စာလျှင် ကြိုးစဆွဲ ထုတ်သွားသူ အန်တီမာ ကိုပဲ ကိုယ့် ချည်ခင် ကိုယ် ရှင်းခိုင်းဖို့ တွေးလိုက်ကာ ဧည့်ခန်းဘက် ထွက်လာမိတော့၏။ ဒီမှာတင် အန်တီမာနှင့် အမေနှင့် ပြောနေသော စကားများကို ကျွန်တော် ဧည့်ခန်း အဝင် အပေါက်ဝမှ ကြားကာ ဆက်ထွက်ဖို့ သင့်မသင့် ချိန်ဆရင်း မတ်တတ်ကြီး ဖြစ်နေခဲ့တော့သည်။ ထိုသို့သော မြင်ကွင်းမျိုးကို ရုပ်ရှင်များ ဗီဒီယို များထဲတွင် ကျွန်တော် အကြိမ် ပေါင်းများစွာ မြင်ဖူးလေသည်။ မကြားအပ်သော စကားကို တခြား လူများ ပြောနေချိန် ထို စကားများနှင့် သက်ဆိုင်သူ သရုပ်ဆောင် က အပေါက်ဝ မှာ ရပ်ကာ ချောင်း နားထောင်ရင်း သွေးလေ ချောက်ချားတတ် ပုံများ။ ကိုယ်တိုင် ကြုံမှပင် ဆိုးဝါးလေစွဟု တွေးဖြစ်တော့သည်။ အန်တီမာ့ စကားဆုံးချိန် အမေ့ မျက်နှာ မှာ သွေးမရှိသလို ဖြူဖျော့လျက် စိတ်နှလုံး မချမ်းမြည့်နေပုံမှာ ထိုပုံစံမျိုး ကျွန်တော့် တစ်သက် တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ကျွန်တော်ကတော့ ခုတင်ပေါ်ကို ဘယ်လိုခြေလှမ်း မျိုးနှင့် ပြန်ရောက်ခဲ့လဲ ဆိုတာကိုပင် မသိတော့လောက် အောင် စိတ်ဓာတ်တွေ ကျဆင်း ပျက်ယွင်းသွားခဲ့ ရတော့သည်။ မနက်ဖြန် ကျွန်တော့် ချစ်သူ သုဝေဝေလွင် ၏ နှစ်ဆယ့်ငါးနှစ်ပြည့် မွေးနေ့။ သူနှင့် ကျွန်တော် ဆုံစည်းချိန်ဟာ အရင်လို ပျော်စရာ ကောင်းပါတော့မလား။
ကျွန်တော် စိုးရိမ်ခဲ့သည့် အတိုင်းပင် ကျွန်တော်တို့ နှစ်ယောက်တွေ့ဆုံ မှုမှာ ပျော်စရာ မကောင်းခဲ့ပါ။ တစ်ခုခု ခံစား တွယ်ငြိပြီဆို ဟန်မဆောင်တတ် သော ကျွန်တော့် အကျင့်စရိုက် အတိုင်း ကျွန်တော့်မျက်နှာက အုံ့မှိုင်းမှိုင်း ဖြစ်နေခဲ့မှာ သေချာသည်။ သုဝေဝေလွင်မှာ ပါးနပ်သော မိန်းကလေးမို့ ကျွန်တော့် ကို ဘာဖြစ်နေလဲ မေးခဲ့ပြီပေါ့။ ကျွန်တော် မညာနိုင်ပါ။ ကျွန်တော် ပြောချလိုက်သော စကားတစ်ခွန်းဟာ ကျွန်တော့်ကိုယ် ကျွန်တော်တောင် တော်တော် မုန်းစရာ ကောင်းလေသည်။ ”သုဝေရဲ့ အမေ အကြောင်းကို ကို အရင်က မသိခဲ့ဘူး”။ သနားစရာ သုဝေဝေလွင်။ ကျွန်တော့် ပါးစပ်ဖျားက ထိုစကားကို အကြားမှာ ဆတ်ခနဲ တောင့်မတ် သွားသော ခန္ဓာကိုယ်နှင့် အတူ စူးစိုက်စွာ ကြည့်နေသော မျက်လုံးအစုံ ရုတ်ခြည်းပင် တခြားကို လွှဲပစ် လိုက်လေသည်။ ကျွန်တော်တို့ နှစ်ဦး အချိန်တော်တော် ကြာကြာကြီး ကို တိတ်ဆိတ်ငြိမ်သက် သွားခဲ့ကြ သည်။ ကျွန်တော် ထိုအခြေအနေကို ချေဖျက်ဖို့ ကြိုးစားမိသော်လည်း ကျွန်တော့် ပါးစပ်က ဘယ်လို စကားမျိုး ထပ်ထွက်ရမည် ဆိုတာကို ကိုယ်တိုင် မဝေ ခွဲနိုင်။ ကျွန်တော် ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် မှာပဲ သုဝေဝေလွင် ထံမှ စကားတစ်ခွန်း ထွက်ကျလာခဲ့သည်။ ”ကိုက ဘာဖြစ်ချင်လဲ”။ ” ဟင်. .သြော်..ဘာမှ မဖြစ်ချင်ပါဘူး”။ ကျွန်တော့်ထံမှ ထိုစကားကို အကြား သုဝေဝေလွင်က ခပ်သဲ့သဲ့ ရယ်လေသည်။ ရယ်သင့် သည်ပေါ့။ ရယ်တာတောင် နည်းသေး ။ နောက်တော့ သုဝေဝေလွင်က ပြန်တော့မယ်နော်ဟု နှုတ်ဆက်ကာ ကျွန်တော် ကတော့ သုဝေဝေလွင် အတွက် ရက်များ စွာတည်းက ကြိုဝယ် ခဲ့သော မွေးနေ့ လက်ဆောင် လက်စွပ် လေးကို ကိုင်ရင်း ကျန်ခဲ့သည်။ ကျွန်တော် ထိုနေရာမှာပင် ထိုင်ကာစဉ်းစား နေလိုက်သည်မှာ သုံးလေးနာရီမက။ နောက်ဆုံး အဖြေတစ်ခု ထွက် လာသည်မှာ ကိုယ် အမြတ်တနိုးနှင့် တန်ဖိုးထား ရွေးချယ်ခဲ့သော မိန်းကလေး တစ်ယောက်ကို ကြားစကားများ ကြားရုံနှင့် တုန်တုန် လှုပ်လှုပ် ဖြစ်နေသည် မှာ ကျွန်တော်တော်တော် ညံ့သော ကောင်။ သုဝေဝေလွင်၏ မိသားစု အကြောင်းကို ကျွန်တော် သိအောင် လုပ်ဖို့ ဆုံးဖြတ်ကာ နေရာမှ ထလိုက် မိတော့သည်။

အမျိုးသမီးကြီး၏ မျက်နှာမှာ ပေါလစ်ခ်ျ တင်ထားသလို ပြောင်တင်း ဖြူစင်လွန်းလှသည်။ အသက်ကတော့ လေးဆယ်ကို တော်တော်ကျော် လောက်ပြီ ထင်သည်။ ဝတ်ထားသော စပို့ရှပ်မှာ တင်းတင်းရင်းရင်း ရှိလွန်းလှကာ ခြေသလုံးအလယ် စကတ်က လည်း ပုံကျပန်းကျ ရှိသည်မို့ ဘွားတော် တစ်ယောက် အနေအထားနှင့် တော့ ရှိုးကောင်း လှသည်ဟု ဆိုရမည်ပင်။ ဘွားတော်ကြီးက ကျွန်တော်နှင့် စတယ်လာ စကားပြောနေရာသို့ တန်းတန်းမတ်မတ် ဝင်လာကာ ”ဒေါက်တာ ရေ ထုံးစံ အတိုင်းပဲ ထိုးချင်ပါတယ်” ဟု ဆိုကာ စတယ်လာနှင့် ရင်းရင်းနှီးနှီး ပြောဆိုလျက် လူနာ ခုတင်ပေါ် တန်းတက် သွားလေသည်။ ကျွန်တော်က ထရှောင်ပေးဖို့ ကိုယ်ဟန်ကြွချိန် စတယ်လာမှ ”ရတယ် ထိုင်နေပါ” ဟု ဆိုလိုက်သဖြင့် စတယ်လာ့ စားပွဲပေါ်မှ ဂျာနယ်တစ်စောင် ကောက်ယူဖတ်ကာ ဆက်ထိုင်နေ မိတော့သည်။ နားထဲမှာ တော့ ဘွားတော်နှင့် စတယ်လာတို့ အချီအချ ပြောနေကြသော စကားသံ များက အတိုင်းသား။ ”ရက်က ကျော်သွားပြီ၊ မေ့နေတာ မေ့နေတာ စတယ်လာရေ၊ နည်းနည်း ပါးပါး ကျော်လည်း ပြဿနာမရှိဘူး မဟုတ်လား” ”အန်တီ ထိုးလာတဲ့ သက်တမ်းက ကြာပြီပဲ၊ ပြဿနာ မရှိလောက်ပါဘူး၊ မမေ့ ရင်တော့ ပိုကောင်းတာပေါ့ အန်တီ ရယ်”။ နောက်တော့ ထိုဘွားတော်ကြီး နှင့် စတယ်လာ တို့၏ နောက်နောက် ပြောင်ပြောင် စကားသံများက နားထဲကို နားစိုက် မထောင်ပါဘဲနှင့် ဝင်လာသည်မို့ ဘွားတော်ကြီးကို မလွယ်ပါလားဟု ယောက်ျားလေး တစ်ယောက် ၏ အာရုံဖြင့် သိလိုက်မိသည်။ ထို အချိန်မှာပဲ ဖုန်းဝင်လာသည်မို့ ဘွားတော်ကြီးက ဖုန်းပြောနေပြန် သည်။ ထိုတော့မှ ဘွားတော်ကြီး ပိုမလွယ်တာ ကို အတည်ပြု ဖြစ်ပြန်သည်။ ဖုန်းပြောသံ tone colour မှာ ချက်ချင်း ပြောင်းသွားကာ အသံ အိညှက်အိညှက် က ဆယ်ကျော်သက် ရှုံးလေသည်။ စတယ်လာနှင့် ကျွန်တော် မျက်လုံးချင်း ဆုံကာ ခပ်ကျိတ်ကျိတ် ရယ်ဖြစ်ကြသည်။ ဘွားတော်ကြီး သူ့ကိစ္စတွေ ပြီးသွား၍ ဆေးခန်း ထဲက ပြန်ထွက်သွား ချိန်မှာတော့ ကျွန်တော် ငိုရမည့် အလှည့် ဖြစ်လေသည်။ စတယ်လာက ”နင်တော့ ကံကောင်းတာလား ကံဆိုး တာလား မသိဘူး အောင်အောင်၊ အဲဒါ နင်တွေ့ချင် သိချင်နေတဲ့ နင့် ကောင်မလေးရဲ့ အမေ ဒေါ်စီစီမောင် ဆိုတဲ့ ဘွားတော်ကြီးပဲ၊ နင် လက်တွေ့ မြင်သွားရတာပေါ့” တဲ့လေ။ ငုတ်တုတ် မေ့တာ မဟုတ်ပါဘဲ ငုတ်တုတ်သေသလို ဖြစ်သွားသည် အထိ ကျွန်တော် ချောက်ချား သွားခဲ့သည်။ ချက်ချင်းလို ပြေးမြင်မိသည်က အခုအချိန် အထိ ဆံပင်ရှည် ဆံထုံး ကို သေသပ်စွာ ထုံးတတ်ကာ ခါးရှည် ရင်စေ့လည်ဝိုင်း ပုံစံ အင်္ကျီကိုသာ တစ်သက်လုံး မြတ်နိုးစွာ ဝတ်ဆင် တတ်သော အမေ့ကို ဖြစ်သည်။ ကျွန်တော့် မျက်နှာ ပျက်ခြင်း မလှ ပျက်နေသည်ကို မြင်သော စတယ် လာက ”နင်ကလည်း တည့်တည့်ကို တိုးတော့တာပဲဟယ်” ဟု စိတ်မသက် သာစွာ ရေရွတ်လေသည်။ ဘယ်လို ခြေလှမ်း များနှင့် ကျွန်တော် ဆေးခန်းထဲမှ ပြန်ထွက်ခဲ့ မိပါလိမ့်။ စတယ်လာ့ကို လည်း နှုတ်မှ ဆက်ခဲ့မိရဲ့လား မသေချာ။ ထိုနေ့က သုဝေဝေလွင် ကို အလုပ်အပြန် သွားကြိုဖို့ ပျက်ကွက် ခဲ့ပါတော့သည်။
နောက်တစ်နေ့ မှာတော့ ကျွန်တော် အန်တီမာ့ထံပဲ ဆိုက်ဆိုက်မြိုက်မြိုက် သွားခဲ့ မိတော့သည်။ ကျွန်တော် ၏ ”ဟုတ်မှ ဟုတ်ရဲ့လား အန်တီမာ ရယ်၊ ကောလာ ဟလ များ ဖြစ်နေမလား ”ဆိုသည့် စကားအပေါ် အန်တီမာက စိတ်မဆိုးခဲ့ပါ။ စာနာနားလည် ဟန်ဖြင့် ကြည့်ရင်း သူ့အခန်းလိုက်ကာ စကို ဆွဲတင်လျက် သုဝေဝေလွင်၏ အမေနေသော အခန်းကို လက်ညှိုးထိုး ပြလေသည်။ ပြီးတော့မှ ” သား အချိန် ရရင် ဒီပြတင်းပေါက်မှာ ထိုင်ပြီး ညနေ လောက်ထိ နေကြည့်လိုက်၊ အခန်းချင်း က လှမ်း ကြည့်ရင် မြင်နေရတာပဲဟာ၊ သူ့အမူအကျင့် သူ့စရိုက်ကို သားအားလုံး သဘောပေါက် သွားလိမ့်မယ်၊ မင်း ကောင်မလေးက အရင်ကတော့ သူ့ အမေနဲ့ အတူနေတယ်၊ မတွေ့တာတော့ ကြာပြီ၊ သူ့အဘွားနဲ့ သွားနေတယ် ဆိုလားပဲ၊ သမီးမရှိတော့ ပိုကဲလို့ ကောင်းနေတာပေါ့၊ အခု ယူထားတာ လေးယောက်မြောက် ယောက်ျား၊ အဘွားကြီး က စန်းတော့ ကောင်းတယ်၊ ယူသမျှ ယောက်ျားကတော့ ဘော့စ် တွေချည်းပဲ”။ ကျွန်တော် ထိုလိုက်ကာ လေးနောက်မှာ ထိုင်မကြည့် ဖြစ်ခဲ့ပါ။ ငူငိုင်နေသော ကျွန်တော့်ကို အန်တီမာက မေးခဲ့သည်။ ”မမက ဘာပြောလဲ” တဲ့လေ။ မပြော ….ကျွန်တော့် ကို အမေဘာမျှ မပြောခဲ့ပါ။ တစ်သက်လုံး တည့်မတ်စွာ ထိန်းကျောင်း လာခဲ့သော သားတစ်ယောက် ၏ တော်တည့် မှန်ကန် လွန်းနေသော ဆုံးဖြတ်ချက်ကို ယုံစားနေလို့ပဲ ဖြစ်ပေမည်။ အချစ်ဟာ အရာရာကို ကျော်ဖြတ်ရဲသည် ဆိုသော စကားကို ဘယ်သူ တီထွင် ဖန်တီးပြီး ပြောခဲ့ပါလိမ့်။ မဟုတ်တမ်း တရားဆိုသော သည်သကောင့်သား ၏ မေးရိုးကို သွေးချင်းချင်း ဖြာအောင် ကျွန်တော် ပြေးထိုး လိုက်ချင်သည်။ ကျွန်တော် သုဝေဝေလွင် ကို ချစ်သည်။ အသက် လောက် ချစ်သည်။ သို့သော် အချစ်က အချစ်တခြား၊ မကျော်ဖြတ်ရဲတာက မကျော်ဖြတ် ရဲတာ တခြား။ ဘာဆိုဘာမှ မဆိုင်ပါ ဆိုတာကို လက်တွေ့ကျကျ ကျွန်တော် သိလေပြီ။ ဒီနေ့လည်း ကျွန်တော် သုဝေဝေလွင် ထံကို ဖုန်းဆက် ဖြစ်လိမ့်မည် မဟုတ် ဆိုတာ သေချာနေ ခဲ့ပြန်သည်။

နောက်ထပ် တစ်ပတ်တိတိ အကြာမှာတော့ သုဝေဝေလွင်က ကျွန်တော့်ရုံးနှင့် မျက်နှာချင်းဆိုင်က အအေးဆိုင်တွင်းမှာ ထိုင်စောင့် နေလေသည်။ ထိုကဲ့သို့သော လုပ်ရပ်မှာ ကျွန်တော်နှင့် သုဝေဝေလွင်တို့ ချစ်သူ သက်တမ်း ကာလတွင်းမှာ သုဝေဝေလွင် ပထမဆုံး လုပ်ဖူးသော လုပ်ရပ် ဖြစ်လေသည်။ နှစ်ယောက်သား စကား အေးအေးဆေးဆေး ပြောလို့ရသော တစ်နေရာ အရောက်မှာတော့ ကျွန်တော့်ထက် ငါးနှစ်တိတိ ငယ်သော ချစ်သူလေးထံမှ ”ပြဿနာ တစ်ခုကို မဖြေရှင်း ဘဲ ရှောင်လွှဲနေ လို့မှ မရတာပဲကို” ဆိုသည့် စကားကို ဆိုကာ ချစ်သူက ကျွန်တော့် ထက် ရဲရင့် နေခဲ့လေသည်။ ကျွန်တော် ဘာပြောရမှန်း မသိ ဆွံ့အနေ ချိန်မှာ ”သုဝေ တို့က မောင်နှမ သုံးယောက် ရှိတာ၊ သုဝေက အလတ်လေ၊ မကြီးက အမေနဲ့ မတည့်လို့ ယိုးဒယားဘက် ထွက်သွားတာ၊ အခုထိ အဆက်အသွယ် မရှိတော့ဘူး ၊ မောင်လေး ကတော့ ဆုံးပြီ၊ သူ့ဟာသူ ရောဂါနဲ့ ဆုံးတာပါ၊ ရပ်ကွက်ထဲ မှာတော့ မျိုးစုံပြောကြတာပေါ့၊ သုဝေတို့ မိသားစုဘဝ အကြောင်းကို ကကြီးက နေ အ အထိ ကို့ကို သုဝေ ကိုယ်တိုင် ပြောပြမယ်၊ အမှန်တွေ ပြောမှာ၊ ယုံတာ မယုံတာက ကို့အပိုင်း၊ သုဝေ စကားတွေ နားထောင် ပြီးရင်တော့ သုဝေကို အဖြေ တစ်ခုပေးပါ”။ ဒီလောက် တည်ငြိမ်မှု ရှိအောင် သူမ ဒီတစ်ပတ်လုံး ဘယ်လိုများ ကြိုးစားခဲ့လေသည် မသိ။ ဖခင် ဆုံးပါးသွားချိန် မှစ၍ ဝါးအစည်း ပြေသလို ဖြစ်ခဲ့သော သူမတို့ မိသားစု အခြေအနေ၊ မိခင်၏ အိမ်ထောင်ဆက် များ မှုကစလို့ အုပ်ထိန်းမှု လျော့ရဲသော မိခင်၏ အုပ်ချုပ်မှု အောက်မှာ အစ်မနှင့် မောင်လေးတို့ သူတစ်လူ ငါတစ်မင်း ဖြစ်ခဲ့ကြပုံ များ၊ သူမ၏ တစ်ကိုယ်ရေစာ တိုးတက်မှု အတွက် စိတ်ညစ်စရာ ကောင်းလှသော မိသားစု အလယ်မှာ သူမရုန်း ကန်ခဲ့ရပုံများ စသဖြင့် ကျွန်တော် မမေးခဲ့ဖူးသော သူ့မိသားစု သူ့ပတ်ဝန်းကျင် အကြောင်းများကို ဆက်တိုက် ဆက် တိုက် ဆိုသလို ပြောပြလာသည်။ ”ပတ်ဝန်းကျင်မှာတော့ အမေက နာမည်ကောင်း မရဘူးပေါ့ ကို၊ ဒါတွေကို သုဝေ ဘာတတ်နိုင်မှာလဲ၊ သုဝေတတ် နိုင်တာက ကိုယ်မဖြစ်ချင်တာတွေ မှန်သမျှ ကိုယ်တိုင် မလုပ်မိဖို့ပဲ တတ် နိုင်တယ်၊ သူများကို ဘာမလုပ်ပါနဲ့ ဘယ်လို မနေပါနဲ့ ဘယ်လို ပြောလို့ရမှာလဲ၊ ပြီးတော့ အမေက သုဝေရဲ့ အမေလေ”။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့။ ဖြူနုနေသော ချစ်သူ မျက်နှာလေး ကို နှမြော တသလွန်းစွာ ငေးမောနေ မိသည်။ သပ်ရပ်စွာ စည်းနှောင်ထားသော ကျောလယ်လောက် ရှိ ဆံပင်သား အိထွေးထွေးလေး များကို နောက် ကိုင်တွယ်ခွင့် ရပါတော့ မလား တွေးမိနေသည်။ ပေါင်လယ် ပေါင်တို သုံးထပ် စကတ်စသဖြင့် စကတ် ဘောင်းဘီတို့ မျက်စိရှုပ် ရင်ပူစရာ ဒီခေတ် ဒီချိန်ကြီးထဲမှာ ခုချိန်ထိ ဗမာ လုံချည်လေး များကိုသာ လုံချည်ကွင်း စစ်စစ်ဖြင့် တစ်သမတ်တည်း ဝတ်ဆင် တတ်သော ယဉ်ယဉ်ကျေးကျေး ဒီမိန်းကလေးကို ဆုံးရှုံးရမှာ ကြောက်နေမိ ပြန်သည်။ ”သုဝေ စကားက ကုန်ပြီ ကို၊ ကို သုဝေကို ဘယ်လို သဘောထားမှာလဲ”။ ကျွန်တော် နားထင်မှ ချွေးများစီး ကျကာ လက်ဖျံပေါ်သို့ ပေါက်ခနဲ ပေါက်ခနဲ ကျလေသည်။ မရည် ရွယ်သော စကားများ ပါးစပ်ဖျားမှ အချိုး မကျစွာ ထွက်လာခဲ့သည်။ ”ကို သုဝေကို အရမ်းချစ်တယ်”
”သုဝေ သိပါတယ်”
”ဒါ.. ဒါပေမဲ့ ..ဟို ..စိတ် ညစ်နေတယ်”
”သုဝေ သိတယ်”
”မဟုတ်ဘူး၊ သုဝေ မသိတာ တွေ ရှိသေးတယ်”
”မရှိဘူး၊ ကိုနဲ့ ပတ်သက်ရင် သုဝေ မသိတာ မရှိဘူး၊ ကိုရော ကို့ အမေရော သုဝေလို အနေအထားမျိုး ကို လက်ခံဖို့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ် မလား”
မဟုတ်ဘူးဟု ပြန်ဖြေလိုက်ချင် ပါသည်။ သို့သော် ကျွန်တော် ပြန်ဖြေ နိုင်စွမ်းအား မရှိ ။ ကျွန်တော့် ပါးစပ်ဖျား ကို ဘယ်လို နတ်ဒေဝါများ တားမြစ် ပိတ်ပင် ထားပါလိမ့်။
”ကို မဖြေရင် သုဝေ ဘာသာဖြေ မယ်၊ ကိုတို့ ဘက်က သုဝေကို လက်မခံ နိုင်ဘူး၊ ဒါဆို သုဝေနဲ့ ကို့ အချစ်ရေးက ဘယ်လိုလုပ်မှာလဲ”
ကျွန်တော် နှုတ်ပိတ်နေဖို့ မကောင်းတော့ပါ။ ကျွန်တော့် လည်ချောင်းတွေလည်း ပူလောင် အက်ရှနေပြီ။ မျက်နှာ တစ်ခုလုံးလည်း စပ်ဖျဉ်းဖျဉ်း ပူလောင်လှပြီ။ တကယ် ဆို ကျွန်တော် ငိုချင်နေပြီ ဖြစ်သည်။ ကျွန်တော်တောင် ငိုချင်နေ မှတော့ သုဝေဝေလွင် လေ ဘယ်လောက် ငိုချင်ရှာမည်လဲ။ ကျွန်တော် သူ့ကို အချိန် အကြာကြီး နှိပ် စက်နေ ဖို့မကောင်း တော့။ မျက်စိစုံ မှိတ်ကာ ပြောချလိုက် ရတော့သည်။
”ကို တို့ လမ်းခွဲကြပါစို့ သုဝေ”
စကား အဆုံးမှာ သုဝေဝေလွင်နှင့် ကျွန်တော့်ကြား အပ်ကျသံမှ မကြားအောင် တိတ်ဆိတ်သွားသည်။ ခဏ နေတော့ သုဝေဝေလွင် ထံမှ ”သွားပြီနော်” ဟု အသံလေး ကြားရကာ ကျွန်တော့်ရှေ့မှ ခြေထောက် ဖြူဖြူလေး ဖြတ်သွားသည်။ ကျွန်တော် မျက်ရည် ကျကာ ကျန်ခဲ့တော့သည်။

ဒီအဖြစ်အပျက် များဖြစ်ပြီး နှစ်နှစ်အကြာ မှာတော့ ကျွန်တော့် ထံကို ဖိတ်စာလေး တစ်စောင် ရောက်လာသည်။ ကျွန်တော့် ချစ်သူ သုဝေဝေလွင် ၏ မင်္ဂလာဖိတ် စာလေး ဖြစ်သည်။ သတို့သား အမည်၊ အရည်အချင်း၊ နေရပ်လိပ်စာ တို့ကို ကျွန်တော် အငမ်းမရ ဖတ်မိသည်။ သတို့သားမှာ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ကာ မိဘ များက လည်း အဆင့် မသေးသော အငြိမ်းစား ဝန်ထမ်းများ ဖြစ်နေသည်ကို တွေ့လိုက် ရသည်။ ဝမ်းသာ ကြည်နူးလွန်း၍ ဖိတ်စာ ကိုင်ထားသော ကျွန်တော့် လက်များ တဆတ်ဆတ် တုန်လေသည်။ ဝမ်းသာ လွန်းသောကြောင့် ထလိုက် ထိုင်လိုက် ဂနာမငြိမ်။ ကျွန်တော့် ချစ်သူလေးသည် ကျွန်တော့်ထက် မသာတောင် ကျွန်တော့်ထက် ဂုဏ် မငယ်သောသူ တစ်ဦး နှင့် တင့်တောင့် တင့်တယ် လက်ထပ်နိုင်ခဲ့ပြီ။ သူ့အနား မှာ သူမ ဘဝကို ကျွန်တော့် ထက် နားလည် ပေးနိုင်သော ယောက်ျားကောင်း တစ်ယောက် တွေ့သွားခဲ့လေပြီ။ သေချာတာ ကတော့ ယခု ဖိတ်စာထဲမှ သတို့သားသည် ကျွန်တော့်ထက် ပိုသော ချစ်ခြင်း များဖြင့် သူမလေးကို လက်တွဲ ခဲ့ခြင်း ဖြစ်ပေ မည်။ အခု အချိန်ဆို သူမလေး ပျော်နေလောက်ပြီ။ ဒါတွေကို တွေးရင်း တွေးရင်း သူမ အတွက် ကျွန်တော် အလွန်ပျော် သွားသည်။ သူမအတွက် အလွန်ပျော်ရွှင် မိပါကြောင်း မက်ဆေ့ခ်ျ တစ်ခု အမြန်ပို့မိသည်။ ကျွန်တော့် ဖုန်းနံပါတ် ကိုတော့ သုဝေဝေလွင် မှတ်မိတန် ကောင်းပါရဲ့။ ဖိတ်စာပေါ် မှာတော့ ကိုအောင်အောင် နှင့် မိသားစု ဟု အမည်တပ်ကာ ဖိတ်ထားခြင်း ဖြစ်သည်။ မိသားစု ဆိုတာ ကျွန်တော့်မှာ အိမ်ထောင်စု ရှိပြီဟု သူမ ထင်လေသလား။ ဒါမှမဟုတ် အမေ့ကို ရည်ရွယ်ကာ မိသားစု ဟု ဆိုလိုလေသလား သူပဲ သိပေလိမ့် မည်။ ကျွန်တော် ကြည်ကြည်နူးနူးကြီး ပြုံးမိပါသည်။ ကျွန်တော် သုဝေဝေလွင် ကို မေ့လို့ မရသမျှ ဒီတစ်သက် မိန်းမ ယူဖြစ်တော့မည် မဟုတ်။ သုဝေဝေ လွင်ကို ချစ်မိသော အချစ်မျိုးနှင့်လည်း ဘယ်မိန်းကလေး ကိုမှ နောက်ထပ် ချစ် နိုင်လိမ့်မည့် မထင်။ ဒီလိုပြောလျှင် ကျွန်တော်က လွဲပြီး ဘယ်သူ ယုံမှာတဲ့လဲ။ ဘယ်သူ ယုံယုံ မယုံယုံ ကျွန်တော် ထပ်ပြောပါမည်။ ကျွန်တော် သုဝေဝေလွင် ကို သိပ်ချစ်ခဲ့ပါသည်။ သိပ် ချစ်သောကြောင့်လည်း ကျွန်တော် ချစ် သော မိန်းကလေး၏ လက်ထပ်ပွဲကို ဝမ်းသာ ကြည်နူးမှု များစွာဖြင့် တက်ရောက် ဖြစ်မှာ သေချာနေပါတော့သည်။

လောကကြီးမှာ ကိုယ့်ချစ်သူ မိန်းကလေး၏ လက်ထပ် ဖိတ်စာကို မြင်ရ၍ အလွန် ဝမ်းသာ ကြည်နူး ရသော ယောက်ျားသား တစ်ဦး ရှိသည်ဟု ဆိုလျှင် ယုံကြည်ကြ မည်လော။ အမှန် တကယ် ရှိခဲ့ပါသည်။ လက်ထပ်သွား သူမှာ ကျွန်တော့် ချစ်သူဖြစ်ကာ ဝမ်းသာ ကြည်နူးနေမိသူမှာ ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်လေသည်။

မီမိုး
Yatimagazine March 16th, 2012

Friday, August 3, 2012

ရထားဖြင့် ခရီးသွားခြင်း


ရထားတွဲကို လိုက်ပို့ပြီးလို့ ပစ္စည်းတွေ နေရာချပြီး ချိန်မှာတော့ သူ့ဆီက ခပ်ကျိတ်ကျိတ် ရေရွတ်သံ တစ်သံ ထွက်လာပါတယ်။ ဘယ်သူမှတော့ မကြားနိုင်ပါဘူး။ သူနဲ့ ကျွန်မပဲ ကြားသာရုံ တိုးတိုးလေးရယ်။ "ဘယ်လိုများ ထိုင်ခုံဝယ်တာလဲ မသိဘူး" တဲ့လေ။ ဟား ဟား ဟား ... ကျွန်မက သူ့ခံစားချက်ကို ရိပ်မိပြီး ထရယ်တော့ အသံကျယ်နဲ့ ရယ်ရမလား ဆိုတဲ့ ပုံနဲ့ မျက်မှောင်ကြုတ်ပြီး သူ ကျွန်မကို ကြည့်တယ်။ ခုနက စကားကို သူ မပြောလိုက် သလို ဟိုလုပ် ဒီလုပ် လုပ်နေပြန်တယ်။ ကျွန်မ သိတာပေါ့။ ကျွန်မကို သူ အူတိုနေပြီ။ ဒါမှ မဟုတ်လည်း အူတိုချင်ယောင် ဆောင်နေပြီ။ တကယ့်လူပဲ။ အိမ်က ထွက်ခါစက ကျွန်မ စိတ်တွေ ဒီလောက် မပေါ့ပါးသေးဘူး။ ကြီးတော် ရင်ခွင်ထဲမှာ ဘာမသိ ညာမသိ တာ့တာပြ ကျန်ရစ်တဲ့ သားလေးကို ကြည့်ပြီး ခရီး မထွက်ခင် ကတည်းက အိမ်ပြန်ချင်နေပြီ။ ဘူတာရုံ ရောက်တော့မှပဲ ကိုယ့်အဖွဲ့တွေ တစ်အုံ တစ်မကြီးကို မြင်ပြီး သူတို့တွေနဲ့ အတူ လိုက်ယောက်ယက် ခတ်ရင်း စိတ်တွေ အလိုလို မြူးပျံလာခဲ့တာ။ ကျွန်မရဲ့ သက်ဆိုင်သူကတော့ အနားကပ်ကာ ရိမဆုံး။ "တော်တော် ပျော်နေတယ်ပေါ့လေ" ဆိုတာက တစ်မျိုး၊ "သူ့ အသံကြီးပဲ၊ ပါးစပ် ခဏ ပိတ်ထားဦး" ဆိုတာက တစ်ဖုံ၊ သိသိသာသာကြီးကိ မနာလို ဖြစ်နေတော့တာပဲ။ ဖြစ်ချင်တော့ လက်မှတ် ၀ယ်တဲ့သူက ဘယ်လို ၀ယ်လိုက်တယ် မသိ၊ ကျွန်မ တစ်ယောက်တည်းက ကျန်တဲ့ မိန်းကလေးး အဖွဲ့နဲ့ မတူဘဲ ထီးထီးကြီး ယောက်ျားလေးတွေ တွဲကို ရောက်နေခဲ့တော့တာပင်။ ဘာပဲ ဖြစ်ဖြစ် ကျွန်မ အတွက်တော့ အဆင်ပြေပါတယ်။ ကျွန်မ အထင်တော့ အထက်တန်း တွဲချင်း အတူတူတောင် ကျွန်မတို့ တွဲက ပိုသန့်နေသလားလို့။ တွဲကူးကာ ကျွန်မတွဲကို လာကြည့်ကြတဲ့ ကလေးများ အားလုံးကလည်း "မကြီးသူ" တို့တွဲက ပိုသန့်တယ်တဲ့လေ။ ဟော... ရထားဥသြသံ၊ ရထား မထွက်ခင် အထိ ရထား ပြတင်းပေါက် ဘောင်ပေါ် လက်တင်ကာ မှာမဆုံး ဖြစ်နေသော သူ့ကို ကြည့်ကာ ကျွန်မ ရယ်ချင်လာခဲ့ပြီ။ မျက်နှာလည်း နည်းနည်းတော့ ပူသား။ တွဲထဲမှာက ကိုယ့်ထက် ငယ်သော ကလေးတွေချည်း။ သူတို့ အမြင်မှာ ကဲလှချည့် ဖြစ်နေရင် မကောင်းဘူးလေ။ ရထားကြီး တရိပ်ရိပ် မောင်းခဲ့သလို နောက်မှ ရန်ကုန် ပုံရိပ်များလည်း ၀ါးလို့ ကျန်ခဲ့ပြီ။ တကယ်ဆို ကျွန်မ ခရီး မထွက်ဖြစ်တာ အတော့်ကို ကြာခဲ့လေပြီရော။ အတန်ငယ် ကြာမည့် ဒီခရီးမှာ ကျွန်မ နေသားတကျ ပျော်ပါ့မလား။ ကျန်ခဲ့သူများကို လွမ်းနေမလား။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်း ခံစားမှု ကိုတော့ ကျွန်မ တကယ်ပဲ စိတ်ဝင်စားပါတယ်။

ရထားထွက်ပြီး မကြာ ခင်မှာဘဲ လက်မှတ်စစ်တွေ တွဲပေါ် ရောက်လာပါတယ်။ ကျွန်မ ဘေးက ချာတိတ် နှစ်ကောင် ပျာယာ ခတ်ကုန်ကြလေရဲ့။ ဘာဖြစ်လို့လဲ မေးလိုက်တော့ မှတ်ပုံတင်မပါဘူး တဲ့လေ။ ခရီးထွက်တာ မှတ်ပုံတင် ယူရမှာပေါ့။ ဒါလေးတောင် မသိဘူးလားလို့ ကျွန်မက မေးတော့ မျက်နှာ လေးတွေက ဆီးရွက်လောက် နဲ့။ ကိစ္စ၀ိစ္စတွေ ပြီးတော့ "အန်တီသူ သူတို့ ကျွန်တော်တို့ လက်မှတ်တွေ သိမ်းသွားပြီ" ဆိုကာ ကျွန်မကို အားကိုး တကြီး ပြောလာချိန် လူကောင်ကြီး ထွားသလောက် စိတ်အားငယ် တတ်ပုံရသော ထိုကလေးကို ကြည့်ကာ ကျွန်မ ရယ်ချင်စိတ်တွေ တလိပ်လိပ်။ တကယ်တော့ ကျွန်မတို့ အဖွဲ့မှာ ကျွန်မရဲ့ အသက်အရွယ်က ပါလာသော ကလေးများနဲ့ စာလျှင် အမေလောက်လည်း အသက်မကြီး၊ အစ်မလောက်လည်း မက ဆိုသော စကောစက အရွယ်ပါ။ ဒါကြောင့်လည်း အားလုံးက စိတ်တူကိုယ်တူ မကြီးသူ ဟု ခေါ်ကြခြင်းပါ။ သို့သော်လည်း ဒီအဖွဲ့ထဲမှာ ငယ်စဉ်ကတည်းက ရင်းခဲ့လေသူ ကလေးမ တစ်ယောက်ကတော့ အန်တီသူ ခေါ်တာ နှုတ်ကျိုး နေတာမို့ ထိုကလေးကို အသည်းစွဲနေသူ ယခုကောင်လေးကလည်း ဓာတ်တူနံတူ အန်တီသူ လုပ်နေခြင်းပင်။ သူတို့ ဘယ်လိုပဲ ခေါ်ခေါ် ကိုယ်ကတော့ "ဟေ" လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီး လုပ်ငန်း အရ သူတို့တွေနဲ့ တလုံးလုံး တထွေးထွေးပါ။

ရထားပြတင်းပေါက် ကနေ တစ်ဆင့် မြင်သမျှကို ကြည့်ရင်း ခံစားနေရင်းမှ လယ်ကွင်းများ၊ သစ်ပင်များ၊ ဒါ ဒါတွေချည်း ထပ်လာပြန်တော့ မျက်လုံးက အမြင် အာရုံထပ်လာမှုကို မခံစားချင်တော့။ အိပ်ငိုက်စ ပြုလာပြီ။ ဟိုဘက်ကတော့ ၀ိုင်းကောင်းစ ပြုနေ၏။ ရှေ့ဆင့် နောက်ဆင့် နှစ်ခုံတွဲများကို မျက်နှာချင်းဆိုင် ဖြစ်အောင် တွဲမှ တာဝန်ရှိသူက လာလှည့် ပေးထားကာ ခရီးဆောင် အိတ်များကို အလယ်မှာချ။ အချပ်လေးများ တင်လျက် ငြိမ့်နေကြပြီ။ ဟီးဟီး ဟား ဟားနှင့် အသံများ စည်နေ သည်မို့ ဘယ်လောက်ကြေး လဲဟေ့ ဟု စိတ်ဝင်တစား စပ်စုမိတော့ ၁၀ ကြေးတဲ့။ ဖြစ်မှ ဖြစ်ရလေ။ ၁၀ တည်း နှင့် ရေကုန်ရေခန်း ကစားနေကြမှုကို ကြည့်ကာ ဒါမှ အားကစား စိတ်ဓာတ်ဟုပဲ ကြွေးကြော်ရတော့မလို။ အိပ်ငိုက်နေတဲ့ ကြားထဲက နားထဲဝင်ဝင်လာသော သူတို့ ၀ိုင်းဆီက အချိုးမကျသော သံစဉ်တစ်ခုကို သတိထား မိခဲ့ပါတယ်။ ကလေးတွေက သူတို့ဝိုင်းထဲ စိတ်ရော ကိုယ်ပါ ၀င်အားပေးနေတဲ့ တွဲက ဘိုးတော်ကြီးကို ဘကြီး ဘကြီး ခေါ်ကာ လေးစားပြနေသလောက် ဘိုးတော်က အားကျမခံ သူတို့ကို ညီလေး ညီလေး ပြန်လုပ်နေခြင်းပင်။ ကိုယ်သာဆို သူက ဒီလောက် ညီလေး လုပ်နေရင် အားနာကာ ဘကြီးဆိုသော အခေါ်အဝေါ်ကို ပြင်လိုက်မိမှာပင်။ အခုတော့ သကောင့်သားလေးများက ကစားပွဲမှာ ဘယ်လောက် အာရုံ ၀င်စားနေကြတယ်မသိ။ အင်း...ဘကြီးနှင့် ညီလေးတို့ ကစားပွဲကတော့ ဟုတ်နေပြီ ဆိုကာ ကျွန်မ တပြုံးပြုံး။ ကိုယ်ကြုံဖူးသော အဖြစ် တစ်ခုကိုလည်း သတိရမိ ပါသေးသည်။ ကျွန်မ ကိစ္စ တစ်ခုနဲ့ အပြင်သွားခါနီး အစွမ်းကုန် အလှတွေပြင်ကာ လာခေါ်သော ကားကို ရပ်စောင့်နေစဉ် တစ်နေ့ကပေါ့။ လမ်းထိပ်က မျက်နှာသိ ဆိုက်ကား ဆရာကြီး တစ်ဦးက နှုတ်ဆက်လိုက်ပုံများ "မမသူ ပင်စင် မယူသေးဘူးလား။ အလုပ်လုပ်တုန်းပဲလား"တဲ့ လေ။ အမလေး ဒီတုန်းကများ ကျွန်မမှာ ပါးစပ်ကြီး အဟောင်းသားနဲ့ ဟန်ဆောင် ပန်ဆောင်လေးတောင် တုံ့ပြန်စကား မဆို လိုက်နိုင်။ အသက် သုံးဆယ့် ခုနစ်နှစ် ရှိတဲ့ မိန်းမတစ်ယောက်ကို ပင်စင်အရွယ်နဲ့ မှားတတ် ကြသေးရင် သူ့ ဘကြီးကမှ တော်ဦးမည် ထင်ပါရဲ့။ အတွေးနဲ့ တွဲပေါ်က တာဝန်ကျ ဘကြီးကို ကိုယ်ချင်းတွေ ဘာတွေ စာလို့ရယ်။

"ထမင်းဘူးတွေ ရမယ်၊ ထမင်းဘူးတွေ။ အသင့်စားရုံပဲ။ ကြက်သား၊ ငါး၊ ဘဲဥ။ ဘာနဲ့ စားစား ရှစ်ရာပဲနော်။ ဘူးကလေးနဲ့ စားမယ်၊ ပြီးရင် လွှင့်ပစ်လိုက်ရုံပဲ။ တန်တယ်နော်"

အံမယ်...တန်လှချည်လား။ ကျွန်မတို့ မျက်လုံးတွေ အကုန်လုံး အရောင်တွေ လက်ကုန်ပါတယ်။ ထမင်းစားချိန်နဲ့ ကွက်တိဖြစ်နေတာမို့ ဟိုက တစ်ဘူး၊ ဒီက တစ် ဘူးနဲ့ ထမင်းသည်ကြီး အတော်လေး ရောင်းလိုက်ရသားပင်။ တကယ် စားလိုက်ချိန်မှာတော့ ဗိုက်ဆာနေချိန် ရယ်၊ စားခါစရယ် အသံ ထွက်မလာသော်ငြား တစ်လုပ်၊ နှစ်လုပ် ၀င်ပြီး ချိန်မှာတော့ အချင်းချင်းကြည့်ကာ ခေါင်း တခါခါ ဖြစ်ကုန်ကြပါတယ်။ "ဟင်း ကို ဟင်းနဲ့ မတူအောင် ချက်နိုင်တာ တော်တယ်ကွာ။ ကြက်သားကို မျက်စိမှိတ် စားကြည့်စမ်း။ ဘာသားမှန်း မပြောနိုင်အောင်ကို ချက်ထားတာ။ မရင်းနှီးလို့နော်...ရင်း နှီးရင်..." တဗြဲဗြဲ ထအော်တဲ့ အသံကြီးက ဘယ်သူဝင်ထိန်းလိုက်လဲ မသိဘူး။ အဆုံးသတ်မှာ တော်တော်လေး တိုးသွားပါတယ်။ မတိုးလို့လည်း မရ။ ထမင်းသာရောင်း နေတယ်။ ကာယဗလမောင် တွေနဲ့ နင်လား ငါလား မှားရမယ့် ရင်အုပ်ကားကား၊ ပခုံးသား ထွားထွား ထမင်းသည်ကြီးက မသွားသေးဘဲ တွဲဝမှာ ဂြိုဟ်ကြည့် ရပ်ကြည့် နေတော့တာကိုး။

"ဘဲကင်တွေ ဘဲကင် တွေ ကြွပ်တယ်၊ ရွတယ်။ တစ်ကောင် နှစ်ထောင်တည်း နော်"

ဟော လာပြန်ပြီ။ ဒါလည်း အင်မတန် ဈေးတော်တာပါပဲ။ ရန်ကုန်မှာက ဘဲကင် တစ်စိတ်တောင် မတန်တဆ ဈေးပေးကာ ၀ယ်စားနေရတာလေ။ ဒီမှာ ကတစ်ကောင်လုံးမှ နှစ်ထောင် ထဲဟာ။ အရသာ မရှိဘူးဘဲ ထားဦး။ အိမ်ရောက်တော့မှ ပြုပြင်စားတန်သေးတာပါပဲ။ ခက်တာက အခုခရီးက အပြန်ခရီး မဟုတ်။ အင်း ဘဲကင်ရေ တန်ပေမယ့် နေနှင့်ဦးကွယ်။ ဒီလိုနဲ့ပဲ မနက် ကိုးနာရီက ရန်ကုန်ဘူတာကြီးက ထွက်လာတဲ့ ကျွန်မတို့ရဲ့ ရထားကြီးဟာ ခြောက် နာရီလောက် မောင်းခုတ်ပြီး ချိန်မှာတော့ လိုရာခရီးကို ချောမောစွာ ရောက်ခဲ့ပါတော့တယ်။ သြော် သထုံဆိုတာ ဒီမြို့ပဲလား။ တစ်ခါတစ်ခေါက် အလည် ရောက်ခဲ့ပြီပေါ့ မြို့သထုံရေ။

တိုက်ကြီးကလည်း ကြီးပါဘိ။ ခြံဝင်းကလည်း ကျယ်ပါဘိတော့။ ကျွန်မကတော့ ရောက်ရောက်ချင်းမှာကို ခြံဝင်းထဲရော ပတ်ဝန်းကျင်ကိုပါ အကုန်ပတ် လေ့ လာပြီးပြီ။ မြို့သစ်တို့ရဲ့ ထုံးစံ အတိုင်း ပတ်ဝန်းကျင်မှာ လူနေအိမ်ခြေကတော့ များလှတယ် မဟုတ်သေးပေ။ မျက်နှာချင်းဆိုင် အိမ်လေးကတော့ ရုံးစု၊ ရုံးစုနှင့် ရောက်လာကြသော ခြံနီးချင်း အဖွဲ့ကို ဘာတွေလဲ ဆိုကာ ကွက်ကြည့် ကွက်ကြည့်ရယ်ပါ။ ကျွန်မ ကတော့ ခြံထဲမှာ မီးခိုး တလူလူနှင့် ချက်ပြုတ်စား ကာ ကက်ဆက်ကို မနားတမ်း ဖွင့်ထားသော ထိုအိမ်ကလေးကို ပြန်ပြီး ကွက်ကြည့် ကွက်ကြည့်ပေါ့။ ဖွင့်ထားသည့် သီချင်းများကလည်း နားထောင်ရုံနှင့် ပျော့ ပြဲလွမ်းဆွေး ကြွေကျသွားနိုင်သော အခု ခေတ်စားနေသည့် မိုနို အဆိုတော် တစ်ဦး၏ အသံ။ ကျွန်မ အနေနဲ့တော့ ရန်ကုန်မှာ မမြင်တွေ့တာ ကြာပြီဖြစ်သော ကျယ်ဝန်း လွတ်လပ်မှု၊ အေးမြသန့်စင်သော လေထုတို့ကို ခံစားရင်း သဘောတွေ ကျလို့ရယ်။ တစ်ပတ် ပတ်လို့ဝပြီး တိုက်ထဲ ပြန်ဝင်ကာ ကျွန်မတို့ကို နေရာ ချပေးထားသော အခန်းထဲကို ၀င်ခဲ့ချိန်မှာတော့ အားလုံးက ကျွန်မကို တရှူးရှူး လုပ်ပြနေတာမို့ ကိုယ်လည်း ဘာမှန်း မသိ၊ ညာမှန်း မသိ ချွတ်နင်း လိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုသော ပုံဖြင့် ကျွန်မက မေးဆတ်မေးတော့ တန်းစီ အိပ်နေသော ကလေးမ အားလုံးက အပေါ်ထပ်ဆီကို လက်ညှိုးတွေ ထိုးပြ ပြန်ပါတယ်။ ဘာလဲ။ ကျွန်မတို့ ရန်ကုန်မှာကတည်းက ကြားခဲ့တဲ့ ကလေးသရဲ ဆိုတာလား။ အား ကျွန်မလည်း ကြောက်တယ်နော်။ ၀ုန်းခနဲ သူတို့ကြားထဲ ဘယ်လို ခုန်တက် လိုက်မိမှန်းပင် မသိတော့။ ဒီကလေးသရဲ အကြောင်း ရန်ကုန်က မထွက်ခင်ကတည်းက ကြားပြီး တစိမ့်စိမ့် ကြောက်နေတာ။ အခု တကယ် တွေ့ရတော့မှာလား။ တကယ်တော့ ဒီခြံမှာ ကလေး သရဲရှိတယ်လို့ ဘယ်သူ စဖွခဲ့မှန်း မသိပေမယ့် တစ်ယောက်တစ်ခွန်း ချဲ့ကားတာနဲ့တင် မတွေ့ဖူး ခင်ကတည်းက အတော်ပီပြင် နေပြီ။ ကျွန်မ ကလေး ဆိုရင် အတန်းအစားမရွေး ချစ်တတ် ပေမယ့် ကလေးသူရဲတော့ မချစ်တတ်ဘူးလေကွယ်။ အသံ ညောင်ညက်ညက်နဲ့ပဲ "ကလေး သရဲလား"လို့ ဘေးက တစ်ယောက်ကို မေးလိုက်တော့ "မဟုတ်ပါဘူး မကြီးသူကလည်း၊ နဒီတို့ ခုနက အုပ်စုဖွဲ့ပြီး အတင်း တွေရော၊ သတင်းတွေရော ပေါက်ကရတွေ ပြောနေကြတာ။ တစ်ခန်းနဲ့ တစ်ခန်း မကြားရဘူး ထင်လို့လေ။ အဲ့ဒါ ခုနကမှ အပေါ်ထပ်က အီးပေါက်သံ ကြားလိုက်ရလို့။ အီးပေါက်သံတောင် ကြားရရင် နဒီတို့ ပြောတာတွေလည်း သူတို့ အကုန်ကြားပြီပေါ့။ သေချာအောင် သူတို့ အပေါ်ထပ်က အသံ ဆက်နားထောင် နေတာ။ ဘာသံမှလဲ မကြားရတော့ဘူး" တဲ့လေ။ ဆိုးတဲ့ ကလေးတွေပဲ။ အပေါ်ထပ်က ယောက်ျားလေး အုပ်စု အတွက်၊ အောက်ထပ်က မိန်းကလေးအုပ်စု အတွက် ခွဲခြား နေရာ ပေးထားတာမို့ ခုနက တရားခံဟာ ယောက်ျားလေးတွေထဲက တစ်ယောက်သောသူ ဖြစ်မှာပေါ့။ ကျွန်မ နောက်ပြောင်ချင်စိတ်ကို မထိန်းနိုင်တော့ဘူး။ "ဟေ့ ငါတို့ ခုနက ပြောတာတွေ ကြားသွားလားဟေ့။ မင်းတို့ အီးပေါက်သံ ငါတို့ကြားတယ်ကွ" ကျွန်မ အသံဖျက်ပြီး အော်လိုက်တော့ "၀ါး" ခနဲ ရယ်သံတွေ ထွက်လာပါတော့တယ်။ "မကြီးသူရေ သူတို့ ပြောတာတွေ ကျွန်တော်တို့ အိပ်နေရင်းနဲ့ အကုန် ကြားတယ်။ အီးတရားခံကတော့ ကိုရဲနိုင်ကြီး ဗျို့" အပေါ်ထပ်မှာ တ၀ါးဝါးနဲ့ အသံတွေ ဆူညံကုန်သလို ကလေးမတွေလည်း အဲ့ဒါ နင့်ကြောင့်၊ သူ့ကြောင့်၊ နင်ပြောတာ၊ သူပြောတာတွေ ဖြစ်ကုန်ပါတော့တယ်။

"ဒေါ်စိမ့်စိမ့်သူ ဖုန်း"

ဟော ကျွန်မရဲ့ ဖုန်း။ ဗေဒင် မေးစရာ မလိုသော သက်ဆိုင်သူထံမှ ဖုန်းပေါ့။ သူက အိမ်မှာ ရှိနေလျှင်သာ စကားကို လုံးစေ့ပတ်စေ့ မပြောတာ။ ခရီးထွက်လျှင် အိမ်ကို ဖုန်းအလွန် ဆက်သော သူ။ အခု သူမထွက်ဘဲ ကျွန်မ ထွက်လာချိန်မှာလည်း ဖုန်းပြောချင်နေပြီ ထင်ပါရဲ့။ သထုံဖုန်းကလည်း ဘယ်လိုတုံး။ ကျွန်မ အသံကို သူက ကောင်းကောင်း ကြားရပြီး သူ့ အသံကျတော့ ကျွန်မ ကောင်းကောင်း မကြားရပါ။ ဧည့်ခန်းထဲမှာလည်း တီဗွီအသား ကုန်ဖွင့်ကာ ရှုစားနေကြသူများ အများအပြားမို့ အင်း တစ်လုံး အဲတစ်လုံးနှင့်ပင် ဖုန်းချ လိုက်ရတော့တာပင်။ အဓိကက သားသား ကျန်းမာ၊ သူကျန်းမာတာ သိရင် ပြီးတာ ပါပဲ။

ခြံထဲမှာတော့ ကလေးတွေ အားလုံး ကစားနေကြပြီ။ ဘာမှ လုပ်စရာ မရှိသေးတဲ့ အတူတူ သူတို့ ကစားရာနား သွားကာ ခုံတစ်လုံး ချထိုင်ရင်း အားပေး ဖြစ်ပါတယ်။ ကစား နေကြပုံက ခွက်တွေ၊ ပလုံးတွေထပ်ကာ ဘောလုံးနဲ့ ပစ်ပေါက်ပြီး ပြန်စီ ပြန်ထပ်ရသော ကစားနည်း။ ကျွန်မတို့ ငယ်စဉ်ကလည်း ဒီလို ကစား ဖူးပါတယ်။ ကစားနည်း နာမည်တော့ မေ့နေတာမို့ မေးကြည့်တော့ ကင်းပူကစား နည်းတဲ့လေ။ သူတို့ ကစား နေကြတာက အသည်းယား စရာ၊ ပျော်စရာကြီးမို့ ကိုယ်လည်း မနေနိုင်၊ မထိုင်နိုင် ဘေးကနေ အော်ဟစ် အားပေး မိပါတော့တယ်။ အားလုံးရဲ့ အသက်အရွယ်က နှစ်ဆယ်၊ နှစ်ဆယ့်တစ် အလွန်ဆုံးတွေ။ နုပျိုခြင်းနဲ့ လှပခြင်းက အားလုံးဆီမှာ ကိုယ်စီကိုယ်ငှ။ အခုလို ကစားနေချိန်မှာ အားလုံးရဲ့ ပုံရိပ်များဟာ ဘာဟန်ဆောင်မှုမပါ။ ဘာအိုက် တင်မှမရှိ။ ပြိုင်ဆိုင်ခြင်းတွေ ကင်းလို့ ပီဘိ ကလေးတွေ အလား ကြည့်ကောင်းလွန်း နေပါတယ်။ ကျွန်မ အခန်းထဲ ပြန်ဝင်ကာ ကင်မရာ ယူပြီး သူတို့ရဲ့ လှုပ်ရှားမှုများကို မှတ်တမ်း တင်ထားလိုက်တော့တယ်။ တစ်ချိန် သူတို့ထဲက တစ်ယောက်ယောက် ဒါမှ မဟုတ်လည်း အားလုံးပေါ့။ အောင်မြင် ကျော်ကြားတဲ့ အနု ပညာရှင် လေးတွေများ ဖြစ်ခဲ့မယ်ဆို ဒီပုံဟာ သမိုင်းဝင် ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်တာပဲ မဟုတ်လား။ ဒီချိန်မှာပဲ ဆိုင်ကယ်သံ တဖုန်းဖုန်းနဲ့ ရိုက် ကွင်းနေရာတွေ လိုက်ကြည့်တဲ့ ဒါရိုက်တာ ပြန်လာပါတယ်။ "မနက်ဖြန် ခြောက်နာရီမှာ အားလုံး ထမယ်။ ခုနစ်နာရီခွဲ ဆိုတာနဲ့ ရှုတင် တည်မယ်။ အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ထားပါ" တဲ့။ ဆော့နေတဲ့ ကလေးတွေ အားလုံး ဒါရိုက်တာဆီကို လှမ်းကြည့်လာတယ်။ မျက်လုံးတွေမှာ မျှော်လင့်ချက် ကိုယ်စီနဲ့။ သြော်....ခုတော့လည်း သူတို့တွေ လူကြီး တစ်ယောက်လိုပါလား။

ဘယ်က ဘယ်လို သတင်းကြားကာ ရောက်လာကြတယ် မသိ။ လမ်းသွယ် တစ်ခုလုံးရော၊ ရိုက်မယ့် အိမ်ဝိုင်းဝန်းကျင်မှာရော လူတွေအပြည့်။ အထူးများပြား စွာ အားပေးနေတာကတော့ ကလေး ပရိသတ်ပါ။ ကလေးတွေမှ တကယ့် အရွယ်စုံ၊ ဆိုက်စုံ။ ကျွန်မကတော့ ထုံးစံအတိုင်း ဟိုးငေး၊ ဒီငေးနဲ့ သူများ စိတ်မ၀င် စားသော အရာတွေကိုမှ ကိုယ်က စိတ်ဝင်တစား လိုက်ကြည့် နေမိပါတော့တယ်။ ချစ်စရာ ငြိမ်းချမ်းလှတဲ့ အိမ်ကလေးကွယ်။ သို့သော်ငြား ကျွန်မ ရေးထားတဲ့ ဇာတ်လမ်းထဲက မုန့်ဟင်းခါးသည် ဇာတ်လိုက် ကောင်လေးရဲ့ဇာတ်ဝင်ခန်း အိမ်ဟာ ဒီလောက် သပ်ရပ်လှပစရာ လိုသလား။ ကျွန်မတော့ ပြဿနာ ရှာနေပြီ ထင်ပါရဲ့။ ဒီချိန်ကျမှ အငြင်းအခုံတွေ လုပ်နေဖို့လည်း မကောင်းတော့ဘူး ထင်ပါတယ်။ အလိုက်သိစွာနဲ့ပဲ ကျွန်မ နှုတ်ဆိတ် နေမိရင်း ခြေတံရှည်အိမ်ကြီးကို လှည့်ပတ် ကြည့်နေမိတော့တယ်။ ကျွန်မ ဟိုးငယ်ငယ်လေးကတည်းက အလွန်တရာ သဘော ကျတတ်တာ ဒီလို ရေနံချေး ၀နေတဲ့ ခြေတံရှည် အိမ်မည်း မည်းကြီးတွေပေါ့။ အိမ်ပေါ်တက် ကြည့်ပြန်တော့လည်း ကြမ်းတစ်ချောင်းချင်း ချွတ်သုတ်ထားသလား အောက်မေ့ရအောင် ပြောင်ရှင်း သပ်ရပ် နေပြန်ပါတယ်။ ဒီလို သပ်ရပ်မှုမျိုးကို အိမ်ရှင်မကောင်းတွေသာ ထိန်းသိမ်း နိုင်မှာလို့ တွေးမိပေမယ့်လည်း အိမ်ရှင် အမျိုးသမီးက နေ့စေ့၊ လစေ့ ကိုယ်ဝန်ကြီးနဲ့မို့ အင်း အိမ်ရှင်အမျိုးသား လက်စွမ်း ပြနေသည် ထင်ပါရဲ့ပေါ့လေ။ မြေသားတွေပဲ ရှိတဲ့ ခြံဝင်းထဲမှာ အမှိုက်သရိုက် ဆိုလို့ တစ်စက်မရှိ ပြောင်နေအောင် လှည်းထားပုံကလည်း အောချလောက်ပါရဲ့။ သားသားသာ ပါလာလို့ကတော့ ဒီကောင် ခြံဝင်းထဲ ဆော့ရတာ ပျော်လွန်းလို့ အိမ်ပေါ် တောင် မနည်းခေါ် ယူရမှာ သေချာပါတယ်။ ခြံကျယ်ကျယ်၊ သန့်ရှင်း သပ်ရပ်တဲ့ အိမ်ကလေး တစ်လုံး၊ မိသားစုလေး တစ်စု နေပျော်စရာ ကောင်းလိုက်တာနော်။ သူတို့တွေ ဘာများ လုပ်ကိုင်စား ကြပါလိမ့်။ ဒီနေရာလေးက သထုံမြို့ရဲ့ အစွန်ကျတဲ့ နေရာလေးပါ။ ဟင် အိမ်အောက်မှာ အ၀တ်စကြီးနဲ့ ဖုံးထားတာ ဆိုက်ကား တစ်စီးပါလား။ ဒီအိမ်နဲ့ ဒီဆိုက်ကား ဘယ်လို ပတ်သက်ပါလိမ့်။

"အစ်မ...အစ်မ ကြည့်ရတာ ကျွန်တော်တို့ အိမ်ကို အတော် စိတ်ဝင်စားနေတယ် ထင်တယ်"။ ဟောတော့ ကြည့်စမ်း၊ အားနာစရာ ကောင်းလိုက်တာ။ ကျွန်မ စပ်စုနေတာကို အိမ်ရှင် အမျိုးသား သိသွားပြီပဲ။ စကားရောဖောရော လုပ်ရင်းနဲ့ပဲ ကျွန်မနဲ့ အိမ်ရှင်အမျိုးသား အဖွဲ့ကျသွားပါတယ်။ ဒီတော့မှပဲ အမျိုးသမီးက ကျောင်းဆရာမ လုပ်တယ် ဆိုတာရော၊ သူက ၀န်ထမ်းဟောင်း ဆိုတာရော၊ အသက်ကြီးမှ အိမ်ထောင် ကျတာဆိုတာရော စုံလို့ပါပဲ။ အိမ်အောက်မှာ ရပ်ထားတဲ့ ဆိုက်ကားက အပျက်ကြီး ဖြစ်ပြီး လောလောဆယ် ဆိုက်ကား ဆယ်စီး ထောင်ထားကာ တစ်စီးကို အုံနာခ တစ်နေ့ ငါးရာ ရတယ်လို့ သိလိုက်ရ တော့ ကျွန်မ မနေနိုင်၊ မထိုင်နိုင်။ "ကောင်းလိုက်တာနော်၊ အေးအေးဆေးဆေးပဲ"လို့ အားပေး လိုက်မိပါသေးတယ်။ ကျွန်မ ရေရွတ်သံ အတွက် အားတက် သွားပုံရတဲ့ အမျိုးသားက ပြုံးပြုံးကြီးနဲ့ "ဒီမှာက နေလို့ကောင်းတယ် အစ်မ ရဲ့။ ဒီခြံဆို ကျွန်တော်တို့ ၀ယ်ခါစက ငါးထောင်ပဲ ပေးရတာ။ အခုတော့ အိမ်ရော၊ ခြံရောဆို ငါးဆယ်လောက် တန်နေပြီ"တဲ့ လေ။ အင်း လောကမှာ လူတွေ အားလုံးဟာ သူ့နေရာနဲ့သူ ပြဌာန်း ပြီးသား ပါလာတယ် ထင်ပါရဲ့။ ကျွန်မ လျှော့လျှော့ပေါ့ပေါ့နဲ့ ရထားတဲ့ တစ်ရာတန် တိုက်ခန်းကျဉ်းနဲ့ ဒီအိမ်ခြံကို အလိုက်ပေးစရာ မလို လဲကြမယ် ဆိုရင်တောင် ဘယ်သူ့ ဘယ်သူမှ နေနိုင်ကြမယ် မထင်ပါဘူး။ ကိုယ့်အလုပ် ကိုယ့်ဘ၀ အပ်စပ်ရာမှာသာ နေကြ ပျော်ကြရတာပဲ မဟုတ်လား။

ခြံထဲမှာတော့ ကျွန်မတို့ အဖွဲ့သားတွေ သဲကြီးမဲကြီး ကြိုးစားပမ်းစား ရိုက်နေကြပါတယ်။ ကျွန်မကတော့ လိုအပ်ရင် ဇာတ်ညွှန်းကို ရိုက်ကွင်း အနေအထား အရ ပြင်ပေးလိုက်၊ မော်နီတာ ရှေ့ထိုင်ကာ လိုအပ်တာလေးတွေ ကြည့်ပေးလိုက်နဲ့ တခြား လူတွေလိုတော့ အချိန်ပြည့် အလုပ်ရှုပ် မနေပါဘူး။ ဒီတော့လည်း အားတဲ့ ခဏ ကျွန်မရဲ့ အာရုံစူးစိုက်မှုက တစ်မျိုး ပြောင်းသွားပြန်ပါတယ်။ ဒီတစ်ခါ ကျွန်မရဲ့ အာရုံက ပရိသတ်ထဲက ကလေး တစ်ဦး။ သူ့ကို ကျွန်မ မနက်ခင်း ကတည်းက မြင်နေခဲ့တာ။ ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန်တွေ ပြောင်းသလို လာကြည့်တဲ့ ကလေးတွေ ပြောင်းသွားမယ်။ သူကတော့ တုတ်တုတ် မလှုပ်ပါဘူး။ မုန့်စားချိန်၊ ထမင်းစားချိန်တွေမှာ သက်ဆိုင်ရာ လူကြီးမိဘတွေ ကိုယ့်ကလေးကို ပြန်လာခေါ်သွား ကြသော်ငြား အဲဒီ့ကလေးက တော့ လာခေါ်သူ မရှိ။ သူကလည်း ထမင်းမစား၊ မုန့်မစား ဒီအတိုင်းပါပဲ။ ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့်လေး ပါ။ အ၀တ်အစားတွေက မသစ်ပေမယ့် ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အထဲလည်း မပါပါဘူး။ ဖြစ်ချင်တော့ ဒီနေ့မှ ကျွန်မတို့ ရှုတင် ထမင်းကား နောက်ကျနေတယ်။ ကျွန်မ ဗိုက်ဆာနေပြီ ဆိုတော့ အနားမှာ လာရောင်းတဲ့ အကြော်သည်ကို ခေါ်ပြီး ၀ယ်စားမိတယ်။ အနားမှာ အဲ့ ဒီကလေးကလည်း ကပ်ရပ်နေတော့ စားမလား မေးလိုက်မိတယ်။ သူလေးက ဟန်ဆောင် ပန်ဆောင်တောင် မငြင်းဘူး။ စားမယ် ဆိုပြီး ခေါင်းညိတ်နေလို့ သူနဲ့ ကျွန်မ အကြော်အတူ စားရင်း စကားတွေ ပြောဖြစ် ပြန်တာပေါ့။

"မင်းကွာ၊ တစ်နေကုန် လာကြည့်နေတာပဲ။ ကျောင်း မသွားဘူးလား"

"သားမှာ အဖေနဲ့ အမေမှ မရှိတာ၊ သားကျောင်းတက် စရာ မလိုဘူး"

"ဟင်း ဒါဆို ဘယ်သူနဲ့ နေလဲ"

"သားအဘွားနဲ့"

"သားအဘွားက ဘာလုပ်လဲ"

"ဘာမှမလုပ်ဘူး။ သားပဲ လုပ်တာ။ သားက ရေခဲချောင်း ရောင်းတယ်"

"အဟုတ်...ဒါဆို ဒီနေ့ ဘာလို့ မရောင်းလဲ"

"ဒီလောက် ချမ်းနေတာ ဘယ်သူက ၀ယ်စားမှာလဲ" ကျွန်မ ဘာဆက်မေးရမှန်း မသိတော့ပါဘူး။ ကလေးက ဖြေတာ သွက်လက် လွန်းလို့ ဟုတ်ရော ဟုတ်ရဲ့လား တွေးနေမိပါတယ်။ ဒီချိန်မှာပဲ ဒိုင်ယာလော့ခ် ပြင်စရာလေးတွေ ကိုယ့်ရှေ့ ရောက်လာ တာမို့ အလုပ်များ သွားတာနဲ့ ဒီကလေး ကိုယ့်နားက ဘယ်ချိန် ထွက်သွားမှန်း သတိ မထားမိလိုက်ပါဘူး။ ဒါပဲ ကောင်းပါတယ်။ ကျွန်မက စိတ်ညစ် မခံနိုင်ဘူး။ ကိုယ်က ဒရာမာဇာတ်တွေ ရေးရလွန်းလို့ စာတွေ့နဲ့ တင် မောနေပြီ။ စိတ်မောစရာတွေ ဘာမှ မကြားချင်တော့ဘူးကွယ်။

ဘူတာကို ကျွန်မနဲ့၊ ထွန်းလင်းနဲ့ နှစ်ယောက် ဆင်းခဲ့ကြတယ်။ ထွန်းလင်း ဆိုတာ ကျွန်မတို့ တည်းတဲ့ အိမ်က မွေးစားထားတဲ့ ကလေး။ အိမ်ရှင်တွေက ရန်ကုန်မှာ နေကြတာ။ သထုံမှာ ရိုက်မယ်။ ဒီအိမ်မှာ နေပြီး ရိုက်မယ် ဆိုလို့ သဘော ကောင်းတဲ့ အိမ်ရှင်တွေက အိမ်သော့ရော၊ အိမ်အကြောင်း အကုန်သိတဲ့ ထွန်းလင်းရော တစ်ခါတည်း ထည့်လွှတ် လိုက်တာ။ ကျွန်မတို့အတွက် ထွန်းလင်းက မရှိမဖြစ် ဂိုက်။

"အန်တီ ပြန်တက်လာမယ် မဟုတ်လား"

"အေး လာမှာပေါ့။ ရန်ကုန်က ကိစ္စပြီးတာနဲ့ ချက်ချင်းကို ပြန်လာမှာ"

"အန်တီ ရောက်မယ့်နေ့ ကြိုဖုန်းဆက်။ ကျွန်တော် လာကြိုမယ်။ မနဒီတို့ကတော့ အန်တီ ပြန်သွားလို့ ညစ်နေကြတယ်"

ဟုတ်ပ။ ကလေးတွေ အားလုံး ကျွန်မ ပြန်မယ်ဆိုလို့ စိတ်မကောင်းကြပါ။ ရောက်တာမှ ရက်ပိုင်း ရှိသေးတဲ့ ဟာတဲ့လေ။ မဟုတ်ပါဘူး။ ခဏပြန်တာပါ။ ကိစ္စပြီးတာ နဲ့ ချက်ချင်း ပြန်လာမှာပါ အထပ်ထပ် ပြောမှပဲ မျက်နှာလေးတွေ ပြန်ပြီး ကြည်လာ ကြပါတယ်။ ရန်ကုန်က အရေးပေါ် ကိစ္စကလည်း ကျွန်မ မပြန်လို့ မဖြစ်တဲ့ အခြေအနေ တစ်ခုပါ။ ရထား မလာသေးတာမို့ ကျွန်မနဲ့ ထွန်းလင်း စကားတွေ ဟိုဟို ဒီဒီ ပြောနေကြတုန်း အနားကို ရေခဲချောင်းပုံး လွယ်ထားတဲ့ ကလေးတစ်ယောက် ရောက်လာတာမို့ ကြည့်လိုက်တော့ ဟိုနေ့က ကလေးပါလား။

"ဟယ်...ဒီနေ့တော့ တကယ် ရောင်းပြီပေါ့ ဟုတ်လား"

"မရောင်းလို့ မဖြစ်တော့ဘူးလေ အန်တီရဲ့။ ၀ယ်စားပါဦး အန်တီ"

"အမလေး ကလေး ရယ်၊ ငါ့မှာ အနွေးထည် နှစ်ထပ်တောင် ၀တ်ထားရတာပါကွယ်"

ကျွန်မ ရယ်ရယ်မော မောနဲ့ ပြောရင်း ငြင်းလိုက် ပေမယ့် စိတ်ထဲမှာတော့ ဒီကလေးကို အားပေးတဲ့ အနေနဲ့ ၀ယ်စားရင် ကောင်းမယ်လို့ စိတ်ဖြစ်နေပါတယ်။ ခက်တာက ကျွန်မမှာ အကြွေ မပါ။ အိတ်ထဲမှာ တစ်ထောင်တန် တွေချည်းပဲ ဆိုတော့ ၀ယ်စားလိုက်ဖို့ကို လက်က ခက်နေမိပါတယ်။ ကျွန်မ စိတ်တွေ ဒွိဟ ဖြစ်နေချိန်မှာပဲ ကြားသား မိုးကြိုး၊ ကျွန်မ ဟန်းဖုန်းက လိုင်းတွေ ဘာတွေမိကာ ထခေါ်လို့ပါလား။ သထုံရောက် ကတည်းက လိုင်းမမိခဲ့သမျှ ထူးထူး ဆန်းဆန်းရယ်ပါ။ အမျိုးသားနဲ့ ကျွန်မ ဖုန်းပြောဖြစ်ရင်း တစ်ခဏ အတွင်းမှာ ကျွန်မရဲ့ ရေခဲချောင်းသည်လေးနဲ့ မောင်ထွန်းလင်းကလည်း အဖွဲ့တွေ ဘာတွေ ကျလို့ပါပဲ။ ဖုန်းချပြီးချိန်မှာ ကြားလိုက်မိတဲ့ စကား အစွန်းအစလေး အရ ရေခဲချောင်းသည်လေးရဲ့ ဘ၀ ဇာတ်ကြောင်းကို ကျွန်မ နည်းတူ မောင်ထွန်းလင်းလည်း သိသွားပုံ ရပါတယ်။ ဒီ ကလေး သူ့ဘ၀ကို သူများကို ရင်ဖွင့်ရတာ အတော် အာတွေ့တယ် ထင်ပါရဲ့။ မောင်ထွန်းလင်းကတော့ ကရုဏာ မျက်ဝန်းတွေနဲ့ ငေးကြည့်ပြီး ဆက်မေး နေပါတယ်။

"မင်းနာမည်ကရော ဘယ်လိုခေါ်လဲ"

"ထွန်းလင်း"

"ဘာ"

"ထွန်းလင်း ပါဆိုကွာ။ ထွန်းလင်း တောက်ပမယ့် သဘောတဲ့။ ငါ့အဘွား ပြောတာပဲ"

"ဟုတ်လား။ ငါ့နာမည်လည်း ထွန်းလင်းပဲ။ ကဲ ပေးပါကွာ ရေခဲချောင်း တစ်ချောင်း၊ ရော့ ပိုက်ဆံ"

"မင်းဟာက ငါးရာတန်ကြီးပါလား။ ငါက အခုမှ ဈေးဦး ပေါက်တာကွ"

"ပြန်မအမ်းနဲ့တော့ ရတယ်"

ဟိုကလေးက ၀မ်းသာ အားရနဲ့ ရောင်းပြီး ပျော်ပျော် ရွှင်ရွှင် ထွက်သွားပါတယ်။ ထွန်းလင်းကတော့ ရေခဲချောင်းလေး ကိုင်ပြီး သူ့နဲ့ နာမည်တူ ကောင်လေးကို ငေးကြည့် ကျန်ရစ်ပါတယ်။ ကျွန်မက ဘာရယ်မဟုတ်။

"ထွန်းလင်းက ပြန်တောင် မအမ်းခိုင်းတော့ဘူး။ ထောနေတယ်ပေါ့လေ"

"မထောပါဘူး အန်တီ ရယ်။ ကျွန်တော့်မှာ ရှိတာ အဲ့ဒါ အကုန်ပဲ။ သူ့ ရေခဲချောင်းလည်း မစားချင်ပါဘူး။ သူ စိတ်ချမ်းသာအောင်သာ ၀ယ်လိုက်တာ"

"ထွန်းလင်းက တော်လိုက်တာ၊ လူကြီးလေး ကျနေတာပဲ"

"ကျွန်တော်လည်း အရင်တုန်းက ဒီလိုပဲ၊ အစုံ လုပ်ခဲ့ ဖူးတယ်။ ထမင်းငတ်တဲ့ နေ့တွေ အများကြီးပဲ။ ဒါမျိုးက ကိုယ်တိုင် ခံစားဖူးမှ သိတာ အန်တီရဲ့"

ကျွန်မ အသက်ရှူ ရပ်သွားသလိုပဲ။ ထွန်းလင်းက သူခံစားရတဲ့ အတိုင်း ရိုးရိုးလေး ပြောချလိုက်တာ။ ကျွန်မ ကလေးတစ်ယောက် ရှေ့မှာ ဟိုဟာ လုပ်ရမလို၊ ဒီဟာ လုပ်ရမလိုနဲ့ တော်တော် အနေရခက် သွားတာပဲ။ ရထားဆိုက်လာတော့ ကျွန်မဖြင့် ၀မ်းသာလိုက်တာ။ ရထားက ရောက်ရောက် ထွက်ထွက်ပါပဲ။ ကျွန်မ ပြတင်းပေါက်ဝကနေ ကြည့်လိုက်တော့ ကျွန်မကို လိုက်ပို့တဲ့ မောင်ထွန်းလင်းလေးက ဘူတာထဲမှ တာ့တာ ပြရင်း ကျန်ခဲ့တယ်။ ရေခဲချောင်းသည် မောင်ထွန်းလင်းကတော့ ဘူတာထဲမှာ ဘယ်သူ ၀ယ်စားဦးမလဲ တစ်လည်လည်နဲ့ ရောင်းနေတယ်။ ဒရာမာ ဇာတ်လမ်းတွေ အရမ်း အရေးကောင်းတယ် ဆိုတဲ့ စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာမ စိမ့်စိမ့်သူ ဆိုတဲ့ ကျွန်မကတော့ ရထားကြီးရဲ့ အထက်တန်းတွဲ တစ်တွဲပေါ်မှာ သူဟာသူပဲ သိတဲ့ ရှက်ခြင်းတွေ တစ်စိမ့်စိမ့်နဲ့ ပါလာပါတော့တယ်။

မီမိုး

Thursday, August 2, 2012

သူ့အရပ်နဲ့ သူ့ဇာတ်


အရီ အခန်းထဲကို ၀င်လာချိန် အဘွားညွန့်က ဧည့်ခန်းမှာ ထိုင်ကာ ငါးဘဲများကို ကျကျနန ကိုင်နေလေသည်။

အ၀င်အထွက် တံခါးက စေ့ထားသည်မို့ အသာလေး တွန်းဖွင့် ၀င်လာပြီး အရီသာ ဧည့်ခန်းထဲ ရောက်လာသည်။ အဘွားညွန့်ကတော့ သူ့အိမ်ထဲ ဧည့်သည် တစ်ယောက် ရောက်လာသည်ကို နည်းနည်းမှ အသိအမှတ် မပြုပေ။ အန္တရာယ် များလိုက်သည့် ဖြစ်ခြင်း၊ တကယ်ဆို သက်ကြီးရွယ်အို အဘွားကြီး တစ်ဦးတည်း အိမ်မှာ ရှိနေချိန် ဒီလို တံခါးစေ့ ထားခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်ခြင်းပေပေါ့။

တစ်လောကလေးတင် တစ်ရပ်ကွက် ခြားမှာ လူသတ်မှု ဖြစ်သွား ခဲ့သေးတာရော၊ အရီတို့ ဒီမှာ နေလာသည်မှာ နှစ်လေးဆယ် ရှိပြီ။ လူသတ်မှု ဆိုတာ တစ်ခါလေးမှ မကြားဖူးခဲ့။ အခုတော့ ပစ္စည်း လိုချင်လို့ကို မြေးအဘွား နှစ်ယောက်လုံးကို ရက်ရက်စက်စက် သတ်သွားခြင်းတဲ့လေ။ တရားခံကလည်း သိပ်မကြာခင်မှာပဲ မိခဲ့တာပင်။ တရားခံကို သူ ဘယ်လို အမှု ကျူးလွန်ခဲ့သည် ဆိုတာ အမှုဖြစ်သည့် နေရာမှာ ပြန်သရုပ် ပြခိုင်းလေတော့ အရီတို့ ရပ်ကွက်က ရပ်ကွက်လုံးကျွတ် နီးပါး သွားကြည့်ခဲ့ကြသေးသည်။ စိတ်ထဲ ထင်သည်က တရားခံလည်း လုပ်တုန်းကသာ လုပ်ခဲ့တာ ခုချိန်ဆို သွေးပျက် နေလောက်ပြီ ထင်ထားသော်ငြား လားလား မျက်နှာကြော မာမာနှင့် သူ့လုပ်ရပ်သူ နောင်တ မရသည့်ပုံ။ အရီကတော့ ကြည့်လိုက် မြင်လိုက်မိတာနှင့်ပင် ကြက်သီးဖြန်းဖြန်း ထကာ တစ်ချိုးတည်း ပြန်ပြေးခဲ့သည်မို့ အစအဆုံးပင် မမြင်ခဲ့တော့။ မျက်စိထဲမှာလည်း ဒီတရားခံ ရုပ်ကိုသာ ဖျောက်မရ၊ ဖျက်မရ ကြောက်မိနေသည်က နှစ်ရက် သုံးရက်လောက် အထိ။

ကိုယ့်စိတ်ထဲမှာ စားသတိ၊ သွားသတိတွေ ဖြစ်လိုက်တာမှ ကိုယ့်အခန်း အ၀င်အထွက် တံခါးကို သေချာ ပိတ်ပြီးပေမယ့်လည်း စိတ်မချနိုင်ဘဲ ထ ထကြည့်ရတာ အကြိမ်ကြိမ်၊ ဆွေမျိုးတွေ တံခါး လာခေါက်တာတောင် ချောင်းကြည့်ပေါက်က မြင်နေလျက်နှင့် ဘယ်သူလဲ မေးပြီး ရုပ်နှင့် အသံပါ တွဲစစ်လိုက်သေးတာ။ အကြောက်ကြီးမိ ပုံများ ပြောပါရဲ့။ ကြောက်တတ်တော့လည်း အန္တရာယ် ကင်းသည်ပေါ့။ အခုတော့ အဘွားညွန့် လုပ်ပုံက ကြောက်ပဲ မကြောက်တတ်တာလား။ ကြောက်ဖို့ပဲ မေ့နေတာလား မသိပါ။ တံခါးကို ဒုတ်ဒုတ်ချဖွင့်ပြီး လူတစ် ယောက်လုံး သူ့အနား ရောက်တာတောင် မသိတာမို့ အေးရောပေါ့။

“အဘွား၊ ငါးဘဲရိုးစူး ဦးမယ်။ ကျွန်မ လုပ်ပေးရမလား”

“အမလေး၊ အရီ ညည်း လေးကလည်း အသံ မပေး ဘာမပေး”

“အဘွားက ဘာလို့ တံခါးကြီး ဖွင့်ထားသေးလဲ။ ပိတ်ထားမှပေါ့။ ပေး ကျွန်မ ဆက်ကိုင်လိုက်မယ်။ အဘွား လက်သွား ဆေးလိုက်တော့”

“နေ နေ ပြီးတော့မှာ၊ မောင်ပု စားချင်တယ် ဆိုလို့ လုပ်နေတာလေ”

ဒီဦးပုကလည်း တော်တော် ခက်သည်ပဲ။ အသက် ရှစ်ဆယ်ကျော် အမေကို ငါးဘဲ စားချင်တယ်များ ပြော ရက်ပါ့။ တကယ်ဆို အာသီသ ရှိတယ် ထားဦး၊ တော်ရာ ၀ယ်စားရင် ၀ယ်စား၊ မစားလည်း ကိုယ့်ဘာသာ စီစဉ် သင့်သည်ပေါ့။ သား ယောက်ျားလေးတွေများ အသက် ဘယ်လောက်ကြီးကြီး မိဘအပေါ် သိတတ် တယ်ဆိုတာကို မရှိပေ။ ဒါကြောင့်လည်း အန်တီနှစ်နှင့် ဦးပုတို့ မောင်နှမ မတည့် ခြင်းနေမှာ။

“ငါးဘဲ အိုးကပ်လေး ချက်ပြီး ငါးပိရည်အတို့ အမြှုပ်လေးနဲ့ဆို မောင်ပုက ခေါင်းမဖော်တော့ဘူး။ သိပ်ကြိုက်တာ”

ပြောလည်းပြော လက်ကလည်း ဆိုးဆတ်နှင့် ခေါင်းဖြုတ်လိုက်၊ ချေးထုတ်လိုက် လုပ်နေတာများ အဘွားညွန့် တို့အသက်နှင့်တောင် မလိုက်ပေ။ ဘယ်သူကများ သူ့ကို အသက်ရှစ်ဆယ် ထင်ပါ့မည်လဲ။ မျက်နှာမှာ အခု အချိန်ထိ ပရိုမီနာ ရေးရေးခံတုန်း။ ပွဲ လမ်းသဘင်ရှိလျှင် နှုတ်ခမ်းနီ ပါးပါးဆိုးကာ မဆိုးသယောင် တစ်ရှူးနဲ့ ပြန်ဖျက်ပြီး နဂိုနေ နှုတ်ခမ်းသား ဖြစ်အောင် လုပ်တတ်တုန်း။ အပေါ်အောက် လိုက်ဖက်တာလေးတွေ ၀တ် တတ်လိုက်တာမှ ဘယ်သူ့ အကူအညီမှကို မလို။ ပိုက်ဆံလေး လက်ထဲ ပိုပိုလျှံလျှံ ရှိပြီဆို သူ့သွားတုတွေ ပြန်လုပ်ဖို့၊ အမေရိကန် ဗွီးရှင်းသွားကာ မျက်မှန်ကိုင်း လဲဖို့ လုံးဝ မမေ့မလျော့၊ သူ့တစ်ကိုယ်ရေ တင့်တယ်ဖို့များ ပြေလည်အောင် သိပ်စီစဉ်တတ်သူ ဖြစ်လေသည်။ အခုလည်း ကြည့်၊ အိမ်မှာ နေရင်းတောင် အပေါ်က နံ့သာရောင်အောက် က အညိုပွင့် ပါတိတ်နဲ့ အိမ်နေရင်း လှအောင် ဆင်ထားသေး၏။ အဘွားညွန့်ကို ကြည့်ကာ အရီ့စိတ်ထဲက ချစ်စနိုး ဖြစ်လာသည်မို့ ရုတ် တရက် စလိုက်မိသည်။

“အဘွား၊ အဘွား အဲ့လို အကုန်လိုက် လုပ်ပေးနေနော်။ ဦးပုကြီး မိန်းမ မယူဘဲ နေလိမ့်မယ်။ နေရာတကာ လိုက်လုပ်မပေးနဲ့လေ”

“ဒီအရွယ်ကြီးမှ ယူမလားအေ။ ပေါက်ကရ”

အဘွားညွန့်မှ ခပ်ပြုံးပြုံး လေး ပြန်ပြောရင်း မျက်နှာက ရုတ်ခြည်း ပျက်သွားကာ အရီ့ကို တစ်စုံတစ်ခု ပြောချင်ဟန် ဖြင့် ငေးကြည့်လာသည်။ တွဲကျနေသော အောက်နှုတ်ခမ်းသားများဟာ စကားလုံးတွေ ထွက်အန်ကျလုမတတ် တလှုပ်လှုပ်။ အရီမှာ အဘွား ဘာပြောလာမလဲ စောင့်စား နေမိသော်လည်း အဘွားညွန့် က စကားသံ ထွက်မလာသေးဘဲ ၀န်းကျင်ကို ဝေ့၀ဲကြည့် ပြန်လေ၏။ ပြီး ထိန်းချုပ် လိုက်ဟန်ဖြင့် ဘာစကားမှ မပြောလာတော့ပြန်။ အရီ မနေသာတော့ဘဲ
“အဘွား ဘာပြောချင်လို့လဲ”
အဘွားညွန့် ခေါင်း ထောင်ကြည့်လာကာ မပြောသာ ပြောသာ ခပ်လေးလေးကြီး ပြောချလာ၏။

“မောင်ပုကို ဟိုကောင် ဖျက်ဆီးနေတာအေ့၊ စိတ်ညစ်ပါတယ်”

“ဖျက်ဆီးနေတယ်။ ဟို ကောင်ဆိုတာ ဘယ်သူလဲ အဘွားရဲ့”

“ဘယ်သူရှိမတုံး။ စံအောင်လေ။ စံအောင်ဆိုတဲ့ အကောင်ကို ပြောနေတာပေါ့။ သေချင်ပါတယ်အေ”

အဘွားညွန့်၏ လေသံမှာ ကြားသာရုံ တိုးတိုးလေး ပေမယ့် အရီကတော့ အနီးကပ် ထိုင်နေသည်မို့ သေချာ စွာကြားလိုက်ရပါသည်။ သို့သော် ကိုယ့်နားကိုယ် မယုံ၍ နားကြားများ မှားလေသလား ဖြစ်မိသွား၏။ စဉ်းစားကြည့်၊ အရီဆိုတာက ဒီအိမ်နဲ့ အမြဲ အ၀င်အထွက် ရှိနေသည့်သူ။ ဆွေမျိုး မဟုတ်သော်ငြား ဆွေ မျိုးအရင်းတွေ ထက်ပင် ပိုခင် မင်နေခဲ့သူလေ။ မရောက်ဘူးဆို တစ်လကို အနည်းဆုံး သုံးလေး ခေါက်လောက်တော့ ရောက်ဖြစ်ခဲ့မြဲချည်းသာ။ အဲ တစ်ခုတော့ ရှိသည်။ ပြီးခဲ့ သည့်လကတော့ အရီကိုယ် တိုင် ရာသီဥတု အပြောင်းအလဲမှာ ခြေညောင်းလက် သေတွေဖြစ်ကာ အဘွားဆီ မရောက်ဖြစ်ခဲ့။

သို့သော်ငြား အဘွားရဲ့သမီးကြီး အန်တီနှစ် နှင့်တော့ ဖုန်းအဆက်အသွယ် မပြတ်ခဲ့ပါ။ သတင်းဦး သတင်းထူး ဆိုလျှင် အရီ ရသင့်သည်ပေါ့။ အဘွားပြောသော စံအောင်ဆိုတာ အန်တီ့ နှုတ်ဖျားက ယောင်လို့မှ မပြောခဲ့ချေ။ တစ်ခုခုတော့ လွဲနေပြီ ထင်ပါရဲ့။ အရီတို့ နှစ်ဦးနှစ်ဖက်မှာ ခင်လာခဲ့တာ သက်တမ်းက ကြာပြီ။ တကယ်ဆို ဟိုးအရင် ကာလများဆီက အရီတို့၊ အဘွား၊ အန်တီနှစ်၊ ဦးပုတို့ ဆိုတာ အခန်းချင်း ကပ်နေလာခဲ့ကြ တာ။ နောက်တော့ သူတို့ မိသားစုတွေမှာ အန်တီနှစ်တို့က တစ်ဖွဲ့၊ လူပျိုကြီး ဦးပုနဲ့ အဘွားက တစ်ဖက် သတ်သတ် စီ အိမ်ခွဲ သွားကြပြီး ပြောင်းရွှေ့ သွားကြလို့သာ နည်းနည်း ဝေးသွားခဲ့ကြတာ ဖြစ်သည်။

ဘယ်လောက်ဝေးဝေး ဒီရပ်ကွက်ထဲမှာပဲ ဆိုတော့ အခင်မင် မပျက် အသွားအလာ မပျက်ခဲ့ကြ။ အထူးသဖြင့် လူငယ်ဖြစ်တဲ့ အရီကပင် အန်တီတို့ဆီ သွားလိုက်၊ အဘွားတို့ဆီ သွားလိုက် လုပ်ဖြစ်မြဲပါ။ ကိုယ့်စိတ်ထဲမလည်း သူတို့ မိသားစုတွေ နှစ်ဖွဲ့ ကွဲသွားတာကို လည်စရာအိမ် တိုးတယ်လို့တောင် သတ်မှတ်ဖြစ်သေးရဲ့။ ဒီလိုမျိုး ခင်မင်မှုကြားမှာ မသိဘူး ဆိုလိုက်သော ကိစ္စ ရှိကို မရှိခဲ့ဘူး။ ဒီစံအောင် ကိစ္စကျမှ အရီ မသိဘူး ဖြစ်သွားရသည်ကို စိတ်ထဲ နည်းနည်းတော့ နေမထိထိုင်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

“အဘွား နေပါဦး။ အရီ့ကို ပြောစမ်းပါဦး။ စံအောင် ဆိုတာက ဘယ်သူလဲ။ အရီလည်း မသိရပါလား”

“စံအောင်လေအေ။ အခု အိမ်မှာ ရှိနေတဲ့ကောင်ပေါ့။ လူမိုက် လူမိုက်”

အဘွားက သိသိသာသာ တိုးချလိုက်တဲ့ အသံနဲ့ အခိုင်အမာ ပြောလာပါသည်။ အရီ့မှာ အံ့သြပြီးရင်း အံ့သြရင်း။ အဘွားပြောပုံ အရဆိုရင် စံအောင်ဆိုသည့် လူဟာ ယခုတောင် ရှိနေသည့်ပုံမို့ မျက်လုံး ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်မိသည်။ အရီပဲ မျက်စိ ချော်လေသလား။ မြင် သမျှတော့ သာမန်အရင်မြင် နေကျ အဘွားနှင့် ဦးပု၏ အသုံးအဆောင်များသာ တွေ့နေရသည်ပင်။ အတပ်တော့ မပြောနိုင်ပါ။ အဘွားတို့ အခန်းက အိပ်ခန်းနှစ်ခန်းပါ အခန်းမို့ ဟိုးအနောက်ခန်းမှာ ဧည့်သည်က ရှိချင်ရှိနေနိုင် သည်ပဲ။ အရီလည်း အဘွား လေသံလိုက်နင်းကာ ခပ်တိုး တိုး ပြန်မေးဖြစ်တော့၏။

“အခု ဧည့်သည်ရှိနေလား”

အဘွားက နှုတ်ခမ်း တစ်ချက်မဲ့ကာ ခေါင်းခါပြ ပြီး အခန်းထောင့်ကို မေးငေါ့ ပြလျက် “ဟိုမယ်လေ သူ့ အိတ်၊ အိတ်ထဲမလည်း အိမ်က ပစ္စည်းတွေ ဘယ်လောက် တိုလျှိုထားလဲ မသိဘူး။ သူ့ အလစ်မှ စစ်ရဦးမယ်”

ဟု ဆိုလာသည်။ အရီပါးစပ် အဟောင်းသားဖြစ်သွားကာ အဘွားပြရာ ကြည့်လိုက်ချိန် တကယ်ပဲ ဖောင်းကားနေ သော ကျောပိုးအိတ် တစ်ခုက နံရံမှာ ကပ်လျက်သားလေး။ အရီ့စိုးရိမ်စိတ်များ ငယ်ထိပ်ထိ တက်ဆောင့်လေသည်။

အဘွားညွန့်တို့ အိမ်မှာ ဘာတွေများ ဖြစ်ကုန်ပြီလဲ။ ဒီအကြောင်းများကို အန်တီနှစ်က ဘာကြောင့် မသိရတာလဲ။ အဘွားကရော ဒီလောက် စိတ်မချရတဲ့ သူတစ်ယောက်ကို ဘာကြောင့်များ အိမ်ပေါ် ခေါ်တင်ထားရတာလဲ။ အဘွားညွန့်ဟာ ဦးပု အပေါ်မှာ ချစ်သော်လည်း သူ့သြဇာက တော့ အခုထ ညောင်းတုန်း ဆိုတာ အရီတို့သိနေသည့် ဟာ။ ဘာတွေ ဖြစ်ကုန်လို့ပါလိမ့်။ အရီ အတွေးများ ရှုပ် ထွေးစွာနဲ့ပဲ အဘွားရဲ့ငါးဘဲ ကိုင်နေတဲ့ လက်ကို ဆွဲရပ်ရင်း အသိချင်ဆုံး မေးခွန်းကို မေးလိုက်မိတော့သည်။

“အဘွားတို့က အဲ့ လောက်စိတ် မချရတဲ့ သူကို ဘာလို့ အိမ်ပေါ်ခေါ် တင်ထား ရတာလဲ။ အန်တီနှစ်ရော ဒီ အကြောင်းသိလား”

“ရှူး”

အရီ့ကို ဖြေအံ့ဆဲ အဘွားမှာ အိမ်ပေါက်ဝမှ အသံတစ်ခုကို အကြားမှာတော့ တိတ် တိတ်နေရန် အသံပေး အမူ အရာပြကာ ကိုင်လက်စ ငါးခွက်ကို ကမန်းကတန်း သိမ်းလျက် နောက်ဖေးကို ထွက်သွားလေတော့သည်။ အရီ ကတော့ အရေးကောင်းဒိန်း ဒေါင်းဖျက်သူကို လှည့်ကြည့် လိုက်ချိန် အိမ်ထဲ ၀င်လာသူက အပြင်မှ မောကြီး ပန်းကြီးဟန်နှင့် ပြန်လာသူ ဦးပု။

“ဟဲ့ ညည်း ဘယ်တုန်းကရောက်၊ ညည်းခုတစ်လော ပျောက်နေသလားလို့ ငါနဲ့ အမေတောင် မနေ့ကပြောဖြစ် သေးတယ်”

“ဟုတ်၊ အရီခုတစ် လော ချူချာပူနာ ဖြစ်နေလို့”

“ဟားဟား ညည်း အရွယ်က ပြောနေတယ်။ ငါ တို့၊ အမေတို့ ပြောဖို့များ ထားပါဦးဟာ”

ဦးပုက အရီ့စကားကို ရယ်ရယ်မောမော တုံ့ပြန်ကာ ထိုင်ခုံပေါ်ထိုင်ရင်း မျက်နှာပေါ် သီးထနေသော ချွေးများ ကို ဘယ်ပြန်ညာပြန် သုတ်နေလေ၏။ ဦးပုအသံကို နောက်ဖေး မီးဖိုချောင်မှ ကြားသွားပုံ ရသော အဘွားညွန့်က တော့ ကပျာကယာလေး ထွက်လာကာ လက်ထဲမှာလည်း မျက်နှာသုတ်ပ၀ါလေး ကိုင်လို့ရယ်။ ပါးစပ်ကလည်း သုတ်လိုက်ဦး၊ သုတ်လိုက်ဦးနှင့် ရင်ခွင်ပိုက်သားလေး ချွေးအအေးပတ်မှာ စိုးရိမ်ကာ ပြောနေသည့် အတိုင်း၊ အရီမှာ ရှစ်ဆယ်ကျော် အမေနှင့် ခြောက်ဆယ် ကျော်သားတို့၏ မေတ္တာ တရားကို ကြည့်ကာ မျက်ရည်တောင် လည်ချင်ချင်ရယ်ပါ။

သူများတွေများ ဒီအရွယ်ဒီ အသက်ထိ ဂရုစိုက်မည့် အမေရှိတုန်း။ အရီ့မှာတော့ ပြေးကြည့်စရာ အမေ မရှိ တော့တာ သုံးနှစ်စွန်းခဲ့ပြီ။ အမေ ရှိတုန်းကဆို အဘွားညွန့်နှင့် အမေက အလွန်ချစ်ခင် ခဲ့သူများ ဖြစ်ကြသည်။ အန်တီ ညွန့်ရယ်၊ လွင်လွင်ရယ်နှင့် ဘော်ဒါ အရင်းကြီးတွေ၊ အဘွားညွန့်က သူ့လိုအလှ ကြိုက်သော အရီတို့ အမေနှင့် ပုလဲနံပ ရှိလှတာ ဆန်းတော့ မဆန်းလှပေ။ အဘွားညွန့်က သူ့သား ချွေးသုတ်ပြီး ပြန်ပေးသော လက်ကိုင်ပ၀ါလေး ကိုင်ကာ အထဲ ပြန်ဝင်သွားချိန် မတော့ အရီလည်း အတွေးစ ဖြတ်ကာ ဦးပုကို သိချင်တာ များမေးဖို့ ပါးစပ် အဟမှာပင်
“ဟေ့ကောင် အဆင် သင့်ဖြစ်ပြီလား။ သွားကြ မယ်လေကွာ”

“သွားမယ်။ ငါက အားလုံး ရယ်ဒီပဲ။ မင်း စောင့်နေတာ”

“အောင်မာ လခွီး။ ငါကပဲ နောက်ကျတဲ့ အချိုး။ လုပ်လုပ် ဟိုကောင်မတွေ တမျှော်မျှော် လုပ်နေမယ်။ သွားမယ်လာ။ သူတို့က စောင့်နေရရင် အချိုးက မပြေချင်ဘူး”

အရီ့မှာ အာကျယ်ပါကျယ် အသံနှင့် ရောက်ရှိလာ သော ချစ်ခင်နှစ်သက်ဖွယ် မရှိသည့် ဦးပုတို့အရွယ်ရှိ ထိုယောက်ျားကြီးကို မနှစ်မြို့စွာ ကြည့်နေမိတော့သည်။ ဘယ်သူလဲ ဆိုသော အတွေးနှင့် အကဲခတ်နေဆဲမှာပင် ထိုလူကြီးက အခန်းထောင့်ကို ဆိုးဆတ်ဖြင့် သွားကာ ကျောပိုးအိတ်ကို ယူလျက်လွယ်လိုက်ချိန် အရီ့စိတ်တွေ ထိတ်ခနဲ။ ကြည့်စမ်း။ ဒါအဘွားပြောသော စံအောင်ဆိုသည့် လူကြီးများလား။ ထိုလူကြီးက ကျောပိုးအိတ်လွယ်ကာ ပေါ့ ပါးသွက်လက်စွာ ရှေ့က ထွက်သွားချိန် ဦးပု တစ်ယောက်ကတော့ အရီ့ကို တောင် နှုတ်မဆက်နိုင်ဘဲ အူယားဖားယား ပါသွားလေတော့သည်။ ကျောပိုးအိတ်ကြီး ပါသွားပြီဆိုသော အသိ နှင့်အတူ အရီ့မှာ အဘွားကို အကျိုးအကြောင်းပြောဖို့ ထလိုက်ချိန် အဘွားညွန့်ကလည်း သူ့အလုပ်တွေ ပြီးသွားပုံနှင့် ဧည့်ခန်းကို ပြန်ထွက်လာ လေသည်။ သူ့လက်ကို ငါးညှီနံ့တွေ နံမှာစိုး၍ထင့် လက်ကို ပေါင်ဒါလေး တပွတ်ပွတ် လုပ်ကာ ပြန်နမ်းလို့ ကြည့်နေသေးသည်။

“အဘွား၊ အဘွားသားတော့ ပါသွားပြီ”

“ဟုတ်လား”

“ကျောပိုးအိတ်လည်း ပါသွားပြီ အဘွားရေ။ အရီ လည်း အဘွားကို အသံပြုဦး မလို့ မမီတော့ဘူး”

“သြော် အေး အေး”

“အဘွား ဒီကိစ္စတွေ အန်တီနှစ် သိလား။ တကယ်ဆို အန်တီနှစ် ဖြေရှင်းပေး ရမှာ”

“ငါးဘဲ ကျတော့မယ်။ တစ်ခါတည်း စားသွားပါလား။ မောင်ပု မရှိတော့ တစ်ယောက်တည်း စားရမှာ ပျင်း စရာကြီးဟဲ့။ နေပါဦး ဘယ် နှနာရီလဲ။ ဟောတော့ ဆယ့်တစ်နာရီ ခွဲနေပြီပဲ။ အဲဒါကြောင့် ဆာတာတာ ဖြစ်နေတာ၊ သွားပြင်လိုက်ဦးမယ်။ ခဏလေး ခဏ ခဏ”

အဘွားညွန့်က ပြောချင် ရာပြောကာ ထွက်သွားပြန်လေသည်။ လူကြီးကို ဇွတ်အတင်း သွားမေးနေလို့လည်း မတော်ဘူးထင်ပါရဲ့။ စားသောက်ပြီးကာမှ အခြေအနေ ကြည့်ကာ ထပ်မေးဖို့ စိတ်ထဲ ပြင်ဆင်ထားမိသည်။ ကိုယ် သိထားတော့ အန်တီနှစ်ကို သူမပြော ကိုယ်ပြောလို့ရ သည်ပေါ့။ အရီ့မှာ ကိုယ့် ဆုံးဖြတ်ချက်နှင့်ကိုယ် ဟုတ် နေပြီး အဘွားကို ထမင်း ကူပြင်ပေးရန် ထိုင်လိုက်ချိန် “အမေရေ” ဆိုသော အသံနှင့် အတူ အပေါက်ဝမှာ ရောက်ချ လာသူက အန်တီနှစ်။ နတ်သိကြားများ မလိုက်သလား ထင်ရအောင် ဆိုက်ဆိုက်မြိုက် မြိုက်ရောက်ချလာသည်မို့ အရီ ၀မ်းသာလိုက်သည်ဖြစ် ခြင်း၊ အန်တီနှစ်ကို အမေရေ ထပ်မအော်ဖြစ်အောင် တားရင်း ထိုင်ခုံများဆီ ဆွဲခေါ်ကာ အရီ့မှာ ကိုယ်သိသမျှ၊ အံ့အား သင့်သမျှ အခြေအနေများကို တတွတ်တွတ် တိုင်တန်းနေမိ တော့သည်။ အဘွား ပါးစပ်က စံအောင်ဆိုသော နာမည်၊ အခန်းထောင့်က ကျောပိုး အိတ်၊ အဘွားရဲ့စိတ်ညစ်မှု၊ ဦးပုကို လာခေါ်တဲ့သူစသဖြင့် စသဖြင့်....။

အန်တီနှစ်ကတော့ အရီ ပြောသမျှကို တငေးတမော နားထောင်နေလေသည်။ သို့သော် ပြောနေသူ အရီကသာ မျက်နှာမှာ ရသကိုးပါး ပေါ်အောင် ဖော်ကျူးဖြစ်နေသော် လည်း အန်တီနှစ်ကတော့ တစ်သမတ်တည်းသော မျက်နှာသေလေးနှင့် နားထောင် နေတာမို့ အရီမှာ ပြောနေရင်းက အားမလို အားမရ ဖြစ်မိကာ
“အန်တီနှစ် အရီပြောတာ ကြားရဲ့လား”

“ဟေ အေး။ ကြားပါတယ် အရီရယ်။ အန်တီနှစ် နားထောင်နေတာပဲ။ အန်တီ နှစ်လည်း ဒီအကြောင်းတွေ သိပါတယ်”

“ဟမ်၊ သိတယ်။ ဘယ်သူ ပြောပြတာလဲ”

“အမေလေ”

“ဒါတောင် အန်တီနှစ်က တစ်ခုခု မလုပ်ပေးဘူးလား။ စံအောင်ဆိုတဲ့ လူက သားအမိနှစ်ယောက် စလုံးကို သတ်သွားမှ ဟုတ်ပေ့ဖြစ်နေ မယ်”
“မဟုတ်တာ အရီရယ်”

“အမလေး၊ အန်တီနှစ်က လျှော့တွက်နေတယ်။ ဒီလောက်အမှုအခင်းတွေ ပေါ နေတဲ့ဟာ၊ ပေါ့လိုက်တာ အန်တီနှစ်ရယ်”

“ဟင်း ဟင်း ဟင်း”

“အန်တီနှစ်ရယ် နေနော်။ စံအောင်ဆိုတဲ့ လူကြီးက ကြောက်စရာကြီး။ အရီဖြင့် သူ့ပုံမြင်ရုံနဲ့ လန့်တယ်”
“စံအောင်”

“အင်းလေ။ ခုနလေးတင် ဦးပုနဲ့ထွက်သွားကြပြီ လေ။ အိမ်က ပစ္စည်းတွေလည်း သူ့အိတ်ထဲပါသွား တယ်။ အဘွားပြောတာပဲ”

“ဟောတော့။ အရီ မှား နေပြီ။ အရီမြင်လိုက်တာ ကိုပုနဲ့ အလုပ်အတူ တွဲလုပ်တဲ့လူ။ အန်တီနှစ်နဲ့တောင် အောက်မှာ ဆုံလိုက်သေးတယ်။ ရုပ်ကြမ်းပေမယ့် စိတ်ရင်း ကောင်းပါတယ်ဟယ်”

ဒီတစ်ခါတော့ အရီ့ ပါးစပ်ပိတ်ရသည့် အလှည့်ပဲ ဖြစ်တော့သည်။ အန်တီနှစ်က အခုတစ်လောမှာ ဖောက်ပြန် လာသည့် အဘွား၏ ကျန်းမာရေး အခြေအနေများကို ပြောပြနေလေသည်။ စားစားသောက်သောက် သွား သွားလာလာ အပိုင်းတွေမှာ ပုံမှန် ရှိပါလျက် အဘွားက သူချစ်သောသား ဦးပုကိုကျ နှစ်ကိုယ်ခွဲ ထင်မြင်နေကြောင်း ဘယ်လို အစွဲရယ်ကြောင့် စံအောင်ဟု နာမည် ပေးထားမှန်းလည်း မသိကြောင်း၊ ဦးပုနဲ့ တည့်လျှင် သူ့သားကို ကိုပုမှန်း သိတတ်ပြီး သူမ ကြိုက်တာတွေကို ဦးပု လုပ်လျှင်တော့ စံအောင်ဟု စွပ်စွဲကာ သူခိုး၊ ဓားပြဖြစ်အောင်ထိ ပုဒ်မ တပ်တတ်ကြောင်း၊ အဘွား ပါးစပ်ထဲမှာ ဦးပုမှာ ကိုပုဖြစ်လိုက်၊ စံအောင် ဖြစ်လိုက် နာမ်စား ကွဲနေရ ကြောင်းများ ပြောပြနေသည်။ အရီမှာ အန်တီနှစ် ပြောသမျှ တအံ့တသြ နား ထောင်နေရင်း
“ဖြစ်ရလေ အန်တီနှစ် ရယ်။ နေပါဦး အဘွားက အဲဒီ စံအောင် ဆိုတာကြီး ဘာလို့ နာမည်တပ်ရတာတုံး”

“အေး၊ အဲဒါကို ငါတို့လည်း အံ့သြတာ အရီရေ။ မှန်းကြည့်တာတော့ သူ့စိတ်ထဲ မုန်းခဲ့တဲ့ လူတစ်ယောက် ယောက်နေမှာပေါ့”

“ဘာပဲဖြစ်ဖြစ် အန်တီ နှစ်တို့က အဘွား လွဲနေတာကို သေချာရှင်းပြဖို့ ကောင်း တယ်။ အဘွားအဲဒီလို ထင် ယောင်ထင်မှားနဲ့ စိတ်ဒုက္ခ ရောက်နေတာ သနားပါတယ်။ သူစိတ် ပင်ပန်းနေမှာပေါ့ အန်တီနှစ်ရယ်”

အရီ့စကားအဆုံးမှာ တော့ အန်တီနှစ်က ပြုံးပြုံး လေးငေးကြည့်ရင်း
“ဘာလုပ်မလဲ အရီ ရယ်၊ သူ့အလွဲလေးနဲ့သူ အသား ကျနေပြီးပဲဟာ။ လွဲစရာ မရှိရင် အမေပျင်းတောင် နေဦးမှာ” တဲ့လေ။
အရီ ဘာစကားမှ ပြန်မပြောနိုင်အောင် အန်တီနှစ်ရဲ့ ဖီလော်ဆော်ဖီမှာ နစ်မျော သွားတော့သည်။ ထိုအချိန် မှာပင် အဘွားညွန့်က နောက်ဖေးဆောင်က ထွက်လာပြီး
“ဟဲ့ ဟိုနှစ်ယောက် ဘာတွေ တွတ်ထိုးနေလဲ။ စံအောင် မရှိတုန်း ထမင်း အေးအေးဆေးဆေး စားရ အောင် လာကြလေ”တဲ့။

အန်တီနှစ်က “ဟုတ် ကဲ့ အမေ”လို့ အသံပြန်ပြုရင်း အရီ့ကို ဘယ်နှယ့် ရှိစဆိုတဲ့ ပုံနဲ့ လှမ်းကြည့်နေလေရဲ့။ ကဲ ပျင်းမှာစိုးလို့ လွဲနေတာ တောင် ပြန်မပြင်တဲ့ ဒီအရပ်မှာ အရီကရော ၀င်ပြင်ပေး လို့ ဖြစ်မတဲ့လား။ လက်ဆေး ထမင်းစားပြီး နေသာသလို နေရုံသာ ရှိတော့သည်ပေါ့။ အဘွားက အသား ကျနေပြီလို့ အန်တီနှစ်က ပြောနေတာကိုး။


မီမိုး
(ရွှေအမြုတေ၊ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)