Pages

Labels

Thursday, April 4, 2013

ခင့်ဆုတောင်းများ


”ဆရာမက ချစ်စရာလေးပါ ” လို့ အလိုက်သင့် စကားတွေ ပြောနေရင်း စိတ်ထဲမှာလည်း တကယ် ချစ်စရာလေးပဲလို့ တွေးဖြစ်ပါတယ်။ သူတို့ကုထုံး အပြောအရဆို ခင့် ကို အနာ ထုတ်တဲ့နေ့ ကစပြီး ဆေးသွင်း ဆေးထည့်  ဒီနေ့ပါနဲ့ဆို ခင့်ရောဂါ ကုနေတာ လေးရက် ရှိပြီ။ လေးရက်လုံး အဖြူအပြာ သူနာပြုဝတ်စုံလေး ကိုသာဝတ်ထား တာမြင်ရတဲ့ ဆရာမ လေးရဲ့ အလှဟာ ယဉ်ယဉ်လေးနဲ့ ချစ်စရာပါ။ အနောက်တိုင်းကုထုံး နည်းလို့ပြောလို့မရတဲ့ ဒီဆေးခန်း မှာ ဆရာမလေးဟာ အဖြူအပြာ ဝတ်စုံကို မဝတ်လို့ လည်း ရတာပဲလို့ ခင်တွေးမိပါရဲ့၊ ဒါပေမဲ့ သူတို့ ကုထုံး ကလည်း ဆန်းတော့ အဆန်းသား။ အနာထုတ်ပြီး ပြန်တော့ လက်ကို ပုလင်း အသေးလေး နှစ်လုံး ချိတ်တာ သွင်းရပြန်တာမို့ အနောက်တိုင်းနဲ့ စပ်ကုတယ်လို့ပဲ ပြောရမယ် ထင်ပါတယ်။ ခင်ကလည်း လျှို့လျှို့ဝှက်ဝှက် သူတို့ ကုထုံးကိုပဲ သိချင်နေပြန်ကာ မြန်မာ စကား တစ်လုံးမှ နားမလည် သောဆရာကို မေးမရသည့် အတူ ဆရာမလေးကိုပဲ သိချင်တာတွေ အစ်အောက် မေးနေဖြစ်ခဲ့တော့ တာပင်။
    ဆရာမလေး ကတော့ ခင် သိချင်နေတဲ့ ဆေးရည် ပုလင်းတွေကို ”ဒါ အနာကျက်ဆေးနဲ့ ပိုးသတ်ဆေးရည်တွေပါ၊ အန်တီ အဲ…အစ်မ အနာ အမြန်ပျောက်တာပေါ့တဲ့’ ‘လေ။ ဒါလည်း တစ်ဒုက္ခ။ အသက် နှစ်ဆယ့်ငါးနှစ်လောက်ပဲ ရှိဦးမယ့် ဆရာမလေး ခင်မျာ အသက်လေး ဆယ့်တစ်နှစ် ရှိပြီဖြစ်တဲ့ ခင့်ကို အန်တီလို့ တစ်ခါခေါ်တိုင်း မျက်စိ မျက်နှာပျက်သွားကာ အားတွေနာရင်း ကန်တော့ ကန်တော့လို့လည်း ပြောပြန်သေးတာ။ ခင်ကတော့ သူကန်တော့ တစ်ခါလုပ်တိုင်း အေး နှိပ်စက် လိုက်ဟလို့ သာ စိတ်ထဲကုန်း အော်ချင်တော့တာပင်။ ဟုတ်သည် လေ။ အန်တီ အရွယ်မို့ အန်တီခေါ် တာပဲ သမီးရယ် ၊ ခေါ်ပါလို့ ကြည် ကြည်ဖြူဖြူ ပါမစ်ပေးပြီးသား ဖြစ် ပါလျက်နဲ့ ကလေးမက နှုတ်မရဲ ဖြစ်ကာ အန်တီဖြစ်လိုက် အစ်မဖြစ်လိုက်၊ အန်တီ အရွယ်ကို အတင်းကြီး ဟန် လုပ်ကာ အစ်မ လုပ်ပေးနေတာကိုက ခင့်ကို ပိုစိတ်ကျစေတယ် ဆို တာ ဒင်းကလေး မသိလောက်သေး။ ထားလိုက်တော့။ ဆရာမလေး ငယ်ရှာသေးတာကိုး။
လူတစ်ယောက်က ရောဂါ ဝေဒနာ တစ်ခုခုဖြစ်လိုက်ပြီဆိုတာနဲ့ ကို စိတ်ကျလူကျဖြစ်ကြတာ လူ့ သဘာဝထင်ပါရဲ့၊ ဒါတောင် ခင်က သတ္တိနည်းတဲ့ထဲမှာမပါ။  အနာ ထုတ် ထုတ်ပြီးချင်းမှာကို သူတို့ ဆေးအစွမ်း ကထက်လိုက်တာများ လူနာက ခုတင်ပေါ်က ချက်ချင်း လမ်းဆင်း လျှောက်လို့ရ၊ ကိုယ့်ဟာကိုယ် ကား ငှားပြန်လို့ ရအောင် ဆေးစွမ်းက ထက်ခဲ့ပါရဲ့။ ဒီတော့လည်း နဂိုက တည်းက စိတ်မာမာ ခင်က တက္ကစီ ငှားကာ တစ်ယောက်တည်း အိမ်ပြန် အလာမှာ ကားမောင်းသူဘေး က နောက်ကြည့် မှန်လေးက နောက်ခန်း မှာ ထိုင်လိုက်လာသည့် ခင့်အတွက် မကြည့်ချင် မြင်လျက်သား။ ခင်က လူကသာ ထူးမပြင်တတ်သော်လည်း မှန်ကြိုက် လိုက်သမှ လမ်းသွားပြီ ဆို ကွမ်းယာဆိုင်က မှန်လည်းမကျန်၊ သရက်သီး နောင်နောင်သယ်ဆိုင်က မှန်လည်း မျက်လုံးဝေ့ခဲ့သေးတာ၊ နောက်ဆုံး ခင်တို့ လမ်းထိပ်က ရိုးမ ဘဏ် မှန်မည်းမည်းကြီးတွေကို စွေစောင်းကြည့်တတ်သူ။
အခုတော့ ကားမှန်ထဲက အိုစနာ ကျနေတဲ့ ခင့်ရုပ်သွင်ကို နည်းနည်းမှ သည်းမခံနိုင်တော့ပြီ။ သူများတွေဆို အမယ်လေး အဘ လေးတမည့် တကယ့်နေရာက အနာ ကို ခွဲထားတဲ့နေ့ ပါလား ဆိုတာတွေ ဘာတွေ ဂရုမစိုက်နိုင်။ ကားဆရာကို ဗျူတီပါလာ တန်း မောင်းခိုင်းပြီး မျက်နှာဆေး၊ ကြေးဂျွတ်၊ ဆံပင်ပုံ သွင်း အဲ့ဒါတွေ လုပ်ပြီးမှ ကို အိမ်ပြန် ပစ်လိုက်တော့တာပင်။ ဟုတ်သည် လေ။ အနောက်တိုင်းနည်းနဲ့ ဆေးရုံ တက်၊ ခွဲစိတ်ခန်းတွေဝင်၊ ရုံးမတက် နိုင် အဲ့ဒီဒုက္ခတွေမခံချင်လို့သာ သတင်းစာ မှာပါသည့် သူတို့ကြော် ငြာဖြတ်ပိုင်းလေး ပုံပြီး ယုံကာသွားခဲ့ သော်လည်း သူတို့ကလည်း အနောက်တိုင်း စရိတ်လောက်နီးနီး ကုန်ကျ လိုက်သည်မှာ အသပြာ သုံးသိန်း ထွက်သွားခဲ့ပြီ။ ဒီတော့ အလှပြင် စရိတ် အတွက်တော့ဖြင့် ထူးနှမြော နေဖို့ မသင့်တော့ဘူး မဟုတ်ပါလား။ ရုပ်ကျခံလို့မဖြစ်။ ရုပ်အခံနဲ့ လုပ်ကြံ နေရတဲ့ ကိစ္စတွေ လောက ကြီးမှာ အများကြီးလေ။ အံမယ်။ နောက်နေ့ ဆေးထည့် ဆေးသွင်း သွားလုပ်သည့် အချိန်မှာတော့ ခင်ကုန်ရကျိုးနပ် သား။ ဆရာမလေးကခင့်ကို အန်တီ က စိုးမြတ်သူဇာ နဲ့တူတယ်ဆိုပါလား ကွယ်ရို့။ ခင်သတ္တိကောင်းတာတော့ သူတို့ဆေးခန်း တစ်ခုလုံးက သြချ ယူကြရတော့တာပင်။ ဆေးခန်း အနာထုတ် သည့် အချိန် မှသည် နောက်နေ့ နောက်နေ့ အနာ ဆေး လာထည့် ဆေးသွင်းလုပ်ရသည့် အချိန်တွေထိ တစ်ကိုယ်တည်း လာလုပ်သွားသော ခင်ဟာ သူတို့ အတွက်တော့ အထူး အဆန်း။ တချို့ ယောက်ျားသားနားများတောင် အဖော်အသင်းလေးနဲ့ လာနေကြ တာ ခင့်မျက်မြင်လေ။
ဆရာမလေးကတော့ စိတ်ညစ်ဟန်ဖြင့် ”တချို့များဆို အန်..အဲ အစ်မရယ် ဘာမှ မလုပ်ရသေးဘူး ကုန်းအော်တော့တာ၊ နာလို့လား ဆိုတော့လည်း မနာပါဘူး တဲ့၊ ယောက်ျားကြီးတွေ ပိုဆိုး ” တဲ့လေ။ ခင်ကတော့ သူတို့ ခွဲစိတ်ခန်း ကျဉ်းကျဉ်းလေး ရဲ့နံရံမှာ ယောက်ျားကြီး တစ်ယောက် ဘောင်းဘီ ကိုပြေလျော့ လျော့ ချွတ်ချကာ တစ်ဖက်စောင်း လှည့် ဒူးလေးကွေးပြီး လှဲနေသည့် သရုပ်ပြ ဓာတ်ပုံကိုမြင်တိုင်း သူတို့လည်း လူနာတာထက် စိတ်နာနာ ရှက်ရှက်နဲ့ အော်နေတာနေ မှာလို့ ခပ်ဖြေဖြေ တွေးဖြစ်ပါရဲ့။
ချစ်စရာကောင်းတဲ့ ဆရာမ လေးကို ခင် စိတ်နာသည့် အချိန်က တော့ ခင့်လက်တွေကို ဆေးသွင်းဖို့ သွေးကြောရှာသော အချိန်ပင်။ ”အကြောကို မမြင်ရဘူး ဘယ်လို လက်လည်း မသိဘူး” ဟု သူလေး ရေရွတ် မြည်တမ်းလေတိုင်း ဆင်စွယ်လက်မောင်း ဆိုသော အကြော မတင်လက်ကို ဒီကလေးမ မမြင်ဖူး ရှာဘူး ထင်တယ်ဟု ခပ်နှိမ်နှိမ်တွေး ပစ်လိုက်ရင်း ဆေးခန်း တစ်ခုလုံး အရပ်ကယ်ပါ လူဝိုင်းပါ ဖြစ်ရတော့ တာပင်။ ကြိုးနှင့်စည်းကာ အကြော ရှာတာလောက်တော့ ခင့်သွေးကြော တွေက ရယ်တောင် ရယ်ချင်သေး။ ဆေးခန်းအကူ ဗလတောင့်တောင့် ကောင်လေးအတင်းပဲ လာဖျစ်ညှစ် ရှာလည်း မတုန်လှုပ်၊ အကြောရှာ ချင်လျှင် ခပ်နာနာလေးရိုက်ဟုများ သူတို့ ဆေးပညာက သင်ပေးထားလား မပြောတတ်၊ အရက်ပြန်ဆွတ်လိုက် တဖျပ်ဖျပ် ရိုက်လိုက်လုပ်နေ တာလည်း အသားတွေသာ ရဲတက် လာ အကြောက မတွေ့၊ မြန်မာစကား မတတ်သည့် သူတို့ ဆရာဖြူဖြူပိန် ပိန်လည်း ကွိကွိကွကွဖြင့် အခန်းထဲ ရောက်လာကာ ခြေထောက်တွေ ထိ အကြော ရှာဖွေခန်း လုပ်လို့ရယ်၊ ခင်ကတော့ တုံးတယ်ပဲပြောပြော ဆေးသွင်းတာကို ခြေထောက်ကြီးက သွင်းနေတာ မတွေ့ဖူးသမို့ ခြေထောက်က အကြော မတွေ့ပါစေ နဲ့လို့ပဲ ဆုတောင်းနေ မိတော့တာ။ နောက်ဆုံး ဟိုးရှေ့ မျက်မှန်ဆိုင်က မျက်မှန် အရောင်းသမားပါ မကျန် လူကုန်ရှာမှ သွေးကြော တစ်ကြော ခက်ခဲစွာ ရှာတွေ့မြဲ၊ ဆရာမလေးမှာ ခင့်ကို တစ်ခါ ဆေးသွင်းတိုင်း အဖ ဘုရားသခင် ကောင်းချီးကို တောင်း ရလွန်းသောကြောင့် ဆရာမလေးမှာ ခရစ်ယာန် ဘာသာဝင်မှန်း ခင် သိခဲ့ ရတာပင်။ အဲ့ဒီမှာ ဇာတ်လမ်း ကစခဲ့ တာလို့ ပြောရတာမှာ။ ဆေးနှစ်ပု လင်းကို ပက်လက်လှန် ပျင်းရိစွာ မသွင်းနေချင်သော ခင်က အနား လာနေသော ဆရာမလေးကို ဟိုမေး ဒီမေး မေးရင်း ဆရာ မလေး ရဲ့ စိတ် မကောင်းစရာ ဖြစ်ရပ်ကို သိခဲ့ရ တော့တာ။
လစာ ဘယ်လောက်ရလဲဆိုတဲ့ ခင့်ရဲ့ စပ်စု မေးခွန်းကို ဆရာမလေး က လက်ဟန် ခြေဟန်လေးနဲ့ ဖြေရှာတယ်။ ကြည့်ရတာ မပြောရဘူးလို့ များ ပညတ်ထား လားမသိ။ ပျင်းနေတဲ့ ဆရာမလေး ကလည်း သူ့မိဘ တွေက ဟိုးနယ်စပ်က ဆိုတာတွေ တစ်နှစ် မပြောနှင့် သုံးလေးနှစ်နေ တာတောင် မတွေ့ဖြစ်ဘူး ဆိုတာ တွေ၊ မိဘ ဆိုပေမယ့်လည်း အဒေါ် တွေနဲ့နေရတာ များတော့ မိဘကို တွေ့ချင်လှချည်ရဲ့ ဆိုတာ ငယ်ငယ် လေးကတည်းက မဖြစ်ခဲ့ဘူး ဆိုတာ တွေ စုံလို့ရယ်ပါ။ လမ်း သုံးဆယ် မှာ ဒီနား ပတ်ဝန်းကျင်က ဆေးခန်း အသီးသီးက နာစ်လေးတွေချည်း စုပြီး တစ်လတစ်သောင်းနဲ့ ဆယ် ယောက်စုနေကြသတဲ့လေ။ မဆိုးပါ ဘူးလို့ပဲ ခင် တွေးမိတယ်။ ရွယ်တူ ချင်းလေးတွေ အတူနေရတယ်။ တစ်သောင်း ပဲပေးရတယ်။ ပြီးတော့ နာစ်လေးတွေချည်း ဆိုတော့ အပေါင်းအသင်း မှားမှာလည်း မစိုး ရိမ်ရ၊ အပေါင်း အသင်းကြောင့်လည်း ဂုဏ်မပျက်နိုင်၊ အကောင်းဆုံးက နာရေး ဖျားရေးဆိုလည်း အချင်းချင်း လှည့်ပတ် ကုလိုက်ရုံနဲ့ ပျောက် ကရောပေါ့။ ခင် သဘောတောင် ကျမိသေး။
ဆရာမလေးက တွတ်တွတ် တွတ်တွတ်နဲ့ စကားကတော့ အတော် ပြောတယ်။ သူ မိုးဟေကို သိပ်ကြိုက် ကြောင်းလည်း ပါတယ်။ မိုးဟေကိုက တော်တော် ချမ်းသာမှာ ပဲနော် ဆိုတဲ့ ကလေးပြောလေးက ပါသေး။ နောက်တော့မှ သူ့ဆိုလိုရင်းက သူမလေးက မင်းသမီး အလွန် ဖြစ်ချင်ခဲ့တာဆိုပဲ။ အခု အသက်ပိုင်းမှသာ ရုပ်ပြောင်းသွား တာ။ သူ ဆယ်ကျော် သက်တုန်းကဆို ဖွေးဥနေအောင် ချောတာလို့လည်း ရှက်ပြုံးလေးနဲ့ ပြောပြနေပြန်ရဲ့၊ ”မဝတ်နိုင် မစား နိုင် ဆိုတော့လည်း ရုပ်ဘယ်ထွက် တော့ မလဲ အန်တီရယ်နော် ” ဆိုတဲ့ ခပ်ဝဲဝဲ အပြောကိုတော့ ခင် စိတ်ထဲ က သေသေချာချာ ထောက်ခံဖြစ် တယ်။ ဟုတ်တယ်လေ။ လောကမှာ ပိုက်ဆံသာရှိ၊ မလှတဲ့ မိန်းမ ရှိကို မရှိ စေရဘူးလို့ ခင် ထင်တာပဲ၊ အကုန် ပြုပြင်ပြောင်းလဲလို့ရနေတဲ့ ခေတ် ကြီးကို။
စကား ပြောနေရင်းနဲ့ပဲ ခင်က အမှတ်မထင် နောက်လိုက်တာပါ။ ”ဆရာမလေးက မဝတ်နိုင် မစားနိုင် ဆိုပေမယ့် ပြင်တော့ပြင်နိုင်ပါတယ်၊ မျက်တောင်လေး လည်း ကော့လို့၊ ပါးနီလေးတွေလည်း ဆိုးလို့၊ နှုတ်ခမ်းနီ အရောင်လေးကလည်း လှသားပဲ” လို့ ခင်က နောက်လိုက်တာ။ ဆရာမလေးမျက်နှာက ချက်ချင်းလို နွမ်း သား ပြီး ”ဒါတွေအားလုံး တစ်ခု မှ ကိုယ်ပိုင် မဟုတ်ပါဘူး”တဲ့လေ။ ဒီအဆောင်ကို သူမလေး ရောက်လာ တာ မကြာသေးကြောင်း၊ အဆောင် ပြောင်းသည့် နေ့မှာပဲ ပစ္စည်းတွေ အတင်အချ လုပ်နေရင်း ပိုင်ဆိုင်သမျှ ပိုက်ဆံ သုံးသိန်းနှင့် အဝတ်အစား အိတ်ပျောက် သွားခဲ့တာဖြစ်ကြောင်း၊ အခုအချိန်မှာ သူငယ်ချင်းတွေ ဆီက အလှပြင် ပစ္စည်းကအစ အဝတ် အစားအဆုံး အကုန်လုံး ယူသုံးနေရ ကြောင်း၊ သူငယ်ချင်းတွေ ကလည်း မငြိုမငြင် ပေးသုံးကြကြောင်း ပြောပြ လာပါတယ်။
”ခိုးတဲ့ သူခိုးကို တောင်းပန်ချင် တာ၊ နင်လည်း ငတ်လို့ခိုးတာ၊ ငါ့ ပစ္စည်းတွေကို ယူ…ယူ၊ ငါ ဘာမှ မပြောဘူး၊ ငါစုထားတဲ့ ပိုက်ဆံလေး တွေလည်း ငါပြန်မတောင်း ဘူး၊ ရဲလည်း မတိုင်ဘူး၊ ဒါပေမဲ့ ငါ့ကျမ်း စာအုပ်လေးနဲ့ သင်တန်းဆင်း လက်မှတ်ကတော့ နင့်အတွက် ဘာမှ အသုံးမဝင်ပါဘူး၊ အဲ့ဒါလေးတော့ ပြန်ပေးပါ ငါ့အတွက် အရမ်း လိုအပ် လို့ပါလို့ တောင်းပန်ချင်တာလေ”
အသံလေးက တိုင်းရင်းသူမို့ ဝဲပါတယ်။ လေသံမှာ ဘာလောဘ ဒေါသ မောဟမှ မပါဘူး၊ တကယ့်ကို ဖြူဖြူစင်စင် တောင်းပန် တိုးလျှိုးခြင်း တွေနဲ့ သူဆုတောင်းနေ တာလေးကို ကြားရပြီး ခင်လေ ကိုယ့်ရောဂါတွေ ကိုလည်း မေ့သွားတယ်။ စိတ်ကူးနဲ့ ချက်ချင်းလို ရွက်လွှင့်ပြီး ခိုးသွားတဲ့ သူခိုးကို ကုတ်ဆွဲခေါ်လာလို့ ဆရာမ လေးရှေ့ ပို့ပေးချင်လိုက်တာ။ ခင် ဆုတောင်းတွေကို ယုံတယ်။ ခင်နဲ့ ဆရာမလေး ဘာသာ မတူပေမယ့် ညရောက်လို့ ဘုရား ရှိခိုးရင် ဆရာမ လေး အတွက် ဆုတောင်း ပေးဦးမယ် လို့ တွေးဖြစ်တယ်၊ တကယ်လည်း ခင် ဆုတောင်းပေးဖြစ်ခဲ့တယ်။ ပြည့်မပြည့် ဆိုတာတော့ ခင်မသိနိုင်ဘူး။ ဘယ်သူမှလည်း သိနိုင်မယ် မထင် ပါဘူး။
(၂)
ခင်တို့ ရုံးအပြန် ကားကြောက သူများ ကားကြောထက်ကို ပိုကျပ်နေ တာဟာ စိတ်ညစ်စရာပဲ၊ ကားပေါ် ကဆင်းရင်ကို ခင့်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေတတ်တယ်။ ကိုယ်က နဂိုကတည်းက ချွေးထွက် သန်သန် ဆိုတော့ ကားပေါ်က ဆင်းရင်ကို တစ်ရှူး နဲ့နိုင်အောင် သုတ်ပေတော့ ပဲ။ အခုလည်း တစ်ရှူးနဲ့မျက်နှာကို တို့တို့ ပြီး ချွေးသုတ်နေ ရတာနဲ့ မျက် နှာချင်း ဆိုင်က သူငယ်ချင်းကို ချက် ချင်းမမြင်ဘူး။ သူငယ်ချင်း ဆိုလို့ နာမ်စား တခြားသုံးစရာ မရှိလို့သာ သူငယ်ချင်း သုံးလိုက်ရတာ၊ သူ့ နာမည် နှင်းဆီမောင် ဆိုတာကလွဲပြီး သူနဲ့ ခင့်ကြားက ထူးခြား စပ်ဆက်မှု ဘာဆိုဘာမှ ခင်မမှတ်မိဘူး။ ခင်တို့ အထက်တန်း ကျောင်းတက်တုန်းက ဆယ်တန်းနှစ် မှာ သူနဲ့တစ်တန်း တည်း အတူနေဖူးတယ်။ ခင်က နှင်းဆီပန်း အရမ်း ကြိုက်တာဆို တော့ ခင်ကြိုက်တဲ့ ပန်းနာမည်နဲ့ အဲ့ဒီ သူငယ်ချင်းကို နာမည်အမှတ် တရဖြစ်နေ တာတော့ အမှန်ပဲ။ သူသာ တခြား နာမည်တစ်ခု ပိုင်ဆိုင်ခဲ့ရင် ခင် သူ့ကို မှတ်မိပါ့မလားမသိ ဘူး။ အခုတော့ နာမည်ကို အမှတ်သညာ ရှိရင်းနဲ့ လူကိုပါ မှတ်မှတ် ရရ ဖြစ်သွားခဲ့တယ် ထင်ပါရဲ့။ သူက နှစ် နှစ်ခြိုက်ခြိုက် ပြုံးပြနှုတ်ဆက်နေ တော့ ခင်လည်း သူ့ကို ရပ်နှုတ်ဆက် ရင်း ပြောစရာ စကားအစ ရှာတွေ့ သွားတယ်။
ဟုတ်တယ်။ ခင့်မှာ မျက်နှာ ပူစရာ ပြဿနာ တစ်ခု အွန်လိုင်းမှာ ကြုံနေတယ်။ ကိုယ့်အလုပ်က အင်တာနက် အီမေးလ် တစ်ချိန်လုံး ဖွင့်ထားမှ အဆင်ပြေမှာ ဆိုတော့ လည်း ခင်က မနက် ရုံးရောက်တာ နဲ့ ကိုယ့်လက်တော့ပ်ကို ဖွင့်ထားဖြစ်တယ်။ ဒီချိန်မှာ နန်းသီတာဝင်း ဆိုတဲ့ အကောင့် တစ်ခု တက်လာပြီး ခင့် ကို ရင်းရင်းနှီးနှီးတွေ ပြောဆိုနေ လိုက်တာ၊ နောက်ဆုံး သူက ”တို့ ဆယ်တန်းတက်တုန်းက အချိန်တွေ အရမ်း သတိရတယ်” တွေဘာတွေ ပြောပြီး တခြား နာမည်နှစ်ခု သုံး ခု တွေလျှောက်မေး၊ ပြီးတော့ သူတို့နဲ့ တွေ့သေးလားတွေ ဘာတွေ လုပ်နေတော့ ခင့်မှာရှိသမျှ မှတ်ဥာဏ်တွေ ခြစ်ကုန်ပြီး စဉ်းစား လိုက်ရတာလေ။ သူက ဆယ်တန်း တုန်းက အတူတက် ခဲ့တာတော့ သေချာပြီ။ ဒါပေမဲ့ သူ ဘယ်လို ပုံစံလဲ၊ ငါနဲ့ဘယ်လောက် ရင်းနှီးမှု ရှိခဲ့လဲဆိုတာတွေ ခင် လုံးဝ လုံးဝ တူးဖော်လို့ မရနိုင်ခဲ့ ဘူး။ နောက်ဆုံး အားနာနာနဲ့ပဲ ”မင်း ဆယ်တန်းတုန်းက ဘယ်သူနဲ့ တွဲတာလဲ၊ တို့နဲ့ရော အရမ်း ရင်းနှီးခဲ့လား ဟင်” လို့လည်း ပြန်မေးလိုက်ရော တစ်ဖက်က စိတ်ဆိုး သွားတယ် ထင်တယ်။ စကားပြန်ကို မရတော့တာ။ ခင် အားနာလိုက်တာမှလေ။ သူ့ အကောင့်ထဲ ဝင်ကြည့်တော့လည်း အခုအချိန် ထိတောင် အရမ်းကြည့် ကောင်းနေ တဲ့ စင်ကာပူ နိုင်ငံရောက် အမျိုးသမီး အဖြစ်ကလွဲပြီး ခင်ဘာဆို ဘာမှမှန်းလို့ မရဘူး။ ငယ်ရုပ်ကို မှန်းကြည့်တော့လည်း သိသလို မသိ သလို။ ခင့်မှာ အွန်လိုင်းပေါ် တက် တိုင်း မီးလုံးလေး စိမ်းနေပါရက်နဲ့ စကားတစ်ခွန်းမှ လာမပြောတော့တဲ့ သူငယ်ချင်း ဆိုသူလေးကို စိတ်ထဲက အကြိမ်ကြိမ် တောင်းပန်နေမိတော့ တယ်။ ဒီကိစ္စကို ခင် ငယ်ပေါင်း တစ်ယောက်ယောက် ဆီမှာ မေး ကြည့်ချင်နေတာ။ အခုတော့ နှင်းဆီ မောင်နဲ့ တွေ့တုန်းတွေ့ခိုက် နန်းသီတာဝင်း ဆိုတာ ဘယ်သူလဲ မေး ကြည့်မိတယ်။ ”ဟယ် ခင်.. နင် တကယ်မေ့သွားတာလား၊ နန်း သီတာဝင်း ဆိုတာ…လေ” ဆိုပြီး နှင်းဆီမောင်က အတိတ်က အကြောင်းတွေ တရစပ် တူးဆွနေ လေရဲ့။
နားထောင်နေတဲ့ခင်က ပါးစပ် အဟောင်းသားနဲ့ ငါလည်း ကိုရီးယားကားတွေ ထဲကလို အတိတ်ကို အကန့်လိုက် အကန့်လိုက် ခွဲပြီးများ မေ့နေလေ သလား လို့ ယောင်ယမ်း တွေးနေမိတော့တယ်။ ဒါပေမဲ့ ခင် ကိုယ့်ဟာကိုယ် ခွင့်လွှတ် ဖြစ်ပါတယ်။ တကယ်တော့ ခင်တို့ မိသားစု အရေးတွေက အဲ့ဒီအချိန်က အရမ်းကို ရှုပ်ယှက် ခတ်နေခဲ့တာ။ မိဘတွေကြောင့် စိတ်နှလုံးတွေ နာကျင်နေရတဲ့ ခင်ဟာ အဲ့ဒီအချိန် ကာလမှာ ဘဝဟာ ဘာမှ ပျော်စရာ မကောင်းပါလားလို့ တွေးနေခဲ့တဲ့ သူတစ်ယောက်လေ။ ခင် အဲ့ဒီတုန်း က မပျော်တတ်ဘူး။ ပျော်နေတဲ့ သူ တွေကိုလည်း ကြည့်မရဘူး။ သေချာ တာကတော့ ခင်ဟာ အဲ့ဒီအချိန် ကာလတွေကို စိတ်ထဲက အကုန် ဖျောက်ဖျက် ပစ်ခဲ့တယ် ထင်ပါရဲ့။
နှင်းဆီမောင် ပြောတာတွေကို အလိုက်သင့် နားထောင်နေရင်း မိန်းမသားပီသစွာ ခင်တို့ တစ်ယောက် အလှကိုတစ်ယောက် ချီးကျူးဖြစ်တယ်။ နှင်းဆီမောင် ကတော့ ခင့်ကို လောကဝတ် အရ ချီးကျူးတာ နေမှာပါ။ ခင်ကတော့ သူ့ကို စိတ်ပါလက်ပါကို ချီးကျူးဖြစ်နေတာ။ ဟုတ်တယ်လေ၊ ဒူးအောက် ကို နည်းနည်းလေးလောက် ပဲရောက်တဲ့ စကတ်လေးနဲ့ အပေါ်က လိုက်ဖက်တဲ့ စပို့ရှပ်လေးကို ဝတ်ဆင် ထားတဲ့ နှင်းဆီမောင်ဟာ သက်လတ်ပိုင်း မိန်းမ တစ်ယောက်လို့ နည်းနည်းမှ ထင်ချင် စရာ မကောင်း ဘူး။
ပြီးတော့ သူ့ဆံပင်လေးက လည်း ကြည့်ကောင်းရုံ အရောင် တင်ထားပြီး မျက်နှာဝင်းဝင်းလေးနဲ့ လိုက်လိုက်တာ။ လိမ်းထားတဲ့ မိတ်ကပ်လေးက ညက်ပြီးပြောင်နေ တာ ပဲ။ ခင်ကတော့ ခင့် အသက်အရွယ် ခင့်ကိုယ်လုံးနဲ့ ဒီလိုစကတ်တွေ ဘာတွေ ဝတ်ဖို့ဆိုတာ အိမ်မက်ထဲ တောင် မဖြစ်နိုင်ဘူး ထင်မိတယ်။ နှင်းဆီမောင်က ငယ်ငယ်တုန်း က သိပ်လှတဲ့ စာရင်းထဲ မပါခဲ့ပါဘူး။ သူ့အလှက အသက်ရလာမှ ပိုပိုလှ လာတဲ့ အလှပဲ ထင်ပါရဲ့။ ဒါကြောင့် လည်း ခင်က ”ရှင် အရမ်းစိတ်ချမ်း သာလို့ ထင်တယ်၊ အရမ်းကို လှနေတာပဲ” လို့ သူ့လက်လေးကို ကိုင်ပြီး ပြောလိုက်မိတယ်။ နှင်းဆီမောင်က ခင့် စကားကို ကြားတော့ ရယ်တယ်။ ရယ်တာမှ ခပ်ဟက် ဟက် ကလေးကို ရယ်တာ။ သူ့ရယ်သံက ခင့်လို ပါးနပ် တဲ့မိန်းမ တစ်ယောက် အတွက် ဘာ စကားမှ ဆက်ပြောစရာ မလိုအောင် နင့်စကားက ငါ့အတွက် ဆန့်ကျင် ဘက်ပဲ ဆိုတာကို ဖော်ကျူးပြနေသ လိုပဲ။ ခင်က ပြောမိတာကိုပဲ အား နာသွား သလိုလို ဘာလိုလိုနဲ့ တုံ့ဆိုင်း ဆိုင်းကြီး ဖြစ်သွားရင်း ဒီနေရာက လည်း ခွာချင်နေမိပြီ။ တကယ် ဆို ခင်နဲ့ သူမတွေ့တာ နှစ်ပေါင်း အတော် ကြာလှပေါ့။ ဖြတ်သွားဖြတ်လာ ရှောင်တိမ်း မရ မျက်နှာချင်းဆိုင် တွေ့ကြရင်သာ ပြုံးပြနှုတ်ဆက်ဖြစ် ကြတာလေ။ အခုတော့ နန်းသီတာ ဝင်း အကြောင်းကို ခင်မေးချင်တာနဲ့ ပဲ စကားလက်စ မသတ်နိုင်ဖြစ်သွား တာရော။
”လှတိုင်း စိတ်ချမ်းသာရတော့ မှာလားခင်ရယ်…ဟင်းဟင်း၊ ငါက နင်ပြောတာ နဲ့ပြောင်းပြန်၊ စိတ်ချမ်းသာ ရမလား ဆိုပြီး အလှ တွေ စွတ်ပြင်နေမိတာလေ.. နင် ငါတို့ကို တွေ့တွေ့နေလို့ ဒီစကား ပြောလိုက်တာ မဟုတ်လား၊ ဟိုနေ့ က နင့်ရုံးကားနဲ့ ငါတို့ကား မီးပွိုင့်မှာ ဆုံတာ ငါသိပါတယ်”
ခင် သူ့ကို ဘာစကားမှ မပြန် နိုင်ဘူး၊ တအံ့တသြပဲ ပြန်ကြည့်နေမိ တယ်။ တကယ်ဆို ခင့်လို အတွေးများ တဲ့မိန်းမဟာ မီးပွိုင့်မှာ ကားရပ်ထား တာတောင်ရပ်လို့ ရပ်မှန်းမသိ ကိုယ့် အတွေးနဲ့ကိုယ် အလုပ်ရှုပ်တတ်သူ ဆိုတာ သူ့ကိုဘယ်လိုပြောရပါ့။ ခင် ဘေးနားမှာ သူတို့ကားရပ်တယ် ဆို တာ ခင် သိကို မသိခဲ့တာ။ နေပါဦး ..သူပြောတဲ့ ငါတို့ဆိုတာ ဘယ်သူ တွေလဲ၊ သူနဲ့ ဘယ်သူနဲ့လဲ။
”ငါ သူနဲ့တွဲနေတာ ကြာပြီခင်၊ ငါ့ယောက်ျား နေပြည်တော် သွား ကတည်းကပဲ၊ ငါ့ယောက်ျားလည်း ဟိုမှာ သူနေချင်သလိုနေ၊ ငါလည်း ဒီမှာနေချင်သလိုနေ မကောင်း ဘူး လား ဟင်းဟင်း…တကယ်တော့ ငါတို့မိန်းမသားတွေက ဘယ်လိုလုပ် ဖောက်ပြန်ချင်မှာလဲခင်ရယ်၊ ဒါပေမဲ့ ငါ သူ့ကိုမခံချင်ဘူး၊ သူ့ဖုန်းထဲမှာ အဲ့ဟာမပုံ တွေ့ လိုက်ကတည်းက ငါသိတယ်၊ သူက ငါ့ကို ပေါ်တင်ကြီး ညာတာ၊ မေ့ပြီး မဖျက်မိတာပါ ဘာညာပေါ့ဟာ၊ ငါငတုံးမှ မဟုတ် ဘဲခင်ရယ်၊ နင်ဆိုလည်း သိမှာပဲ မလား၊ ဒါတွေက ငါတို့ မိန်းမတွေ အတွက် ဘယ်လိုပြောရမလဲ၊ အလို လိုသိတဲ့ စိတ်ပညာတွေလေ ဟုတ် တယ်မလား”
တကယ်ဆို သူပြောတဲ့စကား တွေကို ခင် ခေါင်းတဆတ်ဆတ်ညိတ် နေရင်းက လိုက်လို့ မီအောင်အတော် နားထောင်နေရတယ်၊ နှင်းဆီမောင် ဟာ ခင့်ကို သူတစ် သက်လုံးတွဲလာ ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်လို တရစပ် ရင်ဖွင့်နေတော့တာ၊ ဒီလို စကားမျိုးတွေဟာ ခင့်လိုလူမျိုး ပြီးတော့ လမ်းမှာ မတော်တဆ ကြုံရတဲ့ မိတ်ဆွေ တစ်ယောက်ကို မပြောအပ်ဘူး ဆိုတာလည်း သူ မေ့နေပုံပဲ၊ ခုချိန်မှာ သူ့အတွက်က တစ်စုံ တစ်ယောက်ကို ဒီအကြောင်း ပြော ပြလိုက်ရရင် ရင်ပေါ့သွားမယ့် သဘောမျိုး ရှိနေတယ်။ ခင့်မှာလည်း ခင့်အခက်အခဲ နဲ့ ခင်။ နားထောင် နေရင်းက ချွေးတွေ ပြန်လာပြီး နား ထောင်နေ ရတာကိုပဲ အားနာလိုက် တာမှလေ။ တော်ကြာ သူအသိပြန် ကပ်တဲ့ အခါ ခင့်ကို ဒါတွေပြောမိပါ လား ဆိုပြီး မျက်နှာ ပူနေရင်မခက်ပါ လား။
” မိန်းမ တော်တော် များများက ညာကြတယ် ခင်၊ ငါကတော့ မညာဘူး၊ ငါ sex ကို ကြိုက်တယ်၊ ငါနဲ့ သူ့ကြားမှာ ဒါတွေ လိုတယ်၊ ငါ ကြိုက်တယ် ဆိုတာ ပေါ် တင်ပြောပြီး သား၊ သူ့ဘက်က လုံးဝ မလာဘူး၊ ငါပြောမှ ဆိုတာ ငါ့ကို စော်ကားတာ ပဲလေ၊ ဒါ သားငယ်လေး မွေးပြီးမှဖြစ် သွားတာ၊ ငါနဲ့ သူ့ကြားက ဆက်ဆံ ရေး လုံးဝ ရပ်သွားတာ တစ်နှစ်ရှိပြီ၊ သူနဲ့သူ့ဟာမ အသံထွက်တာလည်း တစ်နှစ်ရှိသွားပြီ”
သူ့စကားတွေကို ခင်ဖိန်းတိမ်း ရှိန်းတိမ်းနဲ့ နားထောင်နေရင်း တုံ့ ပြန်စကား တစ်ခွန်း ပါးစပ်က လွှတ် ခနဲ ထွက်သွားတယ်၊ ထွက်သွားပြီးမှ ကိုယ့်ကိုယ်ကိုယ် စိတ်တို လိုက်တာ လေ၊ ဒီ့ထက်ကောင်းတဲ့ စကားများ အားပေးဖို့ မရှိတော့ဘူး လားဟယ်။ နှင်းဆီမောင်ကတော့ ခင့် စကားကို ဟာသလိုပဲ။
”ဟင်း ဟင်း သူ ငါ့ထက် လေး နှစ်ငယ်တယ် ခင်၊ ငါတောင် တက်တက်ကြွကြွ ရှိနေသေးတာ၊ သူက ငါ့ထက်ငယ်တာပဲ၊ နောက်ပြီး နင်လည်း သိတာပဲ ခင်ရယ် ၊ ယောက်ျား ဆိုတဲ့ အမျိုးက ဖွဲတစ်ဆုပ်နိုင်တောင် ဒီစိတ် မပျောက်ပါဘူးဟာ”
”အေးပါ နှင်းဆီရယ် ဆောရီး ငါလည်း ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး၊ ဒါနဲ့ နင်တခြား တစ်ယောက် နဲ့ ထပ်တွဲနေတာကို နင့်ယောက်ျား မသိဘူးလား၊ နင့် ကလေးတွေရော..”
”သိတယ်၊ သိပေမယ့် ဘာမှမ ပြောဘူး၊ နင် ငါ့နေရာက ခံစားကြည့်စမ်းပါ ခင်၊ ငါ အရှင်လတ်လတ် ငရဲ ရောက်နေသလိုပဲ၊ အခုတော့ ဒီတိုင်းပဲ ပျော်ပျော် နေ လိုက်တော့ တယ်ဟာ၊ မနက်ဆို ငါ့ဘဲအသစ်က ကားနဲ့ လာခေါ်တယ်၊ ငါ့ကို ပြန်ပို့ပေးတယ်၊ လုပ်တာလည်း တစ်ရုံးတည်း ဆိုတော့ တစ်နေကုန် သူနဲ့သာသာ ယာယာ ပဲလေ၊ ညနေခင်း ဆိုလည်း အိမ်မပြန်ချင်သေးရင် ကန်ဘောင် မှာဆင်းလမ်းလျှောက်၊ စကားလေး ဘာလေးပြောပေါ့၊ နောက်ဆုံး ငါ့သားလေး သွေးလွန် တုပ်ကွေး ဖြစ်တော့ လည်း သူပဲ ငါ့ကို အစစ ကူညီ တာ၊ ငါ့အတွက် လိုအပ်တာ မှန်သမျှ ငါ့ယောက်ျား မလုပ်ပေးနိုင်ဘူး၊ သူပဲ လုပ်ပေးရတာ”
”နှင်းဆီ.. နင့် နင့်လူအသစ် ဆိုတာ လူပျိုလား အိမ်ထောင်နဲ့ လား”
”ဘယ်လိုလုပ် လူပျိုဖြစ်မလဲ နှင်းဆီရယ် ..ငါ့ထက် ခြောက်နှစ် လောက်ကြီးတဲ့ ဟာကို၊ သူ့မှာလည်း ကလေးနှစ်ယောက်ပဲ၊ သူ့မိန်းမက ဆရာဝန်မ”
ခင့်ရင်ထဲ ဟာခနဲ ဖြစ်သွား တယ်။ ဆက်ပြီး နားထောင်နိုင်တဲ့ အစွမ်း ခင့်မှာ မရှိတော့ဘူး၊ ခင့် အတွေးထဲမှာ အပြစ်မဲ့တဲ့ ကလေး တွေရဲ့ ပုံရိပ်တွေပဲ ဝေ့ဝဲလာတယ်။ ခင်ဆက် နားထောင်နေရင် နှင်းဆီ မောင်ကို မတားဆီးနိုင်ဘဲ အားပေး သလိုဖြစ်နေတော့မယ်။ ဒါကြောင့် လည်း သူ့အတွက် အတတ်နိုင်ဆုံး အဖြစ်သင့်ဆုံး လမ်းညွှန် စကား တစ်ခုပဲ ပေးလိုက်မိတော့တယ်။
”နှင်းဆီ နင် နေပြည်တော်ကို လိုက်သွားသင့်တယ်၊ နင်တို့မိသားစု တစ်ကွဲတပြား မနေသင့်ဘူး၊ မိသားစု ဘဝ တည်မြဲဖို့ထက် ဘာများအရေး ကြီးစရာ ရှိလို့လဲဟာ”
”ခင်ရယ် ဒီစကားမျိုးတွေက နင့်အရင် ငါ့ဆွေမျိုးတွေ အကုန်လုံး ငါ့ကို ပြောခဲ့ပြီးပြီ၊ ငါ့ကိုယ်ငါလည်း ပြောကြည့်ပြီးပြီ၊ ဒါပေမဲ့ မဖြစ်နိုင် တာ ငါဘယ်လို လုပ်ရမလဲ၊ သူက အရာရှိ ဆိုပေမယ့် ရတာက တစ်သိန်းခွဲ၊ ငါက ဒီမှာရတဲ့ လခက ရှစ်သိန်း ကျော်တယ်၊ ငါ ဘယ်လို လုပ်ရမလဲ၊ ငါမွေးထားတဲ့ ကလေးတွေကို သူ့လစာနဲ့ ဘယ်လို သွားကျွေးမလဲ၊ ဘယ်လို ပညာသင်မလဲ၊ တစ်ယောက် ရှာတာကို အကုန် ထိုင်စားလို့ရတဲ့ ခေတ် ဆိုရင်တော့ ငါ သူ့နောက်လိုက် သွားတာ ကြာပေါ့ ခင်”
ခင် ကားပေါ်မှာ တုန်းကထက် ချွေးတွေ ပိုပြန်လာတယ်၊ နှင်းဆီ မောင်နဲ့ ဘာတွေ ဘယ်လိုဆက်ပြော ပြီး ဘယ်လို လမ်းခွဲလာမိမှန်းမသိ တော့ဘူး၊ မဖြစ်ဘူး ခင် အအေး ဆိုင်ဝင်ပြီး အအေး တစ်ခွက်တော့ သောက်မှ ။
”ဟေ့ သံပရာရည် အေးအေး လေး တစ်ခွက် အမြန်လုပ်ပါဟေ့” ခင် သံပရာရည် ချိုချိုချဉ်ချဉ် လေးကို ရှိုက်သောက်နေတုန်း စားပွဲ နားကို သီလရှင် သေးသေးလေး တစ်ပါး လာအလှူခံတယ်၊ တကယ် တော့ သာသနာ့ ဝတ်စုံနဲ့ ဆိုင်တွေထဲ ထိ အလှူခံတာ ခင် အားမပေးချင်ဘူး၊ ဒါပေမဲ့ သီလရှင်လေးက ငယ်လည်း ငယ် ချစ်လည်း ချစ်စရာလေး ဆိုတော့ ဘေးအိတ်ထဲက နှစ်ရာတန်လေး ထည့်ပြီးလှူဖြစ်တယ်။
”ဒကာမကြီး ချမ်းသာပါစေ ဒကာမကြီး ထီပေါက်ပါစေ”
ခင်ကတော့ အသံစာစာလေးနဲ့ ခင်မကြားဖူးတဲ့ ခေတ်ပေါ်ဆု တောင်းလေးကို ရွတ်ဆိုသွားတဲ့ သီလရှင်လေးကို ငေးကြည့်ကျန်ရစ် မိတယ်၊ နောက်တော့ ခင့်နှုတ်ဖျား က နှင်းဆီမောင် ချမ်းသာပါစေ၊ နှင်းဆီမောင် ထီပေါက်ပါစေလို့ရွတ် ကြည့်မိတယ်၊ တိုးတိုးလေးပါ။ တကယ့်ကို တိုးတိုးလေး။
ခင် ဆုတောင်းတွေကို ယုံတယ် လေ။ ဒါပေမဲ့ ခင့်ဆုတောင်းတွေ ပြည့်မပြည့် ဆိုတာကို ခင်ကိုယ်တိုင် လည်း မသိဘူး။ ဘယ်သူမှလည်း သိနိုင်မယ်မထင်ပါဘူးလေ။
မီမိုး