Pages

Labels

Tuesday, July 31, 2012

အိုက်တင်နံပါတ် တစ်ဆယ့်ရှစ်

၁။

“သေချာတာမှ ဟိုဘက် ဘူတာတောင် လွန်သေး၊ တစ်ရပ်ကွက်လုံး သိတဲ့ဟာ၊ ညည်းသာ မသိတာ”ဟူသော အမေ့စကား အဆုံးမှာ စန်းမူရာ တစ်ယောက် ကြက်ကို လည်လိမ်သလို ငိုင်ဆင်း ကျသွားသည်မှာ တုတ်တုတ်မှ မလှုပ်။

အနီနှင့် အမေတို့ တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ဘာဆက် ပြောကြမလဲ စကား စီနေ ကြချိန်မှာပင် တောင့်ခနဲ၊ ဆတ်ခနဲ ဖြစ်သွားသော စန်းမူရာ၏ ကိုယ်ခန္ဓာမှာ လျင်မြန်သော အဟုန်ဖြင့် ဘယ်ဘက်သို့ ဗိုင်းခနဲ ပစ်လဲကျသွားတော့သည်။

“အောင်မလေး” ဆိုသော အနီတို့ သားအမိ အသံမှာ ယိမ်းတိုက် ထားသလို စီစီရီရီ ထွက်လာကာ အမေက မကြည့်ရဲသလို သူ့မျက်နှာသူ လက်ဝါးဖြင့် အုပ်လျက်။ အနီကတော့ ကိုယ့်ခေါင်းကိုကိုယ် ယောင်ကာ ဖိအုပ်မိရင်း စန်းမူရာတော့ သွားပြီဟု ဘုရားတ တွေးမိသည်။ ကြမ်းပြင်မှာ သစ်သား ခင်းထား၍သာ တော်သေး၏။ သမံ တလင်းသာ ဆိုက စန်းမူရာတို့ ပွဲချင်းပြီးပြီ ထင်သည်။ ဒါတောင် သူ ပစ်အကျမှာ အုန်းခနဲ အသံက ပစ္စည်းတစ်ခု ပေါက်ခွဲသံလို ပြင်းလှသည်။

ဒီ့နောက်မှာတော့ အမေရော အနီရော စန်းမူရာနား ပြေးကပ်ကာ ခြေမ ချိုးကြ၊ နှာနှပ်ကြ လုပ်ကြရလေတော့သတည်း။ မရိုးနိုင်အောင် နှိပ်စက် လှပါလား စန်းမူရာလို့သာ အနီ တွေးမိလိုက်တော့သည်။

၂။
“သူမှသူ အစစ်ပါအေ” ဆိုသော အမေ့ စကားသံသည် အနီ့ရင်ဘတ် တစ်ခုလုံးကို ဒိန်းခနဲ ဆောင့်တက်စေကာ နားထင် သွေးကြောများကို တဒုတ်ဒုတ် မြည်စေ၏။ မျက်နှာ တစ်ခုလုံးမှာလည်း ခံရခက် ဒေါသများဖြင့် တငွေ့ငွေ့ တရှိန်းရှိန်း။ သွေးတက်သည် ဆိုသည်မှာ ဒီလို ခံစားမှုမျိုးဟု နားလည် လိုက်မိသည်။ သွေးမတက် ခံနိုင်ရိုးလား။ အနီ ခုလေးပင် ဈေးက ပြန်လာသည်မို့ အဆင်းအတက် လှေကားက ပျို့အန်ချင်စရာ အပုံကြီးကို မြင်ခဲ့ပြီးပြီ။ အဆင်းအတက် လုပ်သည့် တခြားသော အခန်းက လူများကလည်း တအော့အော့ တအေ့အေ့နှင့် ရေရွတ် မြည်တမ်းသံတွေလည်း ကြားနေရပြီမို့ အနီ အံကြိတ်ကာ-
“စန်းမူရာ” ဟု အော်မိလျက်သား။

“ရှန်”
ဆိုသော အသံက ထူးတာ မြန်သလို ရှေ့မှောက် ရောက်တာလည်း မြန်၏။ မည်းပြာသော အသားအရေက ဘယ်အချိန်ကတည်းက ထလိမ်း ထားမှန်း မသိသော မိတ်ကပ် များဖြင့် လူက ပြောင်ချောချော ပြာတာတာ။ မရှိသော မျက်ခုံးမွေးကိုကျ ဆွဲရ ကောင်းမှန်း မသိသေးတာလား၊ မဆွဲရသေးတာလား မသိဘဲ အရှိအရှိ အတိုင်း ဖြစ် နေသည်မို့ စပယ်ယာတွေ အော်သလို- “တစ်ယောက်လို၊ တစ်ယောက်လို”

လို့ မအော်ဘဲ- “တစ်ခုလို တစ်ခုလို”ဟူ၍သာ စိတ်ပေါက်စွာ ထအော်ပစ်ဖို့ပဲ ကောင်းတော့ သည်။ သူ့မျက်လုံးများကတော့ အသက်ကလေးနှင့် မလိုက်အောင်ပင် သူလုပ်ခဲ့သမျှ အပြုအမူတိုင်းကို အသက်သာ အသေခံမည်၊ မျက်လုံးကတော့ သဲလွန်စ မရစေရဟု အဓိဋ္ဌာန်ထားသည့် ပမာ မျက်ဝန်း သေများဖြင့်။

ကိုယ့်အလုပ်နှင့် ကိုယ်ထာဝစဉ် ရှုပ်ယှက်ခတ်နေ သော အနီ့အတွက် “ဒီကောင်မလေး ထွားလာတယ်” ဟု ဖျိုးခနဲ ဖျတ်ခနဲ အမြင်ဖြင့် ခဏခဏ တွေးမိခဲ့သော်ငြား အခုလို ရှေ့တည့်တည့် လာရပ် ချိန်မှာတော့ ထွားရုံတင် မဟုတ်၊ ကိုယ်လုံးကိုယ်ပေါက် မခေသူ အဖြစ်ပါ အသိ အမှတ်ပြု ဖြစ်သွားတော့သည်။

သူ ၀တ်ထားသည်က အနီ အပျိုဘ၀က ၀တ်သော စကတ်ထဘီတွေ၊ ကိုယ့်ဆိုက်နှင့်က ဘယ်လိုမှ စွပ် မရတော့၍ စွန့်ကြဲ ထားသော်လည်း အရောင်အဆင်းက အလတ်ကြီးရယ်မို့ သင်းကိုယ် ပေါ်မှာ အတော်လေးကို ပုံကျ ပန်းကျ ရှိနေတော့သည်။ သြော်- မဲပြာပြာ စန်းမူရာ၊ ညည်း အခုကိစ္စကို ဘယ်လို ရှင်းမည်လဲ။

“စန်းမူရာ၊ ဟိုလှေကား ထစ်ကဟာက နင့်လက်ချက်ဆို”

“ရှန် ဘာကိုပြောတာလဲ အန်တီလေး”

“အံမလေး အနီရယ်၊ စန်းမူရာကိုများ ညည်းမို့ ဝေ့ကာဝိုက်ကာ လုပ်နေသေးတယ်၊ မိမူရာ ညည်းအဆင်း အတက် လှေကားထောင့်မှာ အီးပါထားတယ် မဟုတ်လား၊ ငါတို့ကို အမှန်အတိုင်း ၀န်ခံစမ်း၊ ညည်းအေ အပျိုလေး အရွယ်လေး ဖြစ်ပြီး တကယ် အထိန်းအသိမ်း မရှိ၊ ဟင်း ငါနော်”

“အာ မပါပါဘူး ဘွားဘွားရယ်၊ ပေါက်ပေါက်ရှာရှာ၊ သမီးဖြင့် မြင်တောင် မမြင်ပါဘူး”

သေစမ်း၊ သေလိုက်စမ်း စန်းမူရာ။ အဆင်း အတက် လူတိုင်း မြင်နေသည့် ကိစ္စ။ ပြီးတော့ သူလည်း ခုန လေးတင် အမှိုက်သွန်လိုက် ပြန်တက်လိုက် လုပ်နေသည့်ဟာ မမြင်ဘူး ဆိုခြင်းမှာ တရားခံ ဗြောင်ညာပြီဆိုတာ သေချာသထက် သေချာလို့ သွားခဲ့ပြီ။

အမေကတော့ သည်းခံ နိုင်စွမ်းအား ကုန်သွားသလို စန်းမူရာ၏ ဘူးခံသံ စကား အဆုံးမှာ မျက်လုံး တ၀ဲဝဲဖြင့် ကောက်ပေါက်စရာ ပစ္စည်း ရှာနေ၏။ ဒီလောက် တည့်မတ်နေသော ပစ်ကွင်းကြီးထဲမှာ အမေသာ တစ်ခုခုနှင့် ကောက်ပေါက်လိုက်လို့က ဒီကလေးမ အထိ နာတော့မည်။

အနီမှာ အမှုကို ပြီးဆုံးအောင် မစစ်ဖြစ်တော့ဘဲ စန်းမူရာကိုသာ စိတ်ပျက် လက်ပျက်ဖြင့် “သွား သွား” ဟူ သော အမူအရာ လုပ်ပြလိုက် ရတော့သည်။ သူကလည်း မြန်လိုက်သမှ လှစ်ခနဲ နေအောင် ခပ်သွက်သွက် ထွက်သွားလိုက် ပုံများ တစ်ချိုးတည်း ဖြစ်တော့၏။

“ဒီကောင်မလေးကို ပြန်သာ ပို့လိုက်ပါတော့ သမီး ရယ်၊ သူ့ကို မြင်တွေ့နေရတာ အမေ သွေးတက်လွန်းလို့ပါ”

“ပို့မယ် အမေရေ...ပို့မယ်၊ ဒီလကုန်ထိတော့ နည်းနည်း သည်းခံလိုက်ဦး၊ လကုန် ရက်ကျမှ မမွှေးက လာမှာ လေ။ သူနဲ့ပြန်ထည့်လိုက်မှ ဖြစ်မှာဆိုတော့ ခဏလေး သည်းခံ လိုက်ပါဦး။ ဒါနဲ့ ဟိုကိစ္စကို အမေက သူလို့ ဘာလို့ အတပ် ပြောနေရတာလဲ”

“တပ်အပ်ကြီး ပြောဆို တပ်အပ်ကြီး သေချာနေလို့ ပေါ့ အေ... အမေက ဘုရား ရေချမ်းစွန့်ရင်း သင်း တိုက်ခေါင်းထဲ ၀င်လာတာ မြင်တယ်။ တံခါးခေါက်မှာစိုး လို့တောင် တံခါးကြိုပြီး သွားဖွင့်ပေးထားတာ။ ပြီးတော့ မြေးလေးကို ပုခက်တစ်ချက် လွှဲပေးတယ်။ မြေးလေး ပါးစပ်မှာ နို့နည်းနည်း အန်ထားလို့ ရေခဲသေတ္တာပေါ်က တစ်ရှူးတောင် ယူသုတ်ပေး လိုက်သေးတယ်။ ပြီးတော့ ကျုပ် ဘုရား ရှိခိုးဖို့ ထိုင်တုန်း တံခါးသံ လှစ်ခနဲ ဖွင့်သံကြားတော့ စိတ်ထဲ သူပဲထင်လို့ ငဲ့တောင် ကြည့်လိုက်သေးတယ်”

“သမီး အိမ်သာထဲမှာ ရှိနေတဲ့ အချိန်ပေါ့”

“ဟုတ်ပ... ဟုတ်ပ၊ အမေ ဘုရား ရှိခိုးနေတုန်း မြေးလေး အဲ့ အဲ့လုပ်နေတာနဲ့ ထပြီး ပုခက် လွှဲရသေးတယ်၊ သင်းကို မမြင်လို့ စိတ်ထဲ ဘယ်ရောက်သွားလဲ တွေးနေသေးတာ။ ဘုရား ရှိခိုးပြီးမှ သင်း တက်လာတာလေ။ အမေက ခုနက မြင်လိုက်ပါတယ် ဆိုတာကို သူက မဟုတ်ဘူးချည်း ငြင်းတာအေ။ အဲဒီထဲက စိတ်ထဲ မသင်္ကာ ဖြစ်နေတာ။ ဟော မကြာပါဘူး၊ လှေကား အဆင်းအတက် အသံတွေ ကြားရတာပဲ။ အမေလည်း မနေနိုင်လို့ သွားကြည့်တော့ အမလေး အော့နှလုံး နာလိုက် တာအေ။ သူ့အကျင့်လည်း သမီး သိနေတာပဲ။ သူ အိမ်သာ ၀င်ချင်နေတဲ့ အချိန် သမီး ၀င်နေလို့ မထိန်းနိုင် မသိမ်းနိုင် လုပ်ထားတာ နေမှာ။ သေ ချာတာက အမေကိုယ်တိုင် ပြန်တင်ထားတဲ့ ရေခဲသေတ္တာ ပေါ်က တစ်ရှူးတွေ မရှိတော့ဘူး။ ချေးပုံကြီးပေါ်က တစ်ရှူးတွေက အိမ်က တစ်ရှူးတွေပဲပေါ့ သမီးရဲ့ ကဲ”

အမေက ပြောရင်းပင် အော့နှလုံး နာဟန်ဖြင့် တံတွေး သွားထွေး လေတော့၏။ ဖြစ်မှ ဖြစ်ရလေ၊ သူ့ အရင် ရေအိမ်ဝင်မိသော အနီပင် အပြစ်မကင်း ဖြစ်နေပါ ပေါ့လား။ စန်းမူရာ တစ်ယောက်ဟာ အပေါ့အလေး သွားချင်လျှင် အတားအဆီး အထိန်း အသိမ်း မရှိတာ အနီတို့ ခံခဲ့ဖူးပြီ။ တစ်ခါ အနီ့ အမျိုးသား အိမ်သာ ၀င်နေချိန် သူမက အပေါ့သွားချင်သည် ထင့်၊ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ကာ ပြောလည်း မပြောရဲဘဲ မီးဖိုခန်းထဲ ပေါက်ချခဲ့ဖူးသည်။ ပြီးတော့လည်း အလွယ်တကူ ပင် ခြေသုတ်ဝတ်ဖြင့် သုတ်လျက် နောက်ဖေးပြတင်း ပေါက်ဘောင်ပေါ်သို့ တင်လွှား ထားလေ၏။

အနီတို့မှာတော့ မကြုံစဖူး ထူးထူးခြားခြား အဲ့ခနဲ ထွက်လာသော အနံ့ဆိုးကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် ခံစားကြရင်း နောက်ဆုံးမှာ အမျိုးသားက သူ အိမ်သာ ၀င်နေချိန် အပြင်က ကြားရသောအသံ ကို ပုံဖော်ပေးကာ တစ်စုံတစ်ခုဖြင့် တရှဲရှဲ သုတ်နေသံ၊ ပြတင်းပေါက်က အ၀တ်စ၊ အားလုံးကို ဆက်စပ် စဉ်းစား ရင်း သူ ဘာလုပ်ခဲ့သလဲ ဆိုတာ အဖြေရှာလို့ ရသွားခြင်း ဖြစ်သည်။ အားလုံးရင်ဘတ် စည်တီးဖြစ်ကာ ရွံတတ်သော အမေမှာ သူ့ပစ္စည်း မှန်သမျှ နှင့် သူ စားဖို့ သောက်ဖို့ကို စန်းမူရာကို မကိုင်ခိုင်းတော့ သည်မှာ အခု အချိန်ထိပင်။

အနီတို့ တစ်အိမ်သားလုံးကတော့ စန်းမူရာကြောင့် စိတ်ဒုက္ခ ရောက်ကြရတိုင်း အေးသန်းကို သတိရတတ် ကြလေသည်။ တကယ်တမ်း အနီရော အမေပါ အိမ်အကူ ဆိုသည်ကို သက်သာရာ သက်သာ ကြောင်းအတွက် ရှာဖွေခေါ် ယူခဲ့ကြသူများ မဟုတ်။ တစ်သက်လုံး ကိုယ့်ဝန် ကိုယ်ထမ်း ခဲ့သူများသာ ဖြစ်သည်။ အခု သားလေး မွေးဖွားချိန်မှသာ အမေ ကိုယ်တိုင်လည်း ကျန်း မာရေး ချူချာ၊ အနီ ကိုယ်တိုင်လည်း ရုံးအလုပ်၊ အိမ်အလုပ်၊ အမေ့ အလုပ်များနှင့် မနိုင်ရင် ကန်ဖြစ်လွန်း၍သာ အကူတွေ အကက်တွေ တမ်းတ ခဲ့ကြခြင်း ဖြစ်သည်။

အနီ ကိုယ်ဝန် အရင့်အမာ အချိန်မှာပင် ထိုအရေးများကို ကြိုတင် တွက်ဆကာ အိမ်ကို အေးသန်း ရောက်လာ ခဲ့ခြင်းဖြစ်သည်။ လာပို့သော မိတ်ဆွေက နဂိုကတည်းက စကားကုန် ပြောပြီးသား၊ အေးသန်းမှာ အရင်အိမ်မှာ တုန်းက အိမ်ရှင်များ လက်စွပ် ပျောက်ဖူးသော ရာဇ၀င် ရှိသူ ဖြစ်၏။ သို့သော်လည်း လိုအပ်နေသော အချိန်မို့ အနီတို့ အိအဂျိဂျနှင့် ကြေးများနေ ချိန်မရှိ။ အနီ ကိုယ်တိုင်လည်း မေတ္တာတရား၏ အသွားအပြန်ကို ယုံကြည်ကာ ကိစ္စ မရှိဘူး ဟုဆိုပြီး အေးသန်းကို လက်ခံ ခဲ့သည်မှာ မှတ်မှတ်ရရ။

ရောက်ရောက်ချင်းမှာ လည်း “ဟင်းချက်တတ်တယ်” ဆိုသော သူမ စကား ကို ယုံကြည်ကာ ပုစွန်နှင့် အာလူးအိုးကို သူမ လက်ထဲ အပ်ဖြစ်ခဲ့သည်။ အတော်လေး ကြာမှ ၀င်ကြည့်တော့ အိုးနားကပ်ကာ မွှေနေလိုက် သည်မှာ ပုစွန်ရော၊ အာလူး ရော အစအန ရှာမရဘဲ အလုံးအခဲကြီး အဖြစ် ပျစ်နှစ် နေတော့သည်။

အနီမှာ မြင်ရသော မြင်ကွင်းအတွက် ရယ်လိုက်ရ သည်မှာ အူတွေတောင် နာ၏။ အနီ ရယ်နေတာကို အံ့သြတကြီး ကြည့်နေရင်းက အေးသန်းလေးမှာ မျက်ရည်တွေ ကျခဲ့သည်ကို မှတ်မိနေသည်။
အနီက သူ့မျက်ရည် မြင်မှ လန့်ဖျပ်ပြီး-
“ဟဲ့ ဘာဖြစ်တာလဲ သမီး”
ဟုဆိုရာ အရင်အိမ်မှာ သာဆို ဒါမျိုးဖြစ်က အသေ အရိုက်ခံရပြီဟု ပြန်ဖြေချိန် အနီ့ရင်ထဲ ခံစားမှုက နင့်ခနဲ၊ အေးသန်းနှင့် အနီမှာ ရောက် စကတည်းက မေတ္တာတရားက ထိုသို့ နွှယ်ခဲ့ခြင်း ဖြစ်သည်။ အေးသန်း နေသွားစဉ် တစ်လျှောက် အေးသန်းဆိုတာ နာမည်ရင်း ခေါ်ခန်းကို မရောက်ခဲ့ရ။ အနီမှ အစ တစ်အိမ်လုံး သူ့ကို သမီးဟုသာ နာမ်စားသုံး ခေါ်ဖြစ်ခဲ့ပြီး အေးသန်း ကိုယ်တိုင်ကလည်း အနီ့ကိုဆို တီတီ တီတီနှင့် အချစ် ထူးခဲ့တာ ဖြစ်၏။

မနက် မိုးလင်းသည်နှင့် ဖုန်သုတ်ဝတ် တစ်ခုကိုင်ကာ တစ်အိမ်လုံး အနှံ့ ဖုန်သုတ် သန့်ရှင်းရေး လုပ်တာ များ ချိုးခနဲ ချွတ်ခနဲ အသံ မကြားရအောင် ညင်သာတတ် သူဖြစ်ကာ အသန့်အရှင်း ကြိုက်လိုက်တာမှ ကိုယ်က တောင် အောချ ယူရသည့် အဖြစ်။ အေးသန်း အချက်အပြုတ် လက်ရာမှာ ကောင်းလှသည် မဆိုနိုင်သော်လည်း အနီတို့ တစ်အိမ်လုံး သူ့မေတ္တာဖြင့် အရသာ ရှိနေခဲ့ကြတာ ဖြစ်သည်။

အနီတို့မှာ အေးသန်း၏ ကျိုးနွံ အလိုက်သိမှုများကို ခံစားရင်း ပီတိတွေ ဝေနေချိန် အေးသန်းကလည်း အနီတို့ မေတ္တာကို အပြည့်အ၀ ခံလျက် တစ်နေ့တခြား လှသွေးတွေ ကြွယ်ကာ ပြောင်ရောင် လာတော့သည်။ လာသည့် ဧည့်သည်တိုင်းက ဆွေမျိုး လေလား ထင်မှားယူရသည် အထိပင်။ ဒီလို နှစ်ဦးနှစ်ဖက်နေ သားကျနေချိန်မှ အေးသန်းတို့ ရွာမှ အမေ နေမကောင်းဆိုသော သတင်း စကားကြောင့် အေးသန်းမှာ မပြန်ချင်ပြန်ချင် နှင့်ပင် ရွာကို ခဏ ပြန်သွားခဲ့ ခြင်းမှာ အပြီးတိုင် ခွဲဖို့ ဖန်လာ ခဲ့ခြင်းပေပေါ့။

အလှကြီးလှကာ ပြန်လာသော အေးသန်းကို သူ့ရွာမှ ကာလသားများ အကြိုက်ကြီး ကြိုက်ကုန်ကျကာ ထို အခေါက်မှာပင် အေးသန်း ဖူးစာရှင် တွေ့သွားကာ ရန်ကုန်ကို မပြန်နိုင်ဇာတ်ခင်း သွားတော့သည်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်နဲ့သူက ရေစက်က ဒီလောက်ပဲ ပါသည်ကိုး။

အေးသန်းလို ကလေးမျိုးကိုသာ ကြုံခဲ့ဖူးသော အနီတို့ မိသားစုမှာ အေးသန်း နောက် စန်းမူရာ လက်ထက် မှာတော့ သမီးခေါ်ဖို့ နေနေသာသာ စန်းမူရာ ဆိုသော နာမည်ကို ဒေါသဒီဂရီ အတက် အကျမျိုးစုံဖြင့် သံစဉ်ပြောင်းကာ တစ်ယောက်တစ်ပေါက် အော်နေရတော့သည်။

ရောက်ခါစမှာတော့ စန်းမူရာ ဆိုသော နာမည်လေးကို မိဘများ မှည့်တတ်လှချေ ရဲ့ပေါ့။ အံမယ်...သူ့အောက် ညီမလေးများဆို ပန်းသီတာ၊ မန်းကြည်ပြာ ဟုပင် ဆိုခဲ့သေး။ ဟုတ်ကော ဟုတ်ရဲ့ လားမသိ။

အမျိုးသားကတော့- “သူပြောတာများ ယုံလို့ ကွာ”
ဟု ရယ်ချင်သလို ပြောခဲ့ဖူးသည်။

လူကလေးက အခုမှ အမြီးအတောင် ပေါက်စသာ ရှိသော်လည်း ၀ပ်ရှော့မှ သူ သဘောကျနေသော ကောင်လေးကို ခဲလုံးမှာ စာချည်နှောင်ကာ ပစ်ပေးလား ပစ်ပေးရဲ့။ စာပါခဲလုံးက သူ ရည်ရွယ်သော ကောင်လေးထံ မရောက်ဘဲ ပိုင်ရှင်မိန်းမထံ ရောက်တော့ ဒီသတင်းက ကိုယ့်ဆီပြန်ရောက်သည်။ စိတ်ညစ်စရာ ကောင်းလေစွ။

မနက်ခင်း လက်ဖက်ရည်၊ နံပြား၊ အီကြာကွေး ၀ယ်ခိုင်းလျှင် ၀ယ်ခိုင်းသော ဆိုင်မှ စားပွဲထိုးလေးများနှင့် နေ့ချင်းညချင်း ခင်မင်ပတ် သက်မှုတွေက ထွေးရော ယှက်တင်။ ရေသန့်ဆိုင်မှ ရေ သန့်ပို့သော အလုပ်သမား လေးများကတော့ စာရင်းထဲ ထည့်မပြောနှင့်၊ မျက်လုံးချင်း စကား ပြောပြီးသား ဖြစ် နေတတ်၏။

အချစ်ရေးမှာသာ ဆရာကြီး ဖြစ်သော်လည်း ကျန်သော နေရာများမှာတော့ စန်း မူရာတစ်ယောက် မစွံချက်ဟာ ကမ်းကုန်တော့သည်။ ညစ်ပတ် လိုက်သည်မှာလည်း သူစားသမျှ၊ သွားသမျှ၊ ထား သမျှ၊ လုပ်သမျှ အကုန်မျက် စိဒေါက်ထောက်ကာ ကြည့်နေရသည့် အဖြစ်။ အဆိုးတကာ့ အဆိုးဆုံးဟာတော့ ခုလို အပေါ့အလေး ကိစ္စများမှာ အထိန်းအသိမ်း မရှိ ထင်သလို လုပ်ခြင်းများပင်။ ဘယ်လို သန္ဓေစိတ်မျိုးနဲ့များ မွေးဖွား လာခဲ့ပါလိမ့် စန်းမူရာရယ်။

“ဖြောင်း ဖြောင်း ဖြောင်း”

အမေ့ လက်ခုပ်သံကြောင့် အနီ့အတွေးများ ဖြတ်ကာ အမေ ဘယ်သူ့ကို လက်ခုပ်တီး ခေါ်နေလဲ ကြည့်ဖြစ် သည်။ အမေက အသံများပင် ထွက်ကာ “မကြည် မကြည်” လုပ်နေတာမို့ တော်ပါသေးရဲ့၊ ဒီချိန် မကြည် ရောက်လာတာ ကံကောင်းလေစွဟု အနီ တွေးမိ သွားတော့သည်။

မကြည်က အနီတို့ ရပ်ကွက်တွင်းမှာ တိုလီမုတ်စ ဘာခိုင်း ခိုင်းရသည့်သူ။ အခု လည်း အမေက မကြည်ကို ပိုက်ဆံပေးကာ လှေကားက ကိစ္စ ရှင်းခိုင်းပေတော့မည်၊ တော်သေးရဲ့။

“ကလင်..ကလင်.. ကလင်”
ဟော- ဖုန်းသံ။ ဧည့်ခန်းက ဆူညံစွာ မြည်နေသော ဖုန်းကို ကောက်ကိုင်လိုက်တော့- “ဟယ်လို” တစ်ခွန်းသာ အနီပြော ခွင့်ရလိုက်သည်။ တစ်ဖက်မှ မမ၀ါတစ် ယောက် ဘယ်လောက်တောင် ဒေါသတွေ ထွက်နေသည် မသိ။ အသံ တုန်တုန်ရီရီ ဖြင့် တရစပ်ကို ပြောချနေ တော့၏။ အနီ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ ဟုတ်တာပေါ့ မမ၀ါရယ်၊ ဟုတ်တယ် ဆိုတာချည်းသာ တွင်တွင် ထောက်ခံရင်း လူကတော့ စန်းမူရာထံ သွားကာ နားရင်းသာ နာနာ ပြေးအုပ်ချင် နေမိ၏။ မနက် ခင်းကတည်းက မွှေနေသော စန်းမူရာ၏ မီးဟာ မပြီးနိုင် မစီးနိုင်ပါလားကွယ်ရို့။ မ၀ါကြီးကတော့ စိတ်ဆတ်သူပီပီ သူ့သမီး ဘေဘီ မောင်ကို စန်းမူရာဝါဒမှိုင်း လာတိုက်သွားသည့် ကိစ္စ ဒေါ ကြီးမောကြီး ဖြစ်မဆုံးတော့။ ဘာတဲ့၊ အပျိုဆိုတာ ချစ်မယ့် ကြိုက်မယ့်သူ ရှိရသတဲ့။ သူ့မှာတော့ သွားလေရာ အရပ် လေးမျက်နှာ ချစ်သူ ခင်သူများလွန်းလို့ ခါချနေရ သတဲ့။ အသက်အရွယ်ချင်း တူပြီး ဘေဘီမောင်မှာ ချစ်ခင်သူ မရှိတာ အ၀ လွန်နေ၍။ ချစ်မယ့် ခင်မယ့်သူ ရှိအောင် ၀ိတ်လျှော့လိုက်ဟု အကြံ ပေးသွားသတဲ့။ ဒါမှ ချစ်သူ အမြန်ဆုံး ရမည်ဟုပင် စန်းမူ ရာတို့က ပြောသွားသေးသတဲ့လေ။

အနီမှာ ကြားနေသည် ကို ရယ်လည်းရယ်ချင်၊ စိတ်လည်းတိုနှင့် စန်းမူရာ တစ်ယောက်ကတော့ ပျားအုံကို တုတ်နှင့် ထိုးရုံမက တုတ်နှင့် ပါရိုက်ချနေပြီဟု တွေး၏။ မ၀ါက စကားအဆုံး- “နင့်အိမ်ကဟာကို ပြော လိုက်စမ်း၊ သတိ္တရှိ ငါ့အိမ်ဘက်ကို ကူးလာကြည့်စမ်း လို့၊ ဒါပဲ ဒါပဲ”
ဟု ဆိုကာ ဖုန်းကို ဆောင့်ချသွားတော့မှ အနီ တစ်ယောက် ခုနကတည်းက လူးလွန့်နေပြီဖြစ်သော ပု ခက်ထဲက သားငယ်ကို ပြေးပွေ့ ရလေတော့သည်။

အမေနှင့် မကြည်၏ အသံများကတော့ ဖွင့်ထားသော တံခါးမှ နေပြီး တစ်ချက် တစ်ချက် လွင့်လာနေသည်။ နောက်ဖေး မီးဖိုချောင်မှာတော့ ဂျက်စတင်ဘီဘာ၏ သီချင်းကို မြန်မာမှု ပြုကာ သီချင်း တညည်းညည်း လုပ်နေသော စန်းမူရာ၏အသံက မြူးပျပျ။ အဝေးက နားထောင်လျှင်တော့ အင်္ဂလိပ် သီချင်းကို အပီအပြင် ဆိုနေ သည့်အလား ထင်ယောင်မှား။ လုပ်လိုက်ပေတော့ စန်းမူရာ။

၃။
အနီမှာ မြင်လိုက်ရသော မြင်ကွင်းကိုကြည့်ရင်း ပင့်သက်ရှိုက်ဖို သွားရသည်။ စန်းမူရာကို ဈေးလွှတ် လိုက်ပြီးခါမှ နို့ဆီ ကုန်နေတာ သတိရကာ ကိုယ်က နောက်က လိုက်ဝယ်ခြင်းမို့ ဒီမြင်ကွင်းကို ပက်ပင်တိုးခဲ့ခြင်း ဖြစ်၏။ မရွှေချောကတော့ အိမ်က ဘယ်သူမှ လိုက်လာမယ် မထင်၍လား၊ လိုက်လာလည်း ဂရုမစိုက်သည့် သဘောလားတော့ မသိ။ အမှိုက်ကန်ထောင့်မှာ သူ့ အချစ် ဇာတ်လမ်းကို ဆွဲလား ရမ်းလားလုပ်ကာ ရှင်းနေလေသည်။ ဟိုက ဆွဲလားရမ်းလား လုပ်ခြင်းမဟုတ်။ သူကသာ လုပ်နေခြင်း ဖြစ်၏။ ထုလိုက် ရိုက်လိုက် ပြောလိုက် ဆိုလိုက်ဖြင့် တစ်စုံတစ်ခုကို အချေအတင် ရှင်းနေသည့် ပုံပါလား။ နေပါဦး၊ သူ့ဘေးက ကောင်လေး၊ အဲ-ကောင်လေးလည်း မဟုတ်၊ ကောင်ကြီးလည်း မကျသော စကောစက ဒီကောင်ဟာ လမ်းထိပ် က အကြော်ဆိုင်က လူပါလား။

ခက်တော့ ခက်ပြီ။ ဒီအကြော်ဆိုင်က လူသည် လူပျိုမှ မဟုတ်တာကော။ သူ့ ဘေးနားမှာ အမြဲကပ်ပြီး အကြော် ကြော်နေသည့် မိန်းမက ဒီလူ့မိန်းမလေ။ စန်းမူရာတော့ လည်လွန်းသည့်ဘီး ချေးသင့်ပြီလို့ပင် ပြောရတော့မည် ထင်သည်။

အနီမှာ အခြေအနေကို သိချင်စိတ်နှင့်ပင် ခြေလှမ်းကို တမင်နှေးကာ သူတို့ကို အကဲ ခတ်လာချိန် ဟိုလူက စန်းမူရာကို တစ်စုံတစ်ရာ ပြောရင်း ခပ်ကြမ်းကြမ်း တွန်းပစ် ထားခဲ့လျက် နေရာမှ ထွက်သွားတော့သည်။

စန်းမူရာ ယိုင်ခနဲလဲပြို လုမတတ် ဖြစ်သွားချိန် အနီမှာ လန့်မအော်မိအောင် ကိုယ့် ပါးစပ်ကိုယ်ပိတ် ထားရ၏။ ကိုယ့်လက်အောက် ငယ်သားကို တစ်ပါးသူက ဒီလို ရမ်းရမ်းကားကား လုပ်သွားတာ ကျပြန်တော့လည်း စိတ်ထဲ မခံချင်သလို။ အနီမှာ စန်းမူရာကိုပဲ လှမ်းခေါ်ရ မလား၊ “ဟဲ့ ဘာဖြစ်ကြတာ လဲ” ဟုပဲ စပ်စုရမလား တွေဝေနေဆဲ အချိန်မှာပင် စန်းမူရာကတော့ လူနှင့် အသိစိတ် မကပ်သလို ငူငူငိုင်ငိုင်ကြီး ဖြင့် ထိုနေရာမှာ ရပ်မြဲရပ်လျက် အသည်းကွဲ လေဒီ လုပ်ကာ နေတော့သည်။

အနီ့မှာတော့ စိတ်ထွေ ထွေဖြင့်ပင် အိမ်ဘက်လှည့် ပြန်လာရင်း နို့ဆီ ၀ယ်ဖို့လည်း စိတ်မရှိတော့။ အိမ်ရောက်သည့် အချိန်မှာတော့ အနီအရင်ဆုံး ဖောက်သည်ချမိသူမှာ အမေသာ ဖြစ်တော့သည်။ အနီ့ထံမှ သတင်းဦး သတင်းထူး ရသွားသူ အမေ ကတော့ ရင်ဘတ်စည်တီး ဖြစ်ကာ-
“ဒုသနသော၊ ဒုသန သော”
ဟု အော်နေတော့၏။

အမေ့ ဒုသနသောကို ဟိုက ဘယ်လို လုပ်နားလည် နိုင်မှာလဲ။ သူ ပြန်လာလျှင် အနီ ဘယ်လို စကားများဖြင့် ဆုံးမ ရမည်လဲ။ ဘာပဲဖြစ်ဖြစ် ဒီလူဟာ အိမ်ထောင်သည်ဖြစ်ကြောင်း၊ ဒီရပ်ကွက်ထဲက လူများအားလုံး သိကြောင်း၊ ဘယ်လောက်ထိ ပတ်သက်ပြီးပြီလဲ၊ ဘယ် ထိပတ်သက်ဦးမှာလဲ ဆိုတာတွေ မေးမြန်းပြီး ရပ်တန်းက ရပ်ဖို့တားကာ စန်းမူရာကို အမြန်ဆုံး ပြန်ပို့ဖို့က လွဲပြီး တခြားနည်းလမ်း မရှိတော့ဟု အနီ ဆုံးဖြတ်လိုက်တော့ သည်။

ဟော- သူ ဈေးကပြန် လာပြီ။
အနီတို့ သားအမိ တစ်ဦး မျက်နှာတစ်ဦး ကြည့်ရင်း စကားလုံးများ စီထားမိကြ တော့၏။

၎။
ဆရာဝန်က စန်းမူရာကို သေချာ ဆန်းစစ်ကာ အနီနှင့် အမေ့ကို မျက်လုံးတစ်ချက် လှန်ကြည့်သည်။ ထိုအကြည့်ကို အနီ မကြာခဏ မြင်ဖူးလေသည်။ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာ စိတ်ထား မကောင်းသူ၊ ယုတ် ညံ့သူတွေကို ဆုံးမ စကားဆိုသည့် ဇာတ်ကောင်များမှ အနိုင်စီးဖြင့် ကြည့်သော အကြည့်။ မြတ်စွာဘုရား။ အနီတို့ ဘာများ မှားခဲ့ပါလိမ့်။ ဆရာဝန်က ဟန်အပြည့်ဖြင့် ပြောလာသည်။

“အင်း- မိဝေးဖဝေး အလုပ် လာလုပ်တဲ့ သူတွေလေ၊ သက်သက်ညှာညှာလေးတော့ ခိုင်းကြပေါ့ဗျာ။ ကလေးမက အတော် အားနည်းနေတယ်၊ အားလည်း မရှိဘူး။ သူ့ကို နည်းနည်း အနားပေးပြီး အား ရှိအောင် ကျွေးလိုက်ကြပါ။ စိတ်ထိခိုက် လွန်းရင်၊ ဒါမှ မဟုတ် အားနည်းလွန်းရင် ဒီလိုပဲ ရှောခ့်ဖြစ်ပြီး သတိလစ် တတ်ပါတယ်။ တခြား စိုးရိမ်စရာ မရှိပါဘူး”

အမေတော့ မသိ၊ အနီ ကတော့ ဆရာဝန် ထိုစကား ဆိုလိုက်ချိန် ထူထူပူပူကြီး ဖြစ်သွားသည်။ အမေလည်း ဆတ်ခနဲ ဖြစ်သွားကာ ဆရာဝန်ကို တစ်ခုခုပြောမလိုပြုပြီး ခါမှ ဟင်းခနဲ သက်ပြင်းကြီး ချလျက် ဘာမှ အသံထွက် မလာ။ ဆေးခန်းခုတင်ထက် မှာတော့ လောလောဆယ် ချစ်သူကြောင့် အသည်းကွဲ စိတ်ထိခိုက်နေသော၊ ၀မှာစိုးကာ သူ့လခထဲမှ ပိန်ဆေးများ ၀ယ်သောက်ပြီး နားထင် နားရင်းကျအောင်၊ ပိန်အောင် လုပ်ထားသော စန်းမူရာ ကတော့ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် အကယ်ဒမီ ယူနေလေတော့ သည်။
မီမိုး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)

ရူးလောက်အောင်ဆိုး

အရှေ့ကို လျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်......တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားလေးလေး.............ဘုရားလေးလေး။

တိတ်ဆိတ်တဲ့ ညအချိန် ကာလတွေမှာ ဆွေးမြည့်ဖွယ် အသံကြီးနဲ့ ဒီသီချင်းကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆိုတတ်တဲ့ အမျိုးသမီးကြီး တစ်ဦးကို ကျွန်မ ဘ၀မှာ မှတ်မှတ်ရရ ရှိဖူးပါတယ်။ ဒီသီချင်းကို သူဆိုတဲ့ အခါတိုင်း ကျောစိမ့်အောင် ကြောက်ခဲ့ရတဲ့ ကျွန်မရဲ့ ဖီလင်ကို ဘယ်မေ့ပျောက်နိုင်ပါ့မလဲ။ ဒီသီချင်းသံကို တစ်လတစ်ခါ မှန်မှန်ကြားရတတ်ပြီး ကြားရတဲ့ အချိန်ကာလတွေဟာလည်း ညပိုင်းအချိန်တွေပဲ ဖြစ်တတ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် လတစ်လရဲ့ လခထုတ်ရက် ညပိုင်းတွေမှာ ကြားရတတ်တာပါ။

ကျွန်မ ဒီသီချင်း ကြားတိုင်း ကြောက်တတ်တာဟာ သီချင်းကြောင့်လား၊ သူ့အသံနဲ့ ဆိုဟန်ကြောင့်လား၊ ဒီသီချင်းဆုံးတဲ့ အခါမှာ ကြားရတတ်တဲ့ ပေါက်ကွဲ သံစဉ်တွေကြောင့်လား သေသေချာချာ မမှတ်မိပေမယ့် ကျွန်မ နေစရာ မရှိအောင် ကြောက်ခဲ့ တာတော့ အသေအချာပါပဲ။ အဆိုရှင်ဟာ စိတ်မူ မမှန်ဘူး လို့ ကျွန်မ သိထားခဲ့တယ်လေ။ ပြီးတော့ အဆိုရှင်ဟာ ဒီသီချင်းကို ဆိုပြီး တောင်ကုန်းထိပ်က အရာရှိ ရိပ်သာကို ခြေလှမ်း မှန်မှန်နဲ့ တက်သွားတတ်တယ်။ သူ့သီချင်း အဆုံးနဲ့ သူတောင်ကုန်းထိပ်ကို ရောက်တာနဲ့က အမြဲ ကွက်တိကျတတ်တာဟာ တိုက်ဆိုင်မှုလား၊ ဘာလား ဆိုတာ ကျွန်မ မသိပါဘူး။ ဒီလို တိုက်ဆိုင်လို့လည်း သူဟာ ဒီသီချင်းကို စွဲစွဲမြဲမြဲ ဆိုခဲ့လေရော့သလားလို့တော့ တွေးစရာပါ။ သူ့သီချင်း အပြီး တောင်ကုန်းပေါ်ကို အရောက်မှာတော့ “ကိုမြမင်း၊ အို ကိုမြမင်း၊ ဒီနေ့ လခ ထုတ်ပြီလေ။ ရှင် ကျွန်မကို လခလည်း မပေးပါလား။ ရှင်လခ မပေးရင် ရှင့်ကလေးတွေ ကျွန်မ ဘယ်လိုကျွေးမှာ လဲ”ဆိုတဲ့ စကားမျိုးတွေကို အလဲလဲ အကျော့ကျော့ ဆိုရင်း အိမ်တံခါးကိုလည်း ခဲနဲ့ မှန်မှန် ထုတတ်ပါတယ်။

ဒီလို သူလုပ်နေတာဟာ တစ်နာရီလောက် ကြာတတ်ပြီး နောက်တော့ အသံတဖြည်းဖြည်း တိုးသွားလို့ သူလက်လျှော့ ပြန်ဆင်း သွားတတ်ပါတယ်။ တက်လာတုန်းက သီချင်း တကြော်ကြော်နဲ့ တက်လာပြီး သူပြန်ဆင်းသွားချိန်မှာ ဘယ်လို စိတ်ခံစားမှုမျိုးနဲ့များ ဆင်းသွားခဲ့ပါလိမ့်။ ဒီအချိန်ဆိုရင်တော့ ကျွန်မ လည်း အမေ့ ရင်ခွင်ထဲ တိုးဝှက် ပုဝင် နေရတာ ညောင်းလှပြီမို့ အညောင်းအညာ ဆန့်ရပါတော့တယ်။ အိမ်က လူကြီးတွေ၊ အစ်ကို၊ အစ်မတွေ အတွက်တော့ ကျွန်မရဲ့ ကြောက်ရွံ့မှုမှာ ရယ်စရာ ဖြစ်ကောင်း ဖြစ်နေမှာပါ။ လူကြီးတွေရဲ့ ရယ်မော ကျီစယ်မှုတွေကို ကျွန်မပြန် တွေးကြည့်ရင် မှတ်မိ နေသလိုပါပဲ။ ဒါပေမယ့် ဒါဟာ ကျွန်မ ဟန်ဆောင်ကာ မူပိုနေခြင်း မဟုတ်ဘဲ ရင်ထဲ အသည်းထဲက ကြောက်နေတာ ဆိုတာ ငယ်ဘ၀ အမှတ်တရ တစ်ခုပါ။ ကျွန်မ အခု အရွယ် အထိ အဲ့ဒီ ကြောက်ရွံ့မှုကို မမေ့နိုင် ဘဲရှိနေခဲ့တာမို့ အခုအသက် အရွယ်အတွေးနဲ့ သီချင်းရှင်ရဲ့ အဖြစ်ကို ခဏခဏ ဆင်ခြင် ကြည့်မိဖူးပါတယ်။ အကျိုး အကြောင်း တိုက်ဆိုင်တဲ့ အခါမျိုးမှာပေါ့လေ။

တကယ်တော့ အဲဒီ သီချင်းရှင်ဟာ ဒေါ်သိန်းတင် ဆိုတဲ့ အဒေါ်ကြီး တစ်ဦးပါ။ ကျွန်မတို့ရဲ့ အင်မတန် ဝေးလံ ခေါင်သီတဲ့ ဒီမြို့ငယ်လေးမှာ ဒေါ်သိန်းတင်ဆိုရင် မသိသူ မရှိပါဘူး။ သူဟာ မွေးရာပါ စိတ်မူ မမှန်ခြင်း မဟုတ်ဘဲ အသက်ကြီးမှ စိတ်မူ မမှန်ခဲ့တာ ဆိုတာကိုလည်း တစ်မြို့လုံးက သိထားခဲ့ကြပါတယ်။ ကျွန်မလည်း ကလေးဆိုပေမယ့် ဒေါ်သိန်းတင်ရဲ့ အကြောင်းက ဒီမြို့မှာ ပြောစရာ ပါးစပ် ရာဇ၀င်တစ်ခုမို့ အများနည်းတူ သိထားခဲ့ တော့တာပေါ့။ အများနဲ့ ကျွန်မက မတူတာဆိုလို့ ကျွန်မက တိတ်တဆိတ် ဒေါ်သိန်း တင်ဘက်တော်သား ဖြစ်နေ ခဲ့ခြင်းပါပဲ။ ဒါကို အဖေနဲ့ အမေတောင် သိခဲ့မှာ မဟုတ်ပါဘူး။ လေးတန်းကျောင်းသူ အရွယ် ကျွန်မဟာ ဒေါ်သိန်းတင် ဘာကြောင့် ဒီလို ဖြစ်သွားလဲ ဆိုတာကို သိခဲ့ပြီး ချိန်ကစပြီး ဒေါ်သိန်းတင်ကို ကြောက်တာက ကြောက်တာ သတ်သတ်၊ သူ့အတွက် စိတ်မကောင်း ဖြစ်ရတာက သတ်သတ်ဖြစ်နေတာဟာ နည်းနည်းတော့ ထူးဆန်းပါသည်။ ဒေါ်သိန်းတင် ဖြစ်ပုံက ဒီလိုပါ။

ဒေါ်သိန်းတင်ရဲ့ အသက်ဟာ ငါးဆယ်တော့ ကျော်လောက်ရောပေါ့။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ် ထိုင်တတ်တဲ့ အပျိုကြီး တစ်ဦး ဆိုပေမယ့် ရုပ်ရည်ရူပ ကာက ခေရှာပါတယ်။ သူရောင်းတဲ့ အသုပ်က စားဖူးသူတိုင်း အသည်း စွဲစေပေမယ့် သူ့ကိုကျ အသည်းစွဲသူ မရှိတာဟာ ဒီရုပ်ရည်ကြောင့် လည်း ဖြစ်မှာပါ။ ဒီလို အသုပ်သည် အပျိုကြီးကို တစ်နေ့သော အခါမှာ ဖောက်သည် အသစ်တစ်ဦး တိုးလာ ခဲ့ပါတယ်။ သူကတော့ ကျွန်မတို့ ဖေဖေ့ ရုံးကို ပြောင်းရွှေ့ ရောက်ရှိလာတဲ့ အရာရှိငယ် တစ်ဦးဖြစ်တဲ့ ကိုမြမင်းပါပဲ။ ကျွန်မ အခေါ်တော့ ဦးမြမင်း ပေါ့လေ။ တကယ်တော့ ဒီမြို့ငယ်လေးဟာ လမ်းပန်းဆက် သွယ်ရေးအရရော၊ တည်နေရာ အရရော ဘယ်လို ထူးခြား စည်ကားမှုမှ မရှိတဲ့ မြို့လေးပါ။ ဒီမြို့လေးဟာ ဖေဖေတို့ တာဝန်ကျရာ ဌာနဆိုင်ရာ စီမံကိန်းတစ်ခု ရှိနေတာမို့ လှုပ်ရှား အသက်ဝင် နေတာပဲ ဖြစ်ပါတယ်။ ဒါကို မြို့ခံလူတွေကလည်း ကောင်းကောင်းသဘော ပေါက်တဲ့ အတွက် စီမံကိန်းက ၀န်ထမ်းတွေဆိုရင် နေရာပေး ဆက်ဆံ တတ်ကြပါတယ်။ ဒေါ်သိန်းတင်လို ရိုးရိုးသားသား အသုပ်သည် တစ်ဦး အနေနဲ့လည်း ကိုမြမင်းလို တူအရွယ်၊ သား အရွယ် အရာရှိငယ်လေးကို အရေးပေး ဆက်ဆံခဲ့ ရှာတာပေါ့။ ဒါဟာ ဘာများ မှားလို့လဲ။ ကိုမြမင်း အတွက်ဆို သီးသန့် ချန်ထားချင်တယ်။

ကိုမြမင်းကိုဆို စပါယ်ရှယ် လုပ်ပေးတယ်။ ကိုမြမင်း လာမစားသေးရင် ဆိုင်မသိမ်းသေးဘူး။ ဒါတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဖြစ်ရိုး ဖြစ်စဉ် ကဏ္ဍတွေပဲ မဟုတ် ဘူးလား။ ဒါကိုပဲ ဒေါ်သိန်းတင်ရဲ့ ဈေးသည် အသိုက် အ၀န်းကရော၊ ကိုမြမင်းရဲ့ အသိုက်အ၀န်းကရော ကိုမြမင်း ကွယ်ရာမှာ ဒေါ်သိန်းတင်ကို နေ့စဉ်နဲ့အမျှ ကလူ ကျီစယ် ပြုခဲ့ကြသတဲ့။ ဆိုးလိုက်တာနော်။ ဒေါ်သိန်းတင်လို ရိုးရိုးအအ မျက်နှာမွဲ အပျိုကြီးတစ်ယောက် အတွက် ဒီလို အစအနောက်တွေကို စိတ်တို ဒေါသနဲ့ တုံ့ပြန်ဖို့ အခွင့်အရေး ရှိမတဲ့လား။ တဟင်းဟင်း၊ တဟဲဟဲနဲ့ပဲ “မဟုတ်တာတွေရှင်၊ မဟုတ်ရပါဘူး။ မလုပ်ပါနဲ့” ဆိုတဲ့ တောင်မရောက်၊ မြောက် မရောက်စကားတွေကိုပဲ နေ့စဉ်နဲ့ အမျှ ရေလဲသုံးရင်း သူ့ရဲ့ အတွင်းစိတ်တွေဟာ ကိုမြမင်းနဲ့ ယဉ်ပါး သွားခဲ့ပုံရပါ တယ်။ တကယ်ဆို စိတ်ပညာရှင်တွေ၊ စိတ်ရောဂါကု ဆရာဝန်တွေ အနေနဲ့ ဒီလို ဝေဒနာကို ဘယ်လို သတ်မှတ်မလဲ မသိပေမယ့် ကျွန်မ သတ်မှတ်တာကတော့ ရိုးရိုးလေးပါ။ အချွန်နဲ့ အမခံရတဲ့ သနားစရာ ဝေဒနာရှင် ဆိုတာပါပဲ။ ဟုတ်တယ်လေ။ လူတစ်ယောက်ရဲ့ အနားမှာ သူသိပ်မုန်းပါတယ် ဆိုတဲ့ သီချင်း တစ်ပုဒ်ကို နေ့စဉ်နဲ့ အမျှ ဖွင့်ပေးထား ကြည့်ပါ လား။

အဲ့ဒီလူ သီချင်းဆိုချင် စိတ်ပေါ်လာတဲ့ အခါမှာ နှုတ်က ညည်းမိတဲ့ သီချင်းဟာ သူမုန်းပါတယ် ဆိုတဲ့ သီချင်းပဲ ဖြစ်နေတတ်ပါတယ်။ ဒါဟာ မသိစိတ်ရဲ့ယဉ်ပါးမှု ပေါ့။ ဒီလိုပဲ ကိုမြမင်းနဲ့ မဟုတ်နိုင်မှန်း၊ မဖြစ်နိုင်မှန်း သိသိကြီးနဲ့ ထပ်ဖန်တလဲလဲ စနောက်ခံရခြင်းဟာ ဒေါ်သိန်းတင်လို ပညာ အခြေခံမရှိ၊ ဘာသာတရားနဲ့ ကင်းဝေးတဲ့ အပျိုကြီး တစ်ယောက် အတွက် ကောင်းကောင်းကြီး ကတိမ်းကပါး ဖြစ်သွားစေနိုင်တာပေါ့။ ဒီလိုနဲ့ပဲ ဒေါ်သိန်းတင် ဟာ မသိမသာကနေ သိသိ သာသာ ပြောင်းလဲလာပြီး သူနဲ့ ကိုမြမင်းနဲ့ဟာ သက်ဆိုင်တယ်။ သူတို့မှာ မိသား စုလေးရှိတယ် ရယ်လို့ လွဲလွဲ မှားမှားတွေ ယုံကြည်စွဲလမ်း သွားပြီး လစဉ်လတိုင်းရဲ့ လခထုတ် ရက်တွေမှာ ကိုမြမင်းကို သွား၊ သွားရမ်းခြင်းနဲ့ စိတ်ထွက်ပေါက်တွေ လွဲခဲ့ပုံ ရပါတယ်။ နောက်ဆုံးတော့ ကိုမြမင်း ကိုယ်တိုင် ဒီအဖြစ် ကြီးကို ရှက်ရွံ့ ခါးသီးပြီး အထက် လူကြီးကလည်း နားလည်စာနာလို့ ကိုမြမင်းကို ဌာနပြောင်း၊ နယ်ပြောင်း လုပ်ပေးခဲ့ကြပါတယ်။ စာနာ နားလည်မယ့်သူ မရှိဘဲ ဘ၀ပျက် ကျန်ခဲ့တာက ဒေါ်သိန်းတင် ကြီးပဲပေါ့။ ကိုမြမင်း ဒီမြို့မှာ ရှိမှန်း၊ မရှိမှန်းတောင် မသိတော့ဘဲ သူစိတ်ထင်သလို လုပ်ရင်းနဲ့ အများရဲ့အချွန်နဲ့ မမှု ဒဏ်ကို သူ့ဘ၀ မဆုံးမချင်း ခါးစည်းခံပေတော့ပေါ့။

ကျွန်မငယ်စဉ်က ဒေါ်သိန်းတင် အကြောင်းကို မေမေက စကားစပ်မိလို့ ပြောဖြစ်ကြတိုင်း “လူတွေ မကောင်းတာပါ”လို့ ရေရွတ် အဆုံးသတ်တတ်ပါတယ်။ မေမေ ဒီလို ရေရွတ်တိုင်း “ဟုတ်တယ်၊ မကောင်းဘူး” လို့ ကျွန်မစိတ်ထဲ အမြဲ သံယောင်လိုက်မိပေမယ့် နှုတ် ကတော့ ဖွင့်မပြောဖြစ်ပါဘူး။ ကလေးသဘာဝအရ စိတ်မူ မမှန်တဲ့သူဆို ရှေ့မှာရော၊ ကွယ်ရာမှာပါ တုန်နေအောင် ကြောက်တတ်တာမို့ ဒေါ်သိန်းတင်ကြီးကို စာနာပါတယ် ဆိုပေမယ့် ပေါ်တင်ကြီး တော့ မပြောရဲခဲ့ပါဘူး။ အခု လို ကြီးလာတဲ့အချိန်မှသာ မဖြစ်သင့်တဲ့ ကိစ္စပဲလို့ ရဲရဲတွေး ရဲရဲ ပြောရဲလာတာပါ။ ဒီမြို့လေးမှာပဲ ကျွန်မရဲ့နောက်ထပ် ဇာတ်လိုက်ကျော်တစ် ယောက် ရှိပါတယ်။ သူ ကတော့ ဘန်ဂလိုစောင့် ဦးဂျင်မီဆိုတဲ့ လူကြီးပါ။ ဘန် ဂလိုစောင့် တာဝန်ယူထား တယ်ဆိုတော့ သူ့အခြေအနေ က ဒေါ်သိန်းတင်လောက် မဆိုးတာ သေချာပါတယ်။ ဒါပေမယ့် မြို့လေးကလူတွေ ကတော့ သူ့အကြောင်းပြောရင် ခေါင်းကို လက်ညှိုးထိုးပြီး ခါပြတတ်ကြတာမို့ သူလည်း မူမမှန် စာရင်းဝင်ပါပဲ။ ကျွန်မ တို့ ဒီမြို့ကိုရောက်တဲ့အချိန် ကစပြီး ပြောင်းလာတဲ့ အချိန်ထိ ဘန်ဂလိုကို လာတည်းတဲ့ ဧည့်သည် ဆိုတာလည်း မကြုံ ဖူးခဲ့တာမို့ ဦးဂျင်မီကြီး အနေ အစားချောင် ထင်ပါရဲ့။

ညနေ ခင်းတွေ အထူးသဖြင့် ဖေဖေ ရုံးက ပြန်လာလို့ မိသားစု စုံစုံ ညီညီ စကား ပြောနေကြချိန်ဆို ဦးဂျင်မီတစ်ယောက် သူ့ ၀တ်စုံဖြစ်တဲ့ အပေါ်အဖြူ အောက်အဖြူ ၀တ်စုံကို ကျကျနန ၀တ်လာပြီး ရောက်ရောက် လာပါလေရောလား။ အနား ရောက်ပြီဆိုရင်လည်း “လေး စားပါတယ် ဆရာ”ဆိုပြီး တဖျောင်းဖျောင်းနဲ့ ဆလု ရိုက်တော့တာပါပဲ။ သူ့ရဲ့ လေးစားပါတယ်ဆိုတဲ့ စကားကိုလည်း ငါးကြိမ်ပြည့်အောင် အမြဲ ပြောတတ်ပါတယ်။ ဒါ သူ့ရဲ့ ထူးဆန်းတဲ့ အကျင့်ပါ။ ငါးကြိမ်ထက်လည်း မပို၊ ငါးကြိမ်ထက်လည်း မလျော့အောင် သူဘယ်လို ချိန်ဆ ပြောလဲ ကျွန်မ မသိပေမယ့် အမြဲတမ်း လက်ချိုးရေတွက် ထားတိုင်း ငါးကြိမ်ကွက်တိ ပါပဲ။ ဦးဂျင်မီကို သူများ အပြောနဲ့ ကျွန်မ ကြောက်မိ ပေမယ့် တစ်ခါမှတော့ ရမ်းရမ်းကားကား အပြုအမူ အပြောအဆိုတွေ မတွေ့ခဲ့ရဖူး ပါဘူး။ ပုံမှန် မဟုတ်တဲ့ ခပ်ကြောင်ကြောင် အပြုအမူ ဆိုလို့ ခုနက ငါးကြိမ်ပြည့်အောင် အရိုအသေပြုတတ် တာလေးပဲ ပြောစရာ ရှိပါတယ်။ ပျင်းစရာ ကောင်းတဲ့ မြို့ငယ်လေးမှာ ဦးဂျင်မီဟာ ကျွန်မတို့ ကလေးတွေ အတွက် စိတ်လှုပ်ရှားစရာ ပျော်တော် ဆက်တစ်ဦးလည်း ဖြစ်ခဲ့ ပြန်ပါတယ်။ ဒါကတော့ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေ စုပြီး ဦးဂျင်မီကြီးကို သွားသွား ချောင်းကြခြင်းပါပဲ။

ကျွန်မကတော့ အကြောက်ကြီးသူပီပီ အားလုံး ရဲ့နောက်ဆုံးနားလောက်စီမှာ မမီမကမ်းနဲ့ တမော့မော့ပေါ့။ ဒီမှာတင် ဦးဂျင်မီရဲ့ ထူးဆန်း အံ့သြဖွယ် အပြုအမူကို တွေ့ခဲ့ကြရခြင်းပါ။ ဦးဂျင်မီရဲ့ အခန်းလေးက သပ်သပ်ရပ်ရပ် သန့်သန့် ရှင်းရှင်းလေးပါ။ သူ့ခုတင်ဘေးမှာ စာကြည့် စားပွဲလေး တစ်လုံး ရှိပြီး အဲ့ဒီ စားပွဲပေါ်မှာ ဓာတ်ပုံတစ်ပုံ ရှိပါတယ်။ ကျွန်မတို့ ချောင်းကြည့်တဲ့ အခါတွေမှာ မြင်ရတာကတော့ ဦးဂျင်မီဟာ ဒီဓာတ်ပုံလေးကို ကိုင်ပြီး စကားတွေ ပြောလိုက်၊ မျက်ရည်ကျလိုက်နဲ့ ဟန်မူရာပါပါ ဇာတ်စုံခင်း နေတာမျိုးတွေ တွေ့ရတာပါ။ သူစကား ပြောနေပုံဟာ သက်ရှိ လူတစ်ယောက်နဲ့ ပြောနေဘိ အလား အသက်ဝင် လွန်းပါတယ်။ ကျွန်မတို့တွေ အတွက်တော့ ရယ်လည်း ရယ်ချင်၊ ကြောက်လည်း ကြောက်၊ စိတ်ဝင်စားမှုကလည်း အပြည့်နဲ့ ထက်ထက် သန်သန် ချောင်းခဲ့ကြရတာပေါ့။ တစ်ခု ဆန်းတာက ဦးဂျင်မီဟာ ကျွန်မတို့ ချောင်းကြည့်တာကိုလည်း သိသိနေ ခြင်းပါပဲ။ သူ့ဟာသူ ဖီလင် အပြည့်နဲ့ ပြောဆိုနေရင်းက “ဟေ့” ဆိုတဲ့ အသံကြီး ပေးပြီး ကျွန်မတို့ဘက်ကို လှည့်ခြောက်တတ်ပါတယ်။

ဒါဆို ကျွန်မတို့ အဖွဲ့ ပြေးကြ ပေတော့ပေါ့။ အငယ်ဆုံး လည်းဖြစ်၊ အ၀ဆုံးလည်းဖြစ် တဲ့ ကျွန်မပဲ နောက်ဆုံးမှာ အလဲလဲ အပြိုပြို အငိုငိုအယို ယိုနဲ့ပါ။ မှတ်လား ဆိုတော့လည်း မမှတ်ပါဘူး။ နောက် တစ်ခါ သွားချောင်းရင် ပြန် လိုက်တာပါပဲ။ တခြား ကလေးတွေ အတွက်တော့ ဒီအဖြစ်ကို ရယ်စရာ၊ ကြောက်စရာအဖြစ်ထက် ပိုပြီးထူးခံစားနေကြမှာ မဟုတ်ပေမယ့် ကျွန်မ ကတော့ ဦးဂျင်မီ လက်ထဲက ဓာတ်ပုံကို အင်မတန် စိတ်ဝင် စားပါတယ်။ ဒါကြောင့် လည်း ဖေဖေ့ကို အကျိုး အကြောင်းပြောပြပြီး ဒီဓာတ် ပုံက ဦးဂျင်မီနဲ့ ဘယ်လို ပတ်သက်သလဲ၊ ဘယ်သူ့ပုံ လဲဆိုတာ အတင်း မေးကြည့် ခိုင်းမိပါတော့တယ်။ ကျွန်မ ပူဆာလွန်းတာနဲ့ပဲ ဖေဖေက ဘန်ဂလိုကို သွားစစ်တဲ့ပုံနဲ့ ဟိုဒီ ၀င်ကြည့်ရင်း ဓာတ်ပုံကို ကြည့်ပေးခဲ့ပါတော့တယ်။ အိမ်ပြန်ရောက်လာတော့ ဖေဖေ့မျက်နှာက သဘောကျ တဲ့ပုံနဲ့ တပြုံးပြုံး လုပ်ရင်း “တကယ့်လူ ဆိုဖီယာလော ရင်စ်ပုံကို ထောင်ပြီး စိတ်ကူး ယဉ်နေတာပဲ”တဲ့လေ။ ဖေဖေ ပြောပြမှ ဒီဓာတ်ပုံဟာ နိုင်ငံခြား မင်းသမီး အကျော်အမော် တစ်ပါးရဲ့ ပုံဆိုတာ ကျွန်မ သ ခဲ့ရတာပါ။ ဖေဖေနဲ့ မေမေက ဒီအကြောင်း ပြောတိုင်း ရယ်မော သဘော ကျတတ်ပေမယ့် ကျွန်မ အတွက်တော့ ဦးဂျင်မီဟာ ဘာကြောင့်များ ဒီလို ဖြစ်နေရတာလဲ ဆိုတာ မီးခိုး မဆုံး တွေးနေမိပါတော့တယ်။ အဖြစ်မှန်ကိုတော့ မသိခဲ့ရပါ ဘူး။ ဒါဟာ ကျွန်မ ဖေဖေ တာဝန်ကျရာ မြို့ငယ်လေးက ကျွန်မရဲ့ ဇာတ်လိုက်ကျော် များပေါ့။

ကျွန်မ ငါးတန်းနှစ်မှာတော့ ဖေဖေ ရန်ကုန်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရပါပြီ။ ဒါပေမယ့် အကူးအသန်း ကာလမှာ ကျွန်မတို့ ကလေးတွေ ကသီလင်တနိုင်မယ် ဆိုပြီး ကျွန်မတို့ မောင်နှမ တွေကို ဘွားဘွားတို့ ရှိရာ ဧရာဝတီတိုင်း မြို့ငယ်လေး တစ်မြို့ကို ပို့ထားခဲ့ပါတယ်။ ရောက်ပြီး သိပ်မကြာခင်မှာပဲ နေ၀င်ရီတရော အချိန်မှာ ကျွန်မတို့ ခြံပေါက်ဝမှာ လိပ်ပြာလွင့်မတတ် ကြောက်စရာ ကောင်းတဲ့ လူကြီး တစ်ဦးကို ကျွန်မ တွေ့ခဲ့ရတာပါပဲ။ ကျွန်မကိုက ဒီလို လူတွေနဲ့ ရေစက်ပါတယ် ထင်ပါရဲ့။“ဟေ့ မခင်အေး ရှိလား”ဆိုတဲ့ အသံကြီးကလည်း အောင်ပါပေ့။ ကျွန်မ အတွက်တော့ သူ့ မေးခွန်းကို ဖြေဖို့ နေနေသာသာ စုတ်ပြတ်သတ်ပြီး လူရုပ် မပေါ်အောင် ညစ်ပတ်ပေတူး နေတဲ့ ဒီလူကြီးရဲ့အသွင် သဏ္ဌာန်၊ သူ့နဖူး အလယ် တည့်တည့်မှာ ပြည်တွေ တောင်တည်နေပြီ ဖြစ်တဲ့ အနာကြီး၊ သူ့ပါးစပ်က တဂွက်ဂွက်နဲ့ စားနေတဲ့ မာလကာသီးကြီး။ ဒါတွေကိုပဲ ပါးစပ် အဟောင်းသားနဲ့ ကြည့်ရင်း အိမ်ထဲပြန်လှည့် ပြေးချင်နေပေမယ့် ခြေလှမ်းက တစ်လှမ်းတောင် ရွှေ့လို့ မရအောင် ကြက်သေသေ နေခဲ့တော့တာပါပဲ။

တော်သေးတာက အဲ့ဒီ အချိန်မှာပဲ ဘွားဘွားက ဘုန်းကြီးကျောင်းက ပြန်ရောက်လာပြီး သူ့ကို ရင်းရင်းနှီးနှီး ဟန်နဲ့ “ဖိုးထူးရေ နိပ်လားဟေ့”လို့ မေးလိုက်ပါ တယ်။ ဘွားဘွား ဒီလို မေးလိုက်တာနဲ့ ဖိုးထူးကြီးက “နိပ်တယ်ဟေ့ နိပ်တယ်”ဆို ပြီး ဘွားဘွား လှမ်းပေးတဲ့ ပိုက်ဆံကို လှမ်းယူလို့ ထွက်သွား ပါတော့တယ်။ ဒီနောက်ပိုင်းတော့ ကျွန်မ အတွက် ဘွားဘွားတို့မြို့က ဇာတ်လိုက်ကျော် ဖိုးထူးနဲ့ ရင်းနှီးသွားပါပြီ။ ဒီမြို့က လူတွေ အားလုံးဟာ ဖိုးထူးနဲ့ တွေ့တိုင်း “ဖိုးထူး နိပ်လား ဟေ့”ဆိုတာ သူတို့ရဲ့ ပဋိ သန္ဓာရ စကားဆိုတာ ကျွန်မ ကောင်းကောင်း သဘော ပေါက်သွားပါပြီ။ တစ်ခါတလေ ကျွန်မတို့ မောင်နှမ တွေ ကျောင်းသွား၊ ကျောင်းပြန် စက်ဘီးပေါ်ကနေ ဖိုးထူးကို “နိပ်လားဟေ့” လို့တောင် ပျော်ပျော်ပါးပါး နှုတ်ဆက်ရဲတဲ့ အထိ ရဲတင်း လာခဲ့ပါတယ်။ ဖိုးထူး အကြောင်းကို ဘွားဘွားအားတဲ့ အချိန်အခါမှာ ကျွန်မ စိတ်လိုလက်ရ စပ်စုဖူးပါတယ်။ ကျွန်မတို့ မောင်နှမတွေ ရောက်လာမှပဲ စည်စည်ကားကား ဖြစ်သွားတဲ့ ဘွားဘွားက သူ့အနားမှာ ဒီလို ကယုကယင်နဲ့ လာထိုင် စကား ပြောတတ်တဲ့ မြေးမလေးကို ကျေကျေနပ်နပ်နဲ့ပဲ ပြောင်းဖူးဖက် ဆေးလိပ်ကြီး တဖွာဖွာ လုပ်ပြီး ပြောပြခဲ့တာက ဒီလိုပါ။

ဖိုးထူးဟာ အရင်ထဲက ဒီမြို့သားဖြစ်ပြီး ပန်းထိမ် အလုပ်သမား တစ်ယောက် ပါတဲ့လေ။ မိဘ ဆွေမျိုးသားချင်းတွေတော့ မရှိရှာတော့ဘူးလို့ ဆိုပါတယ်။ ဒီလို ဖိုးထူးနဲ့ ဖူးစာဆုံဖို့ ဖြစ်လာတာက တစ်ဖက်ကမ်းကနေ ဆရာမ လာလုပ်တဲ့ မမြလေး ဆိုတဲ့ မူလတန်းပြ ဆရာ မလေးဆိုပဲ။ ဖိုးထူးနဲ့ ဆရာ မလေးက ဟုတ်နေကြရင်း ဆရာမလေးက တက်လမ်း ရှာချင်တော့ တခြားမြို့ တစ်မြို့ကို အဖော်ကောင်းလို့ စီးပွားရှာဖို့ လိုက်သွားသတဲ့။ အဲ့ဒီမြို့မှာပဲ အချစ်သစ် တွေ့ပြီး အိမ်ရာ ထူထောင်လို့ အဆင်ပြေသွားတယ်လို့ ဆိုပါ တယ်။ စီးပွားအတူ သွားရှာတဲ့ အဖွဲ့တွေကတော့ မြို့ကို ပြန်ရောက်လာတဲ့ အခါ ဖိုးထူးကို အဖြစ်မှန် ပြောပြနေရင် စိတ်မကောင်းမှာ စိုးတဲ့ အတွက် သူ့ချစ်သူ ဆရာမလေး ရောဂါ တစ်ခုနဲ့ သေသွားပြီ။ သေခါ နီးမှာ ဖိုးထူးကို နောက်ဘ၀မှာ ပြန်လာတွေ့ဖြစ်အောင် တွေ့မယ်လို့ ပြောသွားတယ် ဆိုပြီး လုပ်ဇာတ် ဆင်ကြသတဲ့။ ပြောတဲ့ သူတွေက သူတို့ ဥာဏ်လေးတွေ တစ်ထွာတစ်မိုက်နဲ့ သက်သာလို သက်သာငြား ပြောခဲ့ကြပေမယ့် ဖိုးထူး အတွက်တော့ ဆရာမလေးကို စွဲလမ်းစိတ်၊ သနားစိတ်နဲ့ နှလုံး ကွဲလေသတည်းပေါ့။

မိသားစုမရှိ၊ နှစ်သိမ့်မယ့်သူ မရှိတဲ့ တစ်ကိုယ်ရေသမား ဖိုးထူး အတွက် တစ်ပတ်ကိုး သီတင်း အိမ်တွင်းအောင်း ခံစားနေရပြီး လူတောထဲ ပြန် တိုးလာချိန်မှာ အပြုအမူ အပြောအဆိုတွေက ပုံမှန် မဟုတ်တော့ပါဘူးတဲ့လေ။ တွေ့တဲ့ လူတိုင်းကို “မမြလေး ငါ့ကိုလာတွေ့တယ်” ဆိုတာ မျိုးတွေ “မမြလေးက ငါ့ အတွက် ရွှေမန်ကျည်းသီးတောင့်တွေ လာပေးသွားတယ်” ဆိုတာမျိုးတွေဖြစ်ကုန်ရင်း သွေးလေချောက်ချားသထက် ချောက်ချားလို့ နောက်ဆုံး ဒီဘ၀ရောက်သွားပါတော့ သတဲ့။ ဇာတ်လမ်းအဆုံးမှာ ဘွားဘွားကတော့ မေမေ့လို “လူတွေ မကောင်းဘူး”လို့ မရေရွတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာတော့“လူတွေ မကောင်းတာပဲ”လို့ မှတ်ချက် ပေးမိခဲ့ပြန်ပါတယ်။ တကယ် ဆို အမှန်တရားကိုသာ ပြော ပြခဲ့ရင် ယောက်ျားတစ် ယောက်အတွက် မခံချင်စိတ်၊ မာနစိတ်နဲ့ ဒီလို အဖြစ်ကို ရောက်ချင်မှတောင် ရောက်မှာလေ။ ဒါတွေဟာ ကျွန်မငယ် ဘ၀ရဲ့ အမှတ်တရ ဖြစ်ရပ်များပဲ ဖြစ်ပါတယ်။

အခု ကျွန်မအသက် သုံးဆယ် ရှိပါပြီ။ ဘွားဘွားလည်း ဆုံးပါးသွားတာ ကြာပြီ ဖြစ်သလို မေမေလည်း လွန်ခဲ့တဲ့ နှစ်က ကွယ်လွန် သွားခဲ့ပါတယ်။ ကျွန်မတို့ မောင်နှမတွေ အကုန်လုံးလည်း ကျွန်မက လွဲလို့ အားလုံး အိမ်ထောင်ရက်သားကျ ကုန်ကြပါပြီ။ ဖေဖေဟာလည်း အစိုးရ၀န်ထမ်း ဘ၀က အငြိမ်းစား ယူပြီး ပြင်ပ ကုမ္ပဏီတစ်ခု ထူထောင်ရင်း အရင့်အရင် အချိန်တွေကထက် အဆများစွာ တိုးတက်ကြီးပွား နေပါပြီ။ ကျွန်မက ဖေဖေ့ အနားမှာ အနီးကပ် ပြုစုစောင့် ရှောက်နေရတဲ့ သမီးတစ်ဦး အဖြစ် တာဝန် ယူရင်းပေါ့။ ဒါဟာလည်း စကား အဖြစ်သာ ပြောတာပါ။ ကျွန်မထက် ဖေဖေ့ကို အနီးကပ် ပြုစုနိုင်သူ တစ်ဦး ရှိနေတာမို့ ကျွန်မ ဖေဖေ့ ကိစ္စများမှာ သိပ်ဝင်ပါစရာ မလိုခဲ့ပါဘူး။

အဲ့ဒီ လူကတော့ ဖေဖေ့ရဲ့ အတွင်းရေးမှူးမလေး ဖြစ်ပြီး ကျွန်မနဲ့ သက်တူရွယ်တူ လောက်ပါပဲ။ အတွင်းရေးမှူး ဆိုတာ အလုပ် ကိစ္စတွေမှာ သာပါရတာလို့ ထင်ထားတဲ့ အတွေးဟာ ကျွန်မရဲ့ခေတ် နောက်ကျနေတဲ့ အတွေးများလား မသိပါဘူး။ ဖေဖေ့ရဲ့ အတွင်းရေးမှူးမလေးကတော့ ဖေဖေ့ အလုပ် ကိစ္စများ သာမက စားရေးသောက်ရေး၊ အ၀တ်အစား၊ ကျန်းမာရေး စသဖြင့် ထောင့်စေ့အောင်ပါ တတ်ပါတယ်။ ဒါကို ဖေဖေကလည်း ကြည်ကြည်ဖြူဖြူ ကျေကျေနပ်နပ်ပါ။ ကျွန်မသာ အတွင်းရေးမှူး လုပ်ခဲ့မယ် ဆိုရင် ဒီလို ကိစ္စမျိုးတွေကို ၀င်လုပ်ပေးဖြစ်မယ် မထင်ပါဘူး။ ခိုင်းလာခဲ့ရင်လည်း စိတ်ဆိုးမိမယ် ထင်ပါတယ်။ အင်း ဒါကြောင့်လည်း နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အတွင်းရေးမှူး မဖြစ်ခဲ့တာ နေမှာပါပဲ။ ထားပါတော့လေ။ ကျွန်မလည်း အရွယ်ရောက်တဲ့ အပြင် အရွယ်တောင်ကျော် လာပြီဆိုတော့ တချို့ ကိစ္စတွေမှာ မသိသလို နေပေးဖို့ အလိုက် သိသိပါပဲ။

ဒီနေ့ကတော့ ဖေဖေ့ရဲ့ ခမ်းနား ကြီးကျယ်စွာ ကျင်းပတဲ့ မွေးနေ့ မင်္ဂလာပွဲကြီးပေါ့။ ကျွန်မတို့ မောင်နှမတွေ အား လုံးလည်း ပွဲတက်သားသမီး များအဖြစ် ပွဲခင်းထဲမှာ ရှိနေကြပါတယ်။ ကျင်းပတာကလည်း စရိတ်စက အကြီးဆုံး နာမည်ကြီး ဟိုတယ်၊ ဖိတ် ထားတာကလည်း နာမည် ကြီး စီးပွားရေးလုပ်ငန်းရှင် ကြီးတွေပါပဲ။ ဖေဖေ ကိုယ်တိုင်ကလည်း အသက်အရွယ်နဲ့ မမျှအောင် နုပျို လန်းဆန်းမှုတွေ အပြည့်နဲ့ ပျော်စရာကြီး ပါ။ အခမ်းအနား စစချင်းမှာ ပဲ ဖေဖေ့မိတ်ဆွေတွေ တစ်ဦး ပြီးတစ်ဦး စင်ပေါ်ကိုရောက် လာပြီး မွေးနေ့ဆုတောင်း စကား ခြွေကြပါတယ်။ တစ် ဦးမက ပြောနေကြတဲ့ စကား တွေဟာ ထပ်သထက်ထပ် လာချိန်မှာ ကျွန်မနားထဲကို ဒီစကား တစ်ခွန်းဟာ မြားတစ်စင်းလို လာလာစိုက်ပါ တော့တယ်။ ဟုတ်တယ်။ သူတို့ အားလုံးဟာ ဖေဖေ့ အတွက် ရည်ရွယ်ပြီး ပြောနေကြတဲ့ စကားတစ်ခွန်း။ ဒါဟာ ဘာသဘောနဲ့ ပြောနေကြတာလဲ။

တကယ်ဆို ကျွန်မ အဖေဟာ ဂုဏ်သရေရှိပြီး သား။ မိသားစု အသိုက်အ၀န်းနဲ့ ငြိမ်းချမ်းပြီးသားသူ တစ်ဦးလေ။ ဒီလို လူတစ်ယောက်ကို စိတ်တွေ ကတိမ်းကပါး ဖြစ်အောင် သူတို့ဘာလို့ ဒီလို ပြောနေကြရတာတဲ့လဲ။ “ကျွန်တော်တို့ရဲ့မိတ်ဆွေ လူပျိုကြီး”တဲ့လား။ ကျွန်မ ဖေဖေဟာ လူပျိုကြီးမှ မဟုတ်တာ။ ရယ်စရာ သဘောနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်ခင်မှု ကျီစယ်တာ ပဲဖြစ်ဖြစ်၊ အနေအထားတွေကို ကြိုမြင်လို့ လမ်းခင်းပေး တာပဲဖြစ်ဖြစ်၊ ဒါတွေဟာ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုကြောင့် မဟုတ်ဘဲ ကာယကံရှင် သူ့ ဘာသာသူ ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ ဘာလို့များ အချွန်နဲ့ “မ” ချင်နေကြတာပါလိမ့်။ ကျွန်မ ဒီပွဲခင်းထဲ ဆက်နေ ချင်စိတ် မရှိတော့ဘူး။ စလင်းဘက် ကောက်ဆွဲပြီး ရုတ်ခနဲ ထထွက်လာတော့ မမက “ဟဲ့ ဘယ်လဲ” လို့ လှမ်းမေးတယ်။ မဖြေဖြစ် ဘူး။ ဖြေချင်စိတ်လည်း မရှိဘူး။ မေမေ့ကိုပဲ စိတ်ထဲက လှမ်းတိုင်တည်မိတယ်။ “မေမေ လူတွေ မကောင်းဘူး။ ဆိုးတယ်”

မီမိုး

ဧ၀တို့၏ ဒဿနများ

ဘုံဘုံ တော်တော် ပိန်သွားသည်။ အမြဲတမ်း ၀၀ဖြိုးဖြိုး ထောင်ထောင် မောင်းမောင်း သူငယ်ချင်း မလေးကို အခုလို သွယ်လျပိန်ကျ သွားတာ မြင်ရတော့ စိတ်ထဲ တစ်ခုခု လိုနေသလို ခံစားမိသည်။


“ပိန်သွားလိုက်တာ မိဘုံရယ်”


“ကောင်းတာပေါ့၊ ပိန်တော့ ပေါ့ပေါ့ပါးပါး ရှိတယ်”


ဖျတ်ခနဲ တုံ့ပြန်တတ်တဲ့ ဉာဉ်လေး ကတော့ မပျောက်မပျက် ရှိနေဆဲ ပါလားမိဘုံ။ စိတ်ထဲမှာ မေးချင်သည့် စကားတွေ အများကြီး ရှိသည်။ မေးလို့ မထွက်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဖြစ်နေမလား စိုးရိမ်ကာ သူ့မျက်လုံးမှ တစ်ဆင့် ရင်ထဲထိ မြင်သာမလား မှန်းကြည့်မိသည်။


မိဘုံက လူလည်မ။ ကြည့်နေမှန်း သိနေကာ မျက်လုံးချင်း ဆုံခွင့်ကို မပေးဘဲ ရေထသောက် လိုက်၊ အဲယားကွန်း ထဖွင့်လိုက်၊ သူ့ စလင်းဘက် ဖွင့်ကာ ဘာတွေ ထုတ်ကြည့်မှန်း မသိ ထုတ်ကြည့်လိုက်နှင့် ရှောင်လွှဲနေသည်။


မိဘုံရယ် နင် ဘယ်လောက်ထိ နေနိုင်မှာ မို့လဲ။ သက်ပြင်းဖွဖွ ချလိုက်ရင်း အခန်းထဲ ခပ်တိုးတိုး ဖွင့်ထားသော ဇော်ဝင်းထွဋ် သီချင်းကို အသံနည်းနည်း မြှင့်လိုက်သည်။ “အဆိုးများ ထဲက အကောင်းလေး တစ်ခုတော့ ရှိနိုင်တယ်။ အမြဲတမ်း ကြီးတော့ ဆိုးမနေ ပါဘူးကွယ် ဘေး ပယောဂကြောင့် နောက်ဆုတ်ရမယ့် အဖြစ်မျိုးလား ကိုယ်မယုံ ပါဘူး ချစ်သူရယ် ခါးခါးသီးသီး ပြောရက်လိုက်တဲ့ သူ့စကားများ” မြတ်စွာဘုရား။ လန့်ဖျပ်သွားသော ရင်ခုန်သံကို ပြန်ထိန်းရင်း မိဘုံကို အံ့အားသင့်စွာ ကြည့်နေမိသည်။ သူထလိုက် သည်မှာ သည်မျှထိ ကြမ်းပုံ မရပါ။ ထလိုက်သည့် အရှိန်ကြောင့် လှုပ်ခါ ယမ်းသွားသော ကုလားထိုင်က စားပွဲကိုထိ၊ စားပွဲ၏ လှုပ်ခါမှုက စားပွဲ ပေါ်တင်ထားသော ရေတကောင်းနှင့် ရေဖန်ခွက်ကို ချလွင် ချလွမ်တွေ မြည်စေကာ ပိုမိုကြမ်းတမ်း သလို ဖြစ်သွားသည် ထင်ပါရဲ့။ သူ သီချင်းကို ဘာလို့များ ထပိတ်လိုက်တာ ပါလိမ့်။


“နင် ဘာဖြစ်တာလဲ မိဘုံ”


“ငါ မခံစား နိုင်ဘူး မိခက်၊ ခုချိန်မှာ ဒီလို သီချင်းတွေ ငါ မကြားချင်ဘူး”


“ဟင် နင်ပဲ ဇော်ဝင်းထွဋ် ကြိုက်လှ ချေရဲ့ဆို”


“လူတွေက ကိုယ်မဟုတ်တာ လုပ်ပြီးရင် ဘေး ပယောဂတွေ ဘာတွေ သိပ်ပြောတာပဲ၊ တကယ်တော့ ကိုယ့်လုပ်ရပ် မဟုတ်မှန်း သိသိကြီးနဲ့ လုပ်ကြတာ၊ ယုတ်မာကြတာ၊ စုတ်ပဲ့ကြတာ”


ပြောရင်းနှင့် အသံတွေ သိသိသာသာ တုန်ခါလာကာ ရှိုက်ငင်တကြီး ငိုချလိုက် တာများ ၀မ်းနည်းပက်လက် ရှိလွန်း လှချေရဲ့။ သူငယ်ချင်း ဆိုတာ အသည်း နှလုံးချင်း ဆက်နေသလား။ သူ့ကိုကြည့်ကာ ကိုယ်တိုင်ပါ မျက်ရည်တွေ တွေတွေကျလို့ လာတော့သည်။


“ငါ သူ့ကို ကွာရှင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီ မိခက်”


အိုး၊ ဗလုံးဗထွေး ရှိုက်ငင်တကြီး ပြောသံ ဖြစ်သော်ငြား လုံးဝနားကြား မလွဲလိုက်ပါ။ ချက်ချင်းကို မျက်လုံးထဲ ပြေးမြင် လိုက်တာက သားလေးနှင့် မီးငယ်လေး၏ ချစ်စဖွယ် ပုံရိပ်လေးများ ဖြစ်သည်။ မိဘုံရယ် နင်လုပ်ချင်တိုင်း လုပ်လို့ ဖြစ်မတဲ့လား။


“မိဘုံ၊ နင် စိတ်လျှော့မှ ရမယ်နော်၊ မီးငယ်လေး သူ့အဖေကို ဘယ်လောက် ချစ်တယ်ဆိုတာ နင်အသိဆုံး”


“ငါသိတယ်၊ မီးငယ်လေးက ငါ့ထက် သူ့အဖေကို ပိုခင်တွယ်တယ်၊ သားကြီးက သူ့အဖေကို ငါ့ထက်ပို အားကိုးတယ်”


ပြောနေရင်း မှာပင် ခုန ကရှိုက်ငင် တကြီး ငိုကြွေးခဲ့ သူမှာ သူ မဟုတ်သလို မိဘုံ ဣနြေ္ဒ ဆယ်နိုင်ခဲ့ပြီ။ မျက်နှာပေါ်မှ မျက်ရည်အကြွင်း အကျန်များကို တစ်ရှူးဖြင့် ကုန်စင်အောင် သုတ်ရင်း နဂိုနေ မျက်နှာထား ရောက်အောင် ဖန်တီး ယူခဲ့လေပြီ။ ဒါမှ မိဘုံ ၏ ပုံရိပ်စစ်စစ် ဖြစ်လေ၏။ ရယ်စရာ ရှိလျှင် အူလှိုက် သည်းလှိုက်ရယ်၊ ရင်ထဲရှိတာ မှန်သမျှ ဟန်မဆောင် တတ်ဘဲ လှစ်ဟပြသူ၊ သူ့ အပေါ် တစိုးတစိ စော်ကား မော်ကြွားပြီဟု ယူဆလျှင်တော့ သဲကြီးမဲကြီး တုံ့ပြန် တိုက်ခိုက်တတ်သူ။ ဒီသူငယ်ချင်းမဟာ ခုဘာတွေ လုပ်ခဲ့၊ ဘာတွေ ဆုံးဖြတ်ခဲ့ ပြီးပါလိမ့်။


“ဘုံ၊ နင် တကယ် ဆုံးဖြတ် လိုက်တာလား၊ စဉ်းစားပါဦးဟယ်”


“နင် ဘာကို စိုးရိမ် နေတာလဲ မိခက်”


“ဟင်း ဟင်း” ဘုံ နာကျင်ခံခက် ဟန်ဖြင့် ရယ်လေသည်။ နားမလည်ပါ။ ရယ်စရာ မပါသော စကား တစ်ခွန်းကို မိဘုံဘာကြောင့် ရယ်နေပါလိမ့်။ ပြီးတော့ ခပ်တိုးတိုး ဆိုလေတာက “နင် တကယ် စိုးရိမ်သင့်တာ ငါ့ကို”တဲ့လေ။ ဘာလဲ။ ဘာတွေ ပြောနေတာလဲ။


“ဟုတ်တယ်၊ ငါ တကယ် ပြောနေတာ၊ နင် စိုးရိမ်ရမှာ ငါ့ကို၊ မီးငယ်လေးရော၊ သားကြီးရော သူ့အဖေ နောက်ကို ငါထည့်လိုက်မှာ၊ ငါက ငါက တစ်ယောက်တည်း ကျန်ခဲ့မှာ”


ကြားလိုက်ရသော စကား တစ်ခွန်းသည် စူးအောင့် နာကျင်စေကာ လူကို အံ့သြမှုကြောင့် ပက်လက်လန် မတတ် ဖြစ်စေ၏။ ဘယ်လို လုပ်လိုက်တာလဲ မိဘုံ၊ နင် ဘယ်လို စိတ်ထားမျိုးနှင့် သည်ဆုံးဖြတ်ချက် ချလိုက်တာလဲ။ မဒ္ဒီ ဒေ၀ီဟာ သူ့ သား၊ သမီးလေးတွေ ဖြစ်သည့် ဇာလီနဲ့ ကဏှာဇိန်ကို ပုဏ္ဏားဆီ လှူလိုက်တော့ သွေးမျက်ရည် ကျသတဲ့။ သွေးမျက်ရည်တဲ့။ နင် သည်အချိန်မှာ သည်စကားလုံး အပေါ် ပိုပြီးခံစား တတ်မှာပါဘုံ။ မိခင် တစ်ဦး၏ ရင်ကွဲ ဝေဒနာသည် မဒ္ဒီဒေ၀ီ တစ်ယောက်တည်းမှာ ရှိတာမှ မဟုတ်တာနော်။ ငါသိပါတယ် ဘုံရယ်။ နင့်ဆုံးဖြတ် ချက်က တစ်ဆိတ်လွန်လွန်း မနေဘူးလား။


“ငါ စဉ်းစားပြီးမှ ဆုံးဖြတ် လိုက်တာပါ။ သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခု အတွက် ငါလိုက်လျော ပေးလိုက်တယ်၊ ဒီအတွက် သားနဲ့ သမီးကိုလည်း သူ တာဝန်ယူ သင့်တယ်။ ငါက မှီခိုလေ၊ ဘာဝင်ငွေမှ မရှိဘဲ ကလေးတွေကို ဘယ်လို သွားစောင့်ရှောက် မလဲ၊ ဒါပေမဲ့ အချိန် တစ်ခုပါ ခက်ရယ်၊ ငါ သူ့ဆီမှာ ကလေးတွေကို ခဏလေး အပ်ထားခဲ့တာပါ၊ ငါ စင်ကာပူ ထွက်မယ်၊ ဟိုမှာ အခြေအနေ ကောင်းတာနဲ့ သားနဲ့ သမီးကို ခေါ်မယ်၊ ငါ့ ဘ၀အတွက် အရေးကြီးဆုံး ရတနာ လေးတွေအတွက် ငါ အစွမ်းကုန် ကြိုးစားမယ်၊ ခဏတော့ လှိမ့်ပိမ့် ခံရမှာပေါ့”


ဘယ်လောက်ပဲ မာန်တင်းသည် ပြောပြော အဖျားခတ် စကားသံ ကတော့ တုန်ခါ နေလေသည်။


“နင် ယောက်ျား မယူနဲ့နော် မိခက်၊ ယောက်ျားတွေ ဘာဆိုတာ ငါ သိသွားပြီ၊ နင့်ကို မသိစေ ချင်ဘူး”


ပြန်ခေါင်းညိတ်ပြ လိုက်မိသည် ထင်၏။ မသိချင်ပါ။ သိရအောင်လည်း အထူးတလည် တစ်ခါမှ မကြိုးစား ဖြစ်ခဲ့။ တစ်ယူသန် အစွန်းရောက် မဟုတ်သော်လည်း ကြောက်တတ်သည့် အထဲတော့ ကိုယ်ပါတာ သေချာသည်။ သည်ချိန်မှာ ဟိုးအရင် ကာလများ ဆီက မီးဖွားခန်းထဲ ၀င်ခါနီး အချိန်ထိ မောင်ရေ၊ မောင်ရေဟု တစာစာ အော်ကာ ပတ်ဝန်းကျင် မျက်စိနောက်အောင် လုပ်တတ်သူ မိဘုံလေးကို သတိရ မိပါသေးတော့။ သူတို့ ထိုအချိန်က တကယ်ချစ်ခဲ့ မြတ်နိုးခဲ့ ကြတာပဲဆိုတာ သေချာ ခဲ့ပါသည်။ ယောက်ျားတန်မဲ့ ရုပ်ရည်ချောမော လှပလွန်းသူ တစ်ယောက်ကို မိဘုံ၏ ချစ်သူအဖြစ် သူတို့ သိခဲ့ချိန် မှာ သူငယ်ချင်းတွေ အားလုံးက မိဘုံတစ်ယောက် ကံထူး လှချေရဲ့ပေါ့။ သူတို့နှစ်ယောက် နှစ်ကိုယ်တူ ဘ၀ ထူထောင်ချိန်၏ အိမ်ထောင်ဦး ကာလများမှာလည်း သဲရေ၊ မောင်ရေဆိုသည့် အဖြစ်ကို နားရှက်ရှက်နှင့် နားထောင်ကြကာ သူတို့ အိမ်ခန်းကျဉ်းလေးထဲ သူငယ်ချင်းတွေပါ အတူရော ပျော်ခဲ့ကြဖူးသည်။ ဒါတွေသည် အခုတော့ ပယောဂ နှောက်လေပြီလား။


မိဘုံ အမျိုးသား၏ ရုပ်ရည်ချောမော ခံ့ညားမှုဟာ သူတို့ အိမ်ထောင် ပြိုကွဲမှု၏ ပယောဂ နံပါတ်တစ်လား၊ အိမ်ထောင်သည်ပါ ဆိုခြင်းကို ပြောထားရက်၊ သိထားရက်နှင့် ရုပ်ရည် တစ်ခုကိုသာ ကြည့်ပြီး လှုပ်ခတ်လာသော မိန်းမရိုင်း လေးဟာ ပယောဂ နံပါတ်နှစ် လေလား။


“နင် ဒီသတင်းတွေ ကြားထားတာ ကြာပြီပဲ မိဘုံ၊ ခုမှ ဘာလို့ ရုတ်တရက်ကြီး ပြတ်သား သွားရတာလဲ”


“မနေ့က သားကြီး ဖျားနေတယ်၊ သူက နိုက်ဂျူတီ ရှိတယ်၊ ခွင့်ယူ လိုက်ပါဆိုတော့ သူကလည်း အေးအေးဆိုပြီး အိမ်မှာပဲ ရှိနေတယ်။ အဲဒါ ဟိုတစ်ယောက်က တိုက်အောက်ထိ ကားနဲ့ လိုက်လာတယ်လေ။ သူ့ကို ဆင်းခဲ့ဖို့ ဖုန်းဆက်ခေါ်တယ်။ ငါလည်း ဒေါသတွေ အရမ်းထွက်ပြီး လှေကားကနေ ဆင်းချသွားတာ လှေကား ထစ်တွေတောင် ဘယ်လို ကျော်မိမှန်း မသိဘူး။ ကားနားလည်းရောက်ရော ဘာမှ မမြင်တော့ဘူး။ ဆင်းခဲ့ဆိုပြီး ဆွဲထုတ် ပါးပိတ်ချ ပစ်လိုက်တော့ ရိုက်ပြီးတဲ့ အခါမှာ သွားပြီဆိုတာ ငါသိလိုက်ပြီ၊ ငါတို့ သားအမိ သုံးယောက်ရဲ့ ဘ၀ကို ဟိုမိန်းမက ပါးတစ်ဖက် အနာခံပြီး လဲသွားပြီ ဆိုတာလေ”


မိဘုံနှင့်သူ စကားတွေ အများကြီး ဆက်ပြောဖြစ်ကြ သေးသည်။ စကားတွေက တောင်ရောက် မြောက်ရောက်။ မဆိုင်သူတောင် လက်ရှိ အခြေ အနေကို စိတ်နှစ်၍ မရတာ။ မိဘုံတစ်ယောက် သူ့ခံစားမှု များကို ဘယ်လို ခက်ခဲစွာ ဖြတ်ကျော် နေပါလိမ့်။ သူ့ စင်ကာပူ ခရီးက အမြန်ဆုံး လွယ်ကူချောမွေ့ အဆင်ပြေမယ် ဆိုသည် တော့ သိနေသည်။ စင်ကာပူမှာ မိဘုံ အမျိုးတွေ အများကြီး။ ပြန်ခါနီး မှာတော့ မိဘုံက စကား တစ်ခွန်းကို သေချာ ပြောသွားခဲ့သည်။ “အချစ်ဆိုတာ လုံးဝယုံကြည် စရာ မရှိဘူး မိခက်”တဲ့။ မိဘုံ စကားကို ယုံကြည် ပေးလိုက်ရန် ခက်ခက်ဝေမှာ အခက်အခဲ မရှိခဲ့ပါ။


၂။


“အစ်မ၊ ညီမနဲ့သူ မနက်ဖြန် လက်မှတ် ထိုးကြမယ်”


ထမင်းဘူးထဲကို စားအံ့ဆဲဆဲ ထမင်းလုတ်ဇွန်း အသာ ပြန်ချမိသည်။ ပင်ကို မျက်နှာကျလေးမှာကိုက အပြုံးရိပ် ပါနေသော သူမ မျက်နှာလေးသည် အခုတော့ ပိုလို့တောင် ပြုံးနေပါပေါ့လား။ ဟုတ်ပါ့မလား။ သူလေးပျော်နေတာ အမှန်တကယ် ခံစားမှု ဟုတ်ပါ့မလား။


“ညီမ ဘယ်လိုမှ မခံစားရ ဘူးလားဟင်”


“သြော်- အစ်မကလည်း၊ သူနဲ့ညီမနဲ့ ဇာတ်လမ်းက ကြာပဲ ကြာလှပြီ ကောဟာ”


ဟုတ်တာပေါ့။ ဇနီးမောင်နှံ ဆိုသော်ငြား သီးသန့်စီ ခွဲနေ ဖြစ်ခဲ့သည်မှာ နှစ်ကာလ ကြာမြင့် လာချိန်တွင် နှစ်ဦးသား မသက်ဆိုင် တော့ပါ ဆိုသည်ကို အတည်ပြုမှု တစ်ခုလုပ်ရန် လိုအပ်သည်ပေါ့။ ရုံးတော်ကို နှစ်ကြိမ်မြောက် သွားရမည့် ခရီးသည် ပျော်စရာ မဟုတ် ဆိုသည်ကို တော့ ကာယံရှင် သူမ ကြိုတင် တွက်ဆပြီး ဖြစ်မှာပါ။


“အစ်မရယ်၊ အရင်က ဗေဒင်တွေ လက္ခဏာ တွေကို ညီမ မယုံတတ်ဘူး။ ကိုယ့်အိမ်ထောင်ရေး ဒီလိုဖြစ်သွား တော့မှ ကိုယ့်မှာ ဒီလိုကံ ပါလာတယ် ဆိုတာ ယုံသွားတယ်”။ ဒီညီမလေး တစ်ခါက ပြောဖူးတဲ့ စကားလေးတွေ။ သူပြောနေစဉ် အချိန်ထဲက မဟုတ် လိုက်တာလို့ ခါးသီး သွားမိပေမယ့် စောဒက မတက်ဖြစ်ခဲ့။ အကျိုး အကြောင်းမဲ့ ငြင်းခုံမှု တွေနဲ့ ညီမလေးနဲ့ သူ့ကြားဘာလို့ အမုန်းပွား မလဲ။ ကံဆိုတာ ပြုလုပ်ခြင်း ပါပဲ ညီမလေးရယ်၊ လူမနိုင် ကံပုံချ နေကြတာပါ လို့ဆိုရင် ညီမလေး ကြိုက်မည် မထင်ပါ။ ကံ တရားကြောင့်လို့ လွှဲချရင်း နဲ့ပဲ သူ့မှာ စိတ်ဖြေရာ ရပါစေတော့။


ဖြူစင် ငယ်ရွယ်သေးသည့် အချိန်မှာ ကတည်းက ချစ်သူ ဖြစ်ခဲ့ကြသော ညီမလေးနှင့် သူ့ချစ်သူသည် လူကြီးများ မျှော်လင့် ထားသည်ထက် စောစီးစွာ အိမ်ထောင် ပြုဖြစ်ခဲ့သည် ကလွဲပြီး သူတို့ တာဝန် သူတို့ ထမ်းခဲ့ကြ သည်ဟု ဆိုသည်မို့ သူတို့မှာ ဘာအပြစ်မှ ရှိမည် မထင်ပါ။ တာဝန်သိတတ် စိတ်ပူတတ်သည့် သီတာဆွေ လေးက သူ့အမျိုးသား ထက်ပိုပြီး ခက်ခဲ ပင်ပန်းစွာ ရုန်းကန် ခဲ့ရသည် ဆိုသော်လည်း သည်အချိန် ကာလတွေမှာ သူတို့ နှစ်ဦး၏ ပျော်ရွှင်စရာ အကောင်းဆုံး အချိန် ကာလများဟု ညီမလေး ပြောပြဖူး လေသည်။ မျက်လုံးထဲမှာ မြင်ယောင် ခံစား၍ ရပါသည်။ သေးသွယ်ပျောင်းနွဲ့ သလောက် စိတ်ဓာတ် ကြံ့ခိုင်သော ညီမလေးက အချစ် တွေ အားလုံး ပုံထားသော သူ့ အမျိုးသား လေးကို အစစ အရာရာ ဦးဆောင်လို့ နှစ်ဦး တစ်ဘ၀ ပုံရိပ်များ ကြည်နူးစရာ ဖြစ်ခဲ့ကြ လိမ့်မည်။ ဒါတွေဟာ တစ်သက်တာ ခိုင်မြဲ လိုက်ပါတော့လားကွယ်။


“သူ စစချင်း မူမမှန် တော့တာ ညီမသိတယ်၊ သိလို့လည်း တားတယ်။ အရမ်း ထူးဆန်းတယ် အစ်မရဲ့။ ညီမက ဒီကိစ္စကို စိတ်ပူစရာ ကိစ္စလို့ မထင်မိဘူး။ မထင်တတ် တာလည်း ဖြစ်မှာပါ၊ ငယ်လည်း ငယ်သေးတာကိုး။ သူ့ကိုလည်း စိတ်မဆိုးဘူး။ သတင်းတွေ ကြားနေတယ်၊ ဆင်ခြင်ပါ ဒီလောက်ပဲ ပြောဖြစ်၊ တားဖြစ်တာ။ တဖြည်းဖြည်းနဲ့ သူက ပိုပို ဆိုးလာတာ၊ ဟိုဘက်ကို စိတ်ကယိုင် နေတော့ ညီမကို သူက အနှောင့်အယှက် တစ်ခုလို့ မြင်လာတယ်။ နောက်ပိုင်း သူ့ စိတ်ထွက်ပေါက် အဖြစ် ညီမကို ကိုယ်ထိလက်ရောက် နှိပ်စက်တဲ့ သဘောတွေ ဖြစ်လာတယ်။ တစ်ခါများ သူပေါက် ထည့်လိုက်တဲ့ ပန်းအိုးက ညီမကို မထိလို့ပေါ့ အစ်မရယ်၊ ထိများထိရင် အသေပဲ၊ အဲတော့မှ တဖြည်းဖြည်း လန့်လာတာ၊ သူဘာဖြစ် သွားတာလဲ ဆိုတာကို အခုအချိန် မှာ အေးအေးဆေးဆေး ပြန် တွေးကြည့်မိတယ်။ ကြည့်ရ တာ ညီမတို့ ရုန်းကန်ရတာကို သူ လန့်သွားတာလား မသိဘူး။ လန့်ရအောင်လည်း ညီမပဲ အစစ အနာ ခံခဲ့တာပါ အစ်မရယ်၊ သူ့ကို မင်းသားလေးလို ကြော့ကြော့လေး ထားတာပါ”


ဒါတွေသည် ညီမလေး စိတ်လို လက်ရရှိလျှင် ပြောပြတတ်သည့် စကားလေးတွေ။ သူ့စကား များကို အကြွင်းမဲ့ ယုံကြည်နေမိသည်။ သေးသွယ် ပျောင်းနွဲ့သလောက် စိတ်ဓာတ် မာကျောသည့် ကောင်မလေး ဆိုသည်ကို လုပ်ငန်းခွင် တစ်ခုတည်း အတူ လုပ်သူမို့ သတိထား ဖြစ်ခဲ့သည်မှာ ကြာပြီ။ လုပ်ငန်းတာဝန် တစ်ခုကို ပေးလိုက်ပြီဆို မပြီးမချင်း ဇွဲခတ်လုပ် တတ်သည်များ သူ့မှာ အချိန် နာရီမရှိ၊ စားချိန်သောက်ချိန် မရှိ။ လူလေးက သေးသလောက် လူထက် နှစ်ပြန်မက ကြီးသည့် စကားလုံး များနှင့် အတွေး အခေါ်တွေ မြင့်မားတတ်သည့် ကလေးမလေးက သူများကို မှီခိုမည့်သူ မဟုတ်ဆိုတာ သေချာသည်ထက် ပိုသေချာလို့ နေပါသည်။


“အစ်မရေ၊ ညီမစိတ်က အရမ်း အံ့သြဖို့ ကောင်းတယ်၊ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးတွေ အကုန်လုံးက ဒီကောင် သိပ်လွန်နေပြီ။ နင် ငြိမ်ခံမနေ နဲ့တော့လို့ ပြောတုန်းကတော့ ကိုယ့်ဘက်က သည်းခံနိုင် စွမ်းအား ရှိသေးတယ် ဆိုပြီး အေးအေးပဲ၊ လစ်မစ်လည်း ကုန်ရော ကိုယ့်အထုပ် ကိုယ်ဆွဲပြီး အိမ်ပေါ်က ဆင်းလာလိုက်တာ တစ်ချက် လှည့်မကြည့်တော့ ဘူးနော်အစ်မ။ ကြည့်ချင်စိတ်ကို မရှိတော့တာ”


ဖြစ်နိုင်ပါသည်။ သူလေး၏ ယခုလက်ရှိ ခံစားမှုသည် လက်တွဲခဲ့ ဖူးသူနှင့် ပတ်သက်လျှင် ရေခဲတမျှ အေးစက်ပြတ်သား နေပြီ ဆိုတာကို အနီးကပ် နေသူမို့ သိနေခဲ့သည်။ သူ့ဘ၀ ဖြစ်စဉ်ကို ပြန်လည် ပြောပြသည့် အခါတိုင်း ပုံပြင်တစ်ပုဒ် ပြောပြ နေသလို အသံ အတက်အကျ အနိမ့် အမြင့်နှင့် ပုံပြောကောင်းသူ တစ်ယောက် အဖြစ်သာ မြင်မိသည်။ ပုံပြင် ဆုံးသည်နှင့် ရွှင်လန်းသော မျက်နှာပေး အပြုံးမျက်နှာ သွက်လက်သော လှုပ်ရှားမှု တို့က လက်ရှိဘ၀ သည်သာ သူ့အာရုံ ၀င်စားရာ၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့သည့် စိတ်ဓာတ် ပြတ်သားသည့် မိန်းကလေး တစ်ဦး၏ ဟန်ပန်အပြည့်။


အံ့သြစရာ ကောင်းသည့် အချက်ကတော့ သူတို့ ခွဲခွာနေခဲ့ ကြချိန် ကတည်းက စပြီး အခု အချိန်ထိ သီတာဆွေ့ အမျိုးသားသည် ဘယ်အမျိုး သမီးကိုမှ တရားဝင် လက်ထပ်ခြင်းမျိုး မပြုခဲ့ ပါတဲ့လေ။ ဒါဟာ အတော့်ကို အံ့သြစရာ မကောင်းပေ ဘူးလား။ သီတာဆွေလေး ကတော့ သည်အဖြစ် အပေါ် ခပ်အေးအေးသာ မှတ်ချက် ပေးလေသည်။ “ယောက်ျားတွေက အပိုင်ရမယ့် ပစ္စည်းဆို ဘာမှ မလိုချင် တတ်ဘူး။ အပိုင်ရတဲ့ ပစ္စည်းကို တန်ဖိုး မထားတတ် ကြဘူး။ ခိုးစားမှ ပိုချိုတယ် ထင်တတ်ကြတာ၊ ညီမပြောတာ ယုံစမ်းပါ အစ်မရယ်”တဲ့။ ခင်မင်ရသည့် ညီမလေး၏ စကားအပေါ် ယုံကြည် ပေးလိုက်ဖို့ ခက်ခက်ဝေ အခက်အခဲ မရှိပါလေ။


၃။


ခက်ခက်ဝေက အပေါင်းအသင်း အပေါ် ခင်မင် သံယောဇဉ် ကြီးသူ ဖြစ်သည်။ တစ်ခုခု ဆိုလျှင် သူတို့ ခံစားရ သကဲ့သို့ ကိုယ်ခံစား ရကာ ခံစားရန် မပြီးနိုင်တော့။ အခုလည်း လတ်တလော ကိုယ့်ရင်ထဲ ဖြစ်ပျက် နေသမျှ အိမ်ပြန်ရောက်လျှင် ပြန် လည်ရင်ဖွင့်စရာဟူ၍ ကြီးကြီး တစ်ဦးသာ ရှိလေသည်။ ကြီးကြီးကတော့ ခက်ခက်ဝေ ပြောသမျှ စိတ်မကောင်းဟန် မျက်နှာပေးနှင့် နားထောင်ပေးကာ သူများအပူ ကိုယ့်အပူ လုပ်လို့ကွယ် ဆိုသော သူ့ လက်သုံး စကားနှင့်သာ နှစ်သိမ့်တတ် လေ၏။ အိမ်မှာက ကြီးကြီးသား ဖြစ်သူ မောင်ဇော်တစ်ယောက် သူ့မင်္ဂလာ ကိစ္စ အဖေ ဖြစ်သူထံ သွားရောက် အသိပေး နေသမို့ ကြီးကြီးနှင့် ခက်ခက်ဝေ နှစ်ဦးတည်း ရှိနေကာ တူအရီးတွေ ပိုလို့ တိုးတိုးဖော် ဖြစ်နေသည်။


မှန်တင်ခုံ ရှေ့မှာရပ်ကာ အတွေးများရင်း ခေါင်းဖြီးနေချိန် နားထဲကို စကားပြောသံ လိုလို ကြားလိုက်ရ သမို့ အံ့သြသွား မိသည်။ စောစောစီးစီး ကြီးကြီး ဘယ်သူနှင့် စကားပြော နေပါလိမ့်ဟု တွေးလိုက်ချိန် ယောက်ျားသံ တစ်သံကို အကြား မောင်ဇော်ပြန်ရောက် နေပြီဟု သိလိုက်ရကာ အခန်း အပြင်ဘက် ခပ်သွက်သွက် ထွက်လာမိသည်။ သူ သွားစဉ်က “နေလိုက်ဦးမယ်” ဟု ပြောသွားသည် မဟုတ်လား။ မောင်ဇော်ကတော့ သူ့ပုံစံ အတိုင်း မျက်ခုံး တစ်ချက်ပင့် နှုတ်ဆက်ကာ အီကြာကွေးနှင့် လက်ဖက်ရည်ကို အားပါးတရ တို့စားလို့ရယ်။ ကိုယ့်အံ့သြ မှုကို ကြီးကြီးကိုပဲ အဖော်စပ် မေးဖြစ်တော့သည်။


“ကြီးကြီး၊ သူသွားတုန်းက နေဦးမယ်လို့ ပြောသွားတာ မဟုတ်လား”


အံ့သြဟန်ဖြင့် အမေးကို ကြီးကြီးက ခေါင်းလေးတစ်ချက် ညိတ်ပြကာ မေးကြည့် ဆိုသည့်ပုံဖြင့် သားဖြစ်သူကို မေးငေါ့ပြလေသည်။


“မောင်ဇော် အဆင်မပြေ ဘူးလား။ ဘာနဲ့ ပြန်လာတာလဲ၊ ရထားနဲ့လား”


“ကားနဲ့၊ အဆင်က ပြေပါတယ်၊ ဘာမပြေစရာရှိလဲ မခက်ရာ လူတွေပဲ အိုသေတော့မယ်”


ကြီးကြီးကတော့ သူ့သားစကား ခပ်ကြမ်းကြမ်း ပြောသည်ကို မကြိုက်ဟန်ဖြင့် “ဟဲ့” ဟု တစ်ချက်ဟန့် လေသည်။ မောင်ဇော်က ပြောချင်ရာ ပြောလိုက်ရသည့် ပမာ အမေဘက်ကို တစ်ချက် လှည့်မကြည့်။ ခက်ခက်ဝေမှာ စကားကို တိုနန့်နန့်ဖြင့် မေးသလောက်ပဲ ဖြေနေသည့် မောင်ဇော်ကိုပဲ အားမရ ဖြစ်ကာ ဆက်မေးရ ပြန်သည်။


“အေးလေ၊ ဒါဆိုဘာလို့ ချက်ချင်း ပြန်လာသေးလဲ။ နင်လက်ထပ်မယ့် ကိစ္စသဘော မတူဘူးတွေ ဘာတွေ လုပ်နေလို့လား”


“ဟား ဟား မခက်၊ ဘိုးတော်က ဒီလောက် စိတ်မ၀င်စား တော့ဘူးဗျ၊ ကျွန်တော်လုပ်ရင် မမှားဘူး ဆိုတာလည်း ယုံပြီးသား။ သားအဖ ချင်းက အေးဆေးပါ။ ဟို အမျိုးသမီး ကလည်း ကျွန်တော့်ကို ဂရုစိုက် ပါတယ်။ ပျာနေတာပဲ၊ ဘာစားမလဲ၊ ဘာချက်ကျွေးရ မလဲဆိုတာ ချည်းပဲ။ တစ်ခုပဲ၊ အဲဒီ တစ်ခုက ကျွန်တော့်ကို အဲဒီအိမ်မှာ တစ်စက္ကန့် တစ်မိနစ်တောင် ဆက်မနေ ချင်တော့အောင် ဖြစ်သွားတာ”


ခက်ခက်ဝေမှာ ပြောရင်း မျက်နှာကြော မာလာသော တစ်ဝမ်းကွဲ မောင်ဖြစ်သူကို ကြည့်ကာ ရင်ထဲမကောင်း ဖြစ်သွားသည်။ တကယ်ဆို သားအဖ ချင်းက အနေဝေး ကြတာ ကြာခဲ့ပြီ။ တွေ့တုန်းကြုံခိုက် ပြေပြေ လည်လည်လေး ဖြစ်စေချင်သည်။ ကြီးကြီးလည်း သူ့သားအပေါ် ဒီအတိုင်း ရှိစေချင် မှာပင်။ အခုတောင် မင်္ဂလာ ကိစ္စ အကြောင်းပြကာ ပြန်ဆုံဖြစ်ကြ သည်မို့ နောင်များ ဘယ်တော့မှ ပြန်ဆုံကြဦး မလဲဆိုတာ မသိ။ ကြီးကြီး၏ မနက်ခင်း ဘုရား ရှိခိုးချိန် လေးတွေမှာ သားအဖတွေ ပြေပြေလည်လည် ရှိစေရန် မေတ္တာပို့ ဆုတောင်းလေးသည် မပြည့်ရှာ ဖြစ်ခဲ့ပြီ ထင်၏။ ခက်ခက်ဝေမှာ စကားသံ ဆက်မလာ ပြန်သည့် မောင်ဖြစ်သူကို “ဘာလို့လဲဟယ်” ဟုသာ ခပ်တိုးတိုး စကားထောက် ဖြစ်သည်။


“သူတို့ အိမ်နားက ကလေး တစ်ယောက်ကို သူတို့က ချစ်လို့ဆိုပြီး ခေါ်ခေါ် ထားတယ်ဗျာ။ ကလေးက ချစ်စရာလေး၊ တစ်နေ့ကျတော့ ကလေးက အိပ်ခန်းထဲက အယ်လ်ဘမ် တစ်ခုကို ယူချ လာတာဗျာ၊ ကျွန်တော်လည်း အဖေတို့ အိမ်မှာ မရှိတဲ့ အချိန်ဆိုတော့ ပျင်းပျင်းနဲ့ ကြည့်လိုက်မိတာ၊ ဘာဓာတ်ပုံတွေ ထင်လဲ။ အဖေနဲ့ ဟို မိန်းမနဲ့၊ ငယ်ငယ်လေးဗျာ။ တော်တော့်ကို ငယ်သေးတယ်၊ သူတို့အတွဲ နေရာမျိုးစုံ၊ ပို့စ်မျိုးစုံနဲ့ ရိုက်ထားတဲ့ ပုံတွေ အယ်လ်ဘမ်ထဲမှာ အပြည့်ပဲ။ ဓာတ်ပုံထဲမှာ အဖေက ကျွန်တော့်လောက်တောင် မရှိသေးဘူး။ ဓာတ်ပုံနောက်က ဒိတ်ကို ကြည့်လိုက်တော့ သူတို့ ဒီဓာတ်ပုံတွေ ရိုက်တဲ့ အချိန်မှာ အမေက ကျွန်တော့် ကိုယ်ဝန်ကို မော်လမြိုင်မှာ ပြန်မွေးနေတဲ့ အချိန် ဖြစ်မယ်ဗျ၊ ကျွန်တော် အိမ်က အယ်လ်ဘမ်ထဲမှာ လည်း ဒီနေရာတွေ တွေ့ဖူး နေတာပဲ၊ အမေ...အမေတို့ နေခဲ့တဲ့ ပြည်က ၀န်ထမ်းအဆောင် လေးမှာလေ၊ အဲ့ဒီနေရာ လေးလည်း ပါတယ်သိလား”


ခက်ခက်ဝေမှာ ဟုတ်လား ဟူသည့်ပုံဖြင့် ကြီးကြီးကို ကယောင်ကတမ်း ကြည့်ဖြစ်သည်။ ကြီးကြီးကတော့ မရယ်မပြုံး မျက်နှာလေးဖြင့် ခေါင်းညိတ်ပြ လေ၏။


“သူတို့က အစီအစဉ် တကျ ဖောက်ပြန် ကြတာပဲဗျ၊ ရင်နာလိုက်တာ မခက်ရာ၊ ခံစားမှုက ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ အမေ့ အတွက်လည်း အရမ်းရင်နာ သွားတယ်။ သူတို့တောင် ငယ်ငယ်လေး တွေဆိုတော့ အမေလည်း ငယ်ငယ်လေးပဲ ရှိဦးမှာလေ မခက်ရယ်၊ ပြီးတော့ ကျွန်တော့်ကို ကိုယ်ဝန် ဆောင်နေတဲ့ အချိန်ဗျ။ ဟို မိန်းမကြီး ကိုလည်း မကြည့်ချင် တော့ဘူး။ အဖေနဲ့လည်း ဆက်မနေ ချင်တော့ဘူး။ ဒါနဲ့ပဲ ပြန်ချလာတာ”


မောင်ဇော်က သူ့ဒေါသကို အီကြာကွေးပေါ် ပုံချ လိုက်ပုံဖြင့် လက်ကျန်အီကြာ ကွေးကို ပန်းကန်ပေါ် ပစ်ချလေသည်။ သုံးယောက်သာ ရှိသည့် လက်ဖက်ရည်ဝိုင်း လေးမှာ ရုတ်တရက် တိတ်ဆိတ်ကာ ဘယ်သူ့ ဘယ်သူ မှ အသံထွက်မလာတော့။ အချိန်တွေ ကြာခဲ့ပြီပဲ မောင်ဇော်ရယ်ဟု ကိုယ်မနှစ်သိမ့် ရက်ပါ။ ကိုယ်တိုင် ခံစားဖူးသော ဝေဒနာ မဟုတ်သော်လည်း သူမတို့ အမျိုးတွေ ကြားမှာတော့ ကြီးကြီး၏ အိမ်ထောင် ပြိုကွဲမှုသည် ဆွေမျိုးတွေကြား ထပ်တူထပ်မျှ စိတ်မကောင်း ဖြစ်ခဲ့ကြရ သည်ပါပဲ။ ခက်ခက်ဝေ အမေ ကိုယ်တိုင်က အစ်မဖြစ်သူရဲ့ အိမ်ထောင် ပြိုကွဲမှု အတွက် မခံချင်ဒေါသများနှင့် အစ်မကို တခြား အမျိုးသားနှင့် အိမ်ထောင်သစ် ထူထောင်ရန် နားချခဲ့သေး ဆိုသည်ကို သူမ ငယ်သေးသော်လည်း မှတ်မိ နေခဲ့ပါသည်။ ကြီးကြီးကတော့ ခဲမှန်ဖူးသော စာသူငယ်လို မောင်ဇော်လေးကို တင်းတင်းပိုက်ရင်း ဟင့်အင်းဆိုတာသာ မပြောင်းမလဲ ဖြေတတ်ခဲ့ တာလည်း မှတ်မိနေပြန်၏။


“နင့်နေရာမှာ ငါသာဆို သူ့ ထက် ဆယ်ဆသာတဲ့သူကို ရအောင်ယူပြမယ်”ဟူသော တစ်နှစ်သာကွာသည့် ညီမ ဖြစ်သူ ခက်ခက်ဝေအမေက မခံချိမခံသာ အပြောအား အနေအေးသော ကြီးကြီးက မတုန်မလှုပ်ပင် နားထောင်နေ တတ်ခဲ့သည့်။ ဘာပဲဖြစ်ဖြစ် သူမကတော့ ကြီးကြီးကို လေး စားအားကျဖွယ် အမျိုးသမီး အဖြစ် အမြဲလို မြင်ခဲ့မိမြဲ၊ သူမ၏ တက္ကသိုလ် သက်တမ်း တစ်လျှောက်မှသည် ယခု လုပ်ငန်းခွင်ဝင်ချိန်ထိ ရန်ကုန် ရှိ ကြီးကြီး တိုက်ခန်းလေး မှာပဲ နေဖြစ် ခဲ့သည်မို့ ခက်ခက်ဝေ အတွက် ကြီးကြီးသည် ဒုတိယ မိခင်ဆိုလည်း မမှားပါ။


“သား တွေ့ခဲ့တဲ့ ပုံတွေဆိုတာ ဟုတ်မှာ၊ အဲဒီတုန်းက မင်းအဖေက နှစ်ဆယ့်တစ် နှစ်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူ့ခေတ်နဲ့ သူတော့ အရာရှိ ဖြစ်နေပြီ ပေါ့ကွယ်။ မြင့်မြင့်မေက အမေတို့ နေတဲ့ အရာရှိ ရိပ်သာ ဘေးခန်းက အရာရှိ တစ်ယောက်ရဲ့ တူမလေ။ မင်းအဖေက အမေ့ကို သဲသဲလှုပ် ချစ်တာတွေ့ပြီး ဒီလို ယောက်ျားမျိုး ရရင် သေပျော် ပါပြီလို့ သူကိုယ်တိုင် ပါးစပ်က ဖွင့်ပြောခဲ့တာ။ ရဲတယ်။ ရဲတာတော့ တော်တော်ရဲတယ်၊ အေးလေ ရဲလို့ပဲ သူများ အိမ်ထောင်ကို ကျူးရဲတာပေါ့။ အဲဒီထဲက သူက မင်းအဖေကို ကြိုက်လိုက်တာ ဆိုတာ ပြောင်းတဲ့ မြို့တိုင်းကို တောက်လျှောက်လိုက်ပြီး နှောင့်ယှက်တော့ တာပဲ၊ ကဲပါ- ဒါတွေ ခေါင်းထဲက ထုတ်လိုက်တော့၊ မီးကို ပြန်မွှေးရင် မွှေးတဲ့သူပဲ ပူတာပေါ့ကွယ်။ စားကြ စားကြ၊ ခက်ခက် တူမကြီး၊ ညည်းရုံး ထမင်းဘူး အမီ ချက်ရဦးမှာ မလား။ အချိန် မဆွဲနဲ့ စားစား”


မောင်ဇော်က လိမ္မာသည်။ အမေက ဆက်မပြော စေချင်ပုံ စကားဖြတ်လေ တော့ သူ့စိတ်သူ ထိန်းကာ တခြား စကားများကို အာရုံပြောင်း ပြောနေ၏။ ကြီးကြီးကလည်း တဖြည်းဖြည်း နီးလာပြီ ဖြစ်သော သူ့သား မင်္ဂလာပွဲ အတွက် လိုအပ်သည့် ကိစ္စများကို ပြောပြ နေပြန်သည်။ သူမမှာသာ တစ်စက်ကလေး စားချင်သောက်ချင် စိတ်မရှိဘဲ စိတ်အတွင်း အူတူတူ။ မောင်ဇော်က ငူငိုင်နေသော သူမကို လှမ်းစလေသည်။


“မခက်၊ မခက်ကော အစီအစဉ် မရှိသေး ဘူးလား။ နောက်ကားက ကျော်တက်ရတာ ရှက်ဖို့တောင် ကောင်းနေပြီဗျာ”


ကြည့်စမ်း၊ ဒါ အစ်မကို သာသာနဲ့ နာနာနှက် လေတာ။ စိတ်ထဲက ဆတ်ခနဲ ဖြစ်ပေါ်သော ခံစားမှုက စကားလုံး အဖြစ် ရုတ်ခြည်းပြောင်းလေ သည်။


“နင်တို့ ယောက်ျားတွေက ကောင်းမှ မကောင်းတာ မောင်ဇော်ရဲ့”


သူမ စကား အဆုံးမှာ ကြီးကြီးက နူးညံသည့် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။ သည်လိုလက်လွတ် စပယ် စကားမျိုးကို ကြီးကြီး မကြိုက်တာ သိသော်ငြား ထိန်းမနေ ချင်တော့။ တကယ်ဆို ဒီလို ခံစားမှုမျိုးကို ခက်ခက်ဝေ အမှန် တကယ်ကို ခံစား နေမိတော့တာ။ ကြည့်လေ ချစ်သော သူငယ်ချင်း မိဘုံ။ ဘယ်မှာများ ယောကျာ်းကောင်းကျိုး ခံစားခဲ့ရ လို့လဲ။ မိဘုံက သေချာပြော သွားသည်။ ယောက်ျားတွေ ဘာဆိုတာ သူသိသွား ပြီတဲ့။ အချစ်ဆိုတာ အယုံအကြည် ရှိစရာ လုံးဝ မကောင်းတဲ့။ နောက် ရုံးက ညီမလေး သီတာဆွေ။ ပျော့ပျောင်း မလိုနှင့် စိတ်ဓာတ်လေး ကြံ့ခိုင်မာကျော လို့သာ တော်တော့သည်။ ကံကောင်းတာ တစ်ချက်က သူ့မှာဘုံ့လို ရင်သွေးများ မရှိ။


သူမ ဘ၀လေးကို အပူအပင် အနှောင့်အယှက် ကင်းစွာ ဆက်လက်ချီတက် နိုင်သည် ဆိုသည့်တိုင် စာအုပ် တစ်အုပ်သာ ဆိုလျှင်ဖြင့် သူ့ဘ၀ စာမျက်နှာကို တစ်ကပဲ ပြန်စချင်မှာ သေချာတာပေါ့။ ညီမလေး အပြောကတော့ ယောက်ျားတွေက အပိုင်ရတဲ့ ပစ္စည်းဆို ဘာမှ မလိုချင် သူတဲ့။ တန်ဖိုးမထား တတ်သူတဲ့။ ခိုးစားသော သစ်သီးကို ပိုချိုတတ် သူများတဲ့။ ကြီးကြီး ကကော၊ ကြီးကြီးက ဘယ်လို မြင်ထားသည်လဲ။ ခက်ခက်ဝေ လူလည်ကျကာ ကိုယ်သိချင် တာကို တစ်ဖက်လှည့်ဖြင့် စကား အစ်လိုက်သည်။


“ဟုတ်တယ်မလား ကြီးကြီး၊ ယောက်ျားတွေ မကောင်းဘူးနော်”


ကြီးကြီး လှစ်ခနဲ တစ်ချက်ပြုံး လေသည်။ ကြီးကြီး အပြုံးကို ဘယ်လို အမည်တပ် ရမည်လဲ။ ခက်ခက်ဝေတို့ ကျောင်းသူဘ၀ စာသင်ခန်း ထဲမှာ စာဖြေတာ မှားလျှင် ဆရာတွေ ပြုံးနေကျ အပြုံးမျိုးနှင့် အနီးစပ်ဆုံး တင်စားရမည် ထင်ပါရဲ့။ ပြီးမှ ကြီးကြီး နှုတ်ဖျားက ဖြည်းညင်းစွာ ထွက်ကျလာသည့် စကား တစ်ခွန်းက မြားတစ်စင်း ပမာ။


“သမီးရယ်၊ ပြောကြကြေးဆို ယောက်ျားတွေ မကောင်းအောင် လှုံ့ဆော်နေ တာကကော ဘယ်သူတွေလဲ”


မြတ်စွာဘုရား၊ ကြီးကြီး ဘယ်လိုကြောင့်များ သည်လို တွေးမိ ခဲ့ပါလိမ့်။ ခက်ခက်ဝေ တုံဏိ ဘာဝေဖြင့် ငိုက်ကျသွားချိန်မှာပဲ ကြီးကြီးက စားပွဲမှ ထသွားလေပြီ။ မောင်ဇော်ကတော့ အစ်မဖြစ်သူ ခံလိုက်ရပြီ ဆိုကာ သဘောတွေ ကျလို့ရယ်။ ခက်ခက်ဝေ အတွေးမှာတော့ သည်တစ်ခါ ဘုံနှင့်တွေ့လျှင်၊ ပြီးတော့ ရုံးမှာ ညီမလေးနှင့် တွေ့လျှင် ကြီးကြီးပြောသော ဒိုင်ယာလော့ခ်ကို ပြန်ပြောပြရင်း “အစွယ်လိုသူ မိဖုရား နှင့် အသွား စေခိုင်းသူ မင်းဧကရာဇ်” ဘယ်သူပို အပြစ်ကြီး သလဲ ဆွေးနွေးကြည့်ဖို့ ကြိုတင်ပြင်ဆင် နေမိသည်။ ဘုံနှင့် ညီမလေးတို့၏ ဒဿန များကို လွယ်လွယ်ကူကူ ယုံကြည် ပေးနိုင်ခဲ့သော ခက်ခက်ဝေမှာ ကြီးကြီး၏ ဒဿန ကိုတော့ အလွယ်တကူ ယုံကြည် ပေးလိုက်ရန် စနိုးစနောင့် ဖြစ်နေသည်။ ဤသည်ပင် မိန်းမသား တစ်ဦး၏ အတ္တလေလား။ ခက်ခက်ဝေ မဆန်းစစ် ချင်တော့ပါ။


မီမိုး


(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)